နျူကလီးယား ထိပ်ဖူးများနှင့် တိုက်ချင်းပစ်ဒုံးကို ခြောက်လအတွင်း ပြည်ပသို့ ပို့ဆောင်ပေးရန် အမေရိကန်က မြောက်ကိုရီးယားကို တောင်းဆို

နျူကလီးယား ထိပ်ဖူးများနှင့် တိုက်ချင်းပစ်ဒုံးကို ခြောက်လအတွင်း ပြည်ပသို့ ပို့ဆောင်ပေးရန် အမေရိကန်က မြောက်ကိုရီးယားကို တောင်းဆို
Published 18 May 2018

Digital Globe က မေ ၇ ရက်တွင် ထုတ်ပြန်ခဲ့သော ဓာတ်ပုံ၌ ပန်ဂျီရီနျူကလီးယား စမ်းသပ်သည့်နေရာကို တွေ့ရစဉ် (Photo: AP)

နျူကလီးယား ထိပ်ဖူးများ၊ တိုက်ချင်းပစ်ဒုံး (ICBM) တစ်ခုနှင့် အခြားနျူကလီးယား ကုန်ကြမ်းများကို ခြောက်လအတွင်း ပြည်ပသို့ လွှဲပြောင်းပေးရန် အမေရိကန်က မြောက်ကိုရီးယားကို တောင်းဆိုခဲ့ကြောင်း မြောက်ကိုရီးယား ကိစ္စနှင့် အကျွမ်းတဝင်ရှိ သည့်သတင်းရင်းမြစ်များကို ကိုးကားပြီး ဂျပန်သတင်းစာ အဆာဟိက မေ ၁၇ ရက်တွင် ဖော်ပြခဲ့သည်။

ယခုလအစောပိုင်းတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုနှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့ တွေ့ဆုံခဲ့ရာတွင် အဆိုပါ နျူကလီးယားပစ္စည်းများကို မြောက်ကိုရီးယားက ပေးပို့မည်ဆိုပါက ပြုံယမ်းအား အကြမ်းဖက်မှု ဝါဒထောက်ပံ့ သည့်နိုင်ငံစာရင်းမှ အမေရိကန်က ဖယ်ရှားပေးနိုင်ခြေ ရှိသည်ဟု ပွန်ပီယိုက ပြောဆိုခဲ့သည်ဟု ယူဆရကြောင်း အဆာဟိသတင်းစာက ဖော်ပြခဲ့သည်။

အမေရိကန်နှင့် စီစဉ်ထားသည့် ဇွန် ၁၂  ထိပ်သီး ဆွေးနွေးပွဲတွင် ပြည့်စုံသော၊ စစ်ဆေး အတည်ပြုနိုင်ပြီး ပြင်ဆင်၍မရသော နျူကလီးယား လက်နက်ဖျက်သိမ်းမှုကို မြောက်ကိုရီးယားက သဘောတူမည်ဆိုပါက  အမေရိကန်သည် ကင်၏အစိုးရအတွက် အာမခံချက်ပေးရန် စဉ်းစားနေသည်ဟု ထိုသတင်းစာက ဖော်ပြခဲ့သည်။

အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုကို ရန်စမှုတစ်ခုဟု မေ ၁၆ ရက်တွင် မြောက်ကိုရီးယားကရှုတ်ချခဲ့ပြီး တောင်ကိုရီးယားနှင့် အဆင့်မြင့်အရာရှိများ ဆွေးနွေးပွဲကိုလည်း ဖျက်သိမ်းခဲ့သည်။

ဇွန် ၁၂ ရက်တွင် စင်ကာပူ၌ ပြုလုပ်မည့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့အကြား မကြုံစဖူး ထိပ်သီးဆွေးနွေးပွဲကို ဖျက်သိမ်းမည်ဟု မြောက်ကိုရီးယားက ခြိမ်းခြောက်ခဲ့ပြီးနောက် အမေရိကန်နှင့် မြောက် ကိုရီးယားအကြား ပြေလည်အောင် စေ့စပ်ဆောင်ရွက်ပေးမည်ဟု တောင်ကိုရီးယားက မေ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယားနှင့် အမေရိကန်တို့သည် နျူကလီးယား ကင်းစင်ရေးရည်မှန်းချက်ရရှိရန် ကွဲပြားသောအမြင်များရှိကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ကန်ကျန်ဝါက ပါလီမန်တွင် ပြောခဲ့သည်။

မြောက်ကိုရီးယားကို နျူကလီးယား လက်နက်စွန့်လွှတ်ရန် အမေရိကန်က တစ်ဖက်သတ် ဆက်လက်တောင်းဆိုမည်ဆိုပါက ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်မည် မဟုတ်ဟု မြောက်ကိုရီးယားက မေ ၁၆ ရက်တွင် ခြိမ်းခြောက်ခဲ့သည်။