IS ဂျီဟတ်များက ဆီးရီးယားမြို့တော်ရှိ ၎င်းတို့၏ နောက်ဆုံးခြေကုပ်မှ ဆုတ်ခွာ

IS ဂျီဟတ်များက ဆီးရီးယားမြို့တော်ရှိ ၎င်းတို့၏ နောက်ဆုံးခြေကုပ်မှ ဆုတ်ခွာ
Published 22 May 2018

မေ ၁၆ ရက်က ဆီးရီးယားအလယ်ပိုင်း ဟွမ်ပြည်နယ်တွင် အဓိကရင်ပြင်တစ်ခု၌ ဆီးရီးယားအစိုးရအလံကို လွှင့်ထူနေစဉ် (Photo – AFP)

IS ဂျီဟတ်အဖွဲ့မှ တိုက်ခိုက်ရေးသမားများသည် ဆီးရီးယားမြို့တော် ဒမတ်စကတ်ရှိ ၎င်းတို့၏ နောက်ဆုံးခြေကုပ်နေရာမှ မေ ၂၀ ရက်တွင် စတင်ဆုတ်ခွာခဲ့ရာ ဆီးရီးယား အစိုးရက မြို့တော်အား ခြိမ်းခြောက်နေမှုကို ဖယ်ရှားနိုင်ရန် ပိုမိုနီးကပ်လာခဲ့သည်။ လက်နက်ကိုင် အတိုက်အခံများ၏ လက်ထဲမှ မြို့တော်တစ်ဝိုက်ရှိ နယ်မြေများအား ပြန်လည်သိမ်းယူနိုင်ရန် ဆီးရီးယားသမ္မတ ဘာရှားအယ်အာဆတ်အစိုးရသည်  ပြီးခဲ့သောလများအတွင်း စစ်ဘက်ဆိုင်ရာ ဖိအားပေးမှုနှင့် နေရာရွှေ့ပြောင်းရေး သဘောတူညီချက်များကို ပေါင်းစပ်အသုံးပြုခဲ့သည်။

ပြီးခဲ့သောလတွင် ဆီးရီးယားတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မဟာမိတ်ဖြစ်သော ပါလက်စတိုင်းပြည်သူ့စစ်များက ပါလက်စတိုင်းဒုက္ခသည်စခန်း ယာမုအပါအဝင် ဒမတ်စကတ် တောင်ပိုင်းရှိ ခရိုင်များမှ IS ဂျီဟတ်များအား  မောင်းထုတ်နိုင်ရန် ပြင်းထန်သော ထိုးစစ်တစ်ရပ်ကို ဆင်နွှဲခဲ့သည်။ သီတင်းပတ်များစွာ တိုက်ပွဲများနှင့် သေဆုံးမှုများပြားခဲ့ပြီးနောက် ကျန်ရှိနေသော IS ဂျီဟတ်များသည် ယာမုနှင့် ယင်းနှင့်ကပ်လျက်ရှိ တာဒါမန် ခရိုင်မှ ထွက်ခွာပေးရန်အတွက် သဘောတူညီချက်ရရှိခဲ့ဖွယ်ရှိကြောင်း ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်သည့်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

IS ဂျီဟတ်များသည် ၎င်းတို့၏ ဆွေမျိုး များနှင့်အတူ ထိုဒေသမှ ထွက်ခွာရန် ဘတ်စ်ကားများပေါ်သို့ မတက်မီယာမုရှိ ၎င်းတို့၏ ဌာနချုပ်အား မီးရှို့ပစ်ခဲ့ကြောင်း ထိုစောင့်ကြည့်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ရာမီအဗ္ဗဒယ်ရာမန်က ပြောကြားခဲ့သည်။ ဘတ်စ်ကား ခြောက်စီးသည် အရုဏ်တက်ချိန်တွင် ဆီးရီးယားကန္တာရသို့သွားရန် အရှေ့ဘက်သို့ ဦးတည်ထွက်ခွာခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ သို့သော် လူမည်မျှ ထွက်ခွာခဲ့ကြောင်းကို အတိအကျမသိရဘဲ ဂျီဟတ်များ၏ ဆွေမျိုးအများစုက ရွှေ့ပြောင်းခဲ့ခြင်းဖြစ်ပြီး လက်နက်များမပါဝင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ထို့ပြင် နောက်ထပ်ရွှေ့ပြောင်းရန်အတွက် ယာမုတွင် ဘတ်စ်ကားနှစ်ဒါဇင်ကျော် စောင့်ဆိုင်းနေကြောင်းလည်း အဗ္ဗဒယ်ရာမန်က ပြောကြားခဲ့သည်။

ဆီးရီးယားအစိုးရ မီဒီယာနှင့် ပါလက်စတိုင်းတာဝန်ရှိသူတစ်ဦးကမူ ထိုသဘောတူညီချက်ရရှိခဲ့ကြောင်း သို့မဟုတ် ရွှေ့ပြောင်းမှုများ ပြုလုပ်ခဲ့ကြောင်းကို ငြင်းဆန်ခဲ့သည်။

IS အဖွဲ့သည် ၂၀၁၅ ခုနှစ်နောက်ပိုင်း ဒမတ်စကတ်တောင်ပိုင်းတွင် စတင်လှုပ်ရှားခဲ့ပြီး မကြာသေးမီနှစ်များအတွင် ယာမုမှ တာဒါမန်အထိနှင့် ၎င်းတို့အနီးရှိ ဟာဂျာ အယ်အက်စ်ဝက်နှင့် ကာဒမ်တို့အထိ ချဲ့ထွင်နိုင်ခဲ့သည်။ ယာမုစခန်းသည် ၂၀၁၂ ခုနှစ် နောက်ပိုင်း အစိုးရ၏ ဝိုင်းရံပိတ်ဆို့မှုနှင့် နှစ်ပေါင်းများစွာ ကြာမြင့်သည့် တိုက်ခိုက်မှုများကြောင့် အထူးသဖြင့် ဆီးရီးယားပြည်တွင်း စစ်ပဋိပက္ခအတွင်း အလွန်အမင်းထိခိုက်ပျက်စီးခဲ့သည်။ ထိုစခန်းတွင် တစ်ချိန်က ပါ လက်စတိုင်းဒုက္ခသည် ၁၆၀၀၀၀ အထိနှင့် ဆီးရီးယားဒုက္ခသည်များ နေထိုင်ကြသော်လည်း ယခုအခါ ရာဂဏန်းမျှသာ ကျန်တော့ကြောင်း သိရသည်။

ယခုနှစ်အတွင်း အစိုးရတပ်များ၏ ထိုးစစ်ဆင်မှုများနှင့် သူပုန်များ၏ ခံတပ်ဖြစ်သော အရှေ့ဂိုတာအပါအဝင် နယ်မြေများမှ ဆုတ်ခွာရန် သဘောတူညီချက်များမှတစ်ဆင့် ဒမတ်စကတ်တစ်ဝန်းရှိ ဒေသများမှ အရပ်သားများနှင့် သူပုန်ထောင်ပေါင်းများစွာသည် နေရာရွှေ့ပြောင်းပေးခဲ့ရပြီး ဖြစ်သည်။ ဆီးရီးယားအစိုးရသည် ယခုလ အစောပိုင်းတွင်လည်း ဒမတ်စကတ်တောင်ပိုင်းနှင့် အရှေ့မြောက်ပိုင်းရှိ အတိုက်အခံများ ထိန်းချုပ်ထားသော မြို့များအား ရှင်းလင်းရန် အလားတူနည်းများကို အသုံးပြုခဲ့သည်။

Ref ; AFP

Most Read

Most Recent