ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း နာဝပ်ဇ်ရှရစ်ဖ်၏ သမီးဖြစ်သူ ပန်ဂျပ်ပြည်နယ်ဝန်ကြီးချုပ်ဖြစ်လာ၊ ပြိုင်ဘက်များက ၎င်းအားသပိတ်မှောက်

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း နာဝပ်ဇ်ရှရစ်ဖ်၏ သမီးဖြစ်သူ ပန်ဂျပ်ပြည်နယ်ဝန်ကြီးချုပ်ဖြစ်လာ၊ ပြိုင်ဘက်များက ၎င်းအားသပိတ်မှောက်
ပန်ဂျပ်ပြည်နယ်ဝန်ကြီးချုပ်သစ်ဖြစ်လာသည့် မာရီယမ်နာဝပ်ဇ်ကို ဖေဖော်ဝါရီ ၂၆ ရက်က တွေ့ရစဉ်(Photo: AP)
ပန်ဂျပ်ပြည်နယ်ဝန်ကြီးချုပ်သစ်ဖြစ်လာသည့် မာရီယမ်နာဝပ်ဇ်ကို ဖေဖော်ဝါရီ ၂၆ ရက်က တွေ့ရစဉ်(Photo: AP)
Published 27 February 2024

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း နာဝပ်ဇ်ရှရစ်ဖ်၏ အကြီးဆုံးသမီးဖြစ်သူသည် ဖေဖော်ဝါရီ ၂၆ ရက်က ပါကစ္စတန်အရှေ့ပိုင်း၊ ပန်ဂျပ်ပြည်နယ်၏ ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။

သူသည် ပါကစ္စတန်၏ ပထမဆုံးအမျိုးသမီး ပြည်နယ်ဝန်ကြီးချုပ်လည်းဖြစ်သည်။ ၎င်း၏ပြိုင်ဘက်များကမူ အာဏာပိုင်များသည် ဆွေမျိုးကောင်းစားရေးဝါဒကို ကျင့်သုံးနေသည်ဟု စွပ်စွဲခဲ့ပြီး ပြည်နယ်လွှတ်တော် အစည်းအဝေးမတက်ဘဲ သပိတ်မှောက်ခဲ့သည်။

အသက် ၅၀ အရွယ် မာရီယမ် နာဝပ်ဇ်သည် လွှတ်တော်တွင် ထောက်ခံမဲ ၂၂၀၊ ကန့် ကွက်သူမရှိဘဲ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် အတည်ပြုခံခဲ့ရပြီး ဆွန်နီအစ်တီဟက်ဒ်ကောင်စီက အဆိုပြုသည့် ပြိုင်ဘက်ဖြစ်သူ ရာနာအက်ဖ်တက်ကို အနိုင်ရခဲ့သည်။ ရာနာသည် ထောင်ဒဏ်ကျခံနေရသည့် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း၏ မဟာမိတ်တစ်ဦးဖြစ်သည်။

ခန်းကိုထောက်ခံသည့် အတိုက်အခံလွှတ်တော်အမတ်များက အမတ်ဦးရေ ၃၇၁ ဦးရှိ ပန်ဂျပ်လွှတ်တော်၏ ဖေဖော်ဝါရီ ၂၆ ရက် အစည်းအဝေးကို တက်ရောက်ခြင်းမပြုဘဲ သပိတ်မှောက်ခဲ့သည်။

ထို့နောက် နာဝပ်ဇ်သည် နိုင်ငံအရှေ့ပိုင်း လာဟိုးမြို့ရှိ ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ ရုပ်သံမှထုတ်လွှင့်ခဲ့သည့် အဆိုပါအခမ်းအနားတွင် ၎င်းနှင့်အတူ ၎င်း၏မိသားစုဝင်များကိုလည်း မြင်တွေ့ခဲ့ရသည်။

အမျိုးသမီးများနှင့် လူနည်းစုများအတွက် သီးသန့်ဖယ်ထားသည့် လွှတ်တော်အမတ်နေရာအချို့ကို ကြေညာရခြင်းမရှိသေးချိန်တွင် နာဝပ်ဇ်အားရွေးကောက်တင်မြှောက်ခြင်းသည် ပုံမှန်ထက်အချိန်စောနေ သည်ဟု ၎င်း၏ပြိုင်ဘက်ဖြစ်သူ အက်ဖ်တက်က ဝေဖန်ခဲ့သည်။

၎င်းကို ရွေးကောက်တင်မြှောက်ခြင်းသည် အာဏာရလာချိန်တိုင်း ၎င်း၏ဆွေမျိုးများနှင့် မိတ်ဆွေများကို ထိပ်ပိုင်းရာထူးများအတွက် ရွေးချယ်ခန့်အပ်လေ့ရှိသော ၎င်းမိသားစု၏ ဆွေမျိုးကောင်းစားရေးဝါဒကျင့်သုံး သည့် သာဓကတစ်ခုပင်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ယခင်က နာဝပ်ဇ်၏ ဝမ်းကွဲမောင်နှမတော်စပ်သည့် ဟမ်ဇာရှာဘတ်ဇ်သည်လည်း ပန်ဂျပ်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည်။

၎င်းအား မဲပေးခဲ့သူများကိုသာမက မဲမပေးခဲ့သူများ၏ အကျိုးအတွက်လည်း သာတူညီမျှ သယ်ပိုးထမ်းရွက်မည်ဖြစ်ကြောင်း နာဝပ်ဇ်က ပြောကြားခဲ့သည်။ ၎င်း၏နှလုံးသားနှင့် ရုံးခန်းက အတိုက်အခံများအတွက်လည်း တံခါးဖွင့်ထားဆဲဖြစ်ကြောင်း နာဝပ်ဇ်ကပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၈ ရက် ပါလီမန်ရွေးကောက် ပွဲအပြီးတွင် ၎င်း၏ဖခင်နာဝပ်ရှရစ်ဖ်၏ ပါကစ္စတန် မွတ်စလင်အဖွဲ့ ချုပ်ပါတီ(PLM-N)သည် အောက်လွှတ်တာ်ဖြစ်သည့် အမျိုးသားလွှတ်တော်နှင့် ပန်ဂျပ်ပြည်နယ်လွှတ်တော်တို့ တွင် အင်အားအကြီးဆုံးပါတီဖြစ်လာခဲ့ခြင်းကြောင့် ၎င်းအား ပြည်နယ်ဝန်ကြီးချုပ်အဖြစ်တင်မြှောက်လိမ့်မည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယူဆခံထားရသည်။

PLM-N ပါတီသည် ခန်းကိုထောက်ခံသည့် ကိုယ်စားလှယ်လောင်းများထက်နောက် ကောက်ကျနေခဲ့သော်လည်း ဖေဖော်ဝါရီ ၂၃ ရက်တွင် အမျိုးသမီးများအတွက် သီးသန်ဖယ်ထားသည့် အမတ်နေရာ ၆၀ အနက် နေရာ ၂၀၊ လူနည်းစုများအတွက် သီးသန့်ဖယ်ထားသည့် အမတ်နေရာ ၁၀ နေရာအနက် ၄ နေရာ၊ စုစုပေါင်း ၂၄ နေရာ ထပ်မံရရှိပြီးနောက် ရွေးကောက်ပွဲတွင် တစ်ပါတီတည်းမှ အမတ်နေရာအများဆုံးရရှိသည့် ပါတီဖြစ်လာခဲ့သည်။              

Ref: AP

Most Read

Most Recent