ဆီးရီးယားရှိ အီရန်တပ်ဖွဲ့ဝင်များကို အစ္စရေးက စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရန် ကမ္ဘာ့ခေါင်းဆောင်များ တိုက်တွန်း

ဆီးရီးယားရှိ အီရန်တပ်ဖွဲ့ဝင်များကို အစ္စရေးက စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရန် ကမ္ဘာ့ခေါင်းဆောင်များ တိုက်တွန်း
Published 12 May 2018

အစ္စရေးသိမ်းယူထားသော ဂိုလန်ကုန်းမြင့်ရှိ ဆီးရီးယားနယ်စပ်အနီး အစ္စရေး၏ စွယ်စုံသုံး ဒုံးပစ်ယာဉ် M270 Menatetz ကို တွေ့ရစဉ် (Photo: AFP)

ဆီးရီးယားရှိ အီရန်တပ်ဖွဲ့ဝင်များကို  အစ္စရေးက လေကြောင်းတိုက်ခိုက်ခဲ့မှုနှင့် ပတ်သက်ပြီး အစ္စရေးနှင့် အီရန်အကြား မကြုံစဖူး ပဋိပက္ခဖြစ်မှုကို မီးကုန်ယမ်းကုန် စစ်ပွဲဖြစ်နိုင်ခြေနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်သည့် ကမ္ဘာ့ခေါင်းဆောင်များက ထိန်းထိန်း သိမ်းသိမ်းလုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။ နှစ်နိုင်ငံစလုံးကမူ ဒေသတွင်းပဋိပက္ခဖြစ်မှုကို ရှောင်ရှားလိုသည်ဟု ပြောကြားခဲ့သည်။

အစ္စရေးက ၎င်း၏တပ်ဖွဲ့ဝင်များကို အီရန်က ဒုံးကျည်ဖြင့်ပစ်ခတ်မှုကို လက်တုံ့ ပြန်မှုအဖြစ် မေ ၁၀ ရက်တွင် ဆီးရီးယားရှိ အီရန်တပ်ဖွဲ့ဝင်များကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများ ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်ခဲ့ပြီးနောက် မေ ၁၁ ရက်တွင် နောက်ထပ် စစ်ရေးတိုက်ခိုက်မှု ဖြစ်လာနိုင်ခြေရှိမှုနှင့်ပတ်သက်ပြီး အားလုံးက  စောင့်ကြည့်ခဲ့ကြသည်။

သီတင်းပတ်များစွာ တင်းမာခဲ့ပြီး သမိုင်းဝင် ၂၀၁၅ အီရန် နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက်ရန် အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ဆုံးဖြတ်ခဲ့ပြီးနောက် ဆီးရီးယားနှင့် အစ္စရေး အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ဗုံးကြဲ တိုက်ခိုက်မှုဖြစ်ပြီးနောက် ရုရှား၊ ပြင်သစ်၊ဂျာမနီ၊ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့ က ထိန်းထိန်းသိမ်းသိမ်းရှိကြရန် တောင်းဆိုခဲ့သော်လည်း အမေရိကန်ကမူ အီရန်ကို တိုက်ရိုက်အပြစ်တင်ခဲ့ပြီး အစ္စရေးတွင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခွင့်ရှိသည်ဟု   အလေးအနက်ထား ပြောကြားခဲ့သည်။

အစ္စရေးသိမ်းပိုက်ထားသည့် ဂိုလန်ကုန်းမြင့်သို့ ဒုံးကျည်ဖြင့်ပစ်ခတ်မှုကို ရှုတ်ချမှုတွင် ဂျာမနီနှင့် ဗြိတိန်တို့က အမေရိကန် နှင့် ပူးပေါင်းခဲ့ကြပြီး ယင်းပစ်ခတ်မှုကို

အီရန်က လုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။ ပြင်သစ်ကမူ အစ္စရေး၏လုံခြုံရေးအတွက် ၎င်း၏ မဆုတ်မနစ် ကူညီပံ့ပိုးပေးမှုကို ထပ်လောင်းပြောကြားခဲ့သည်။

အီရန်သည် အကန့်အသတ်ကို ကျော်ခဲ့ကြောင်း၊ ဆီးရီးယားရှိ ပစ်မှတ်များကို ဗုံးကြဲတိုက်ခိုက်မှုသည် အကျိုးဆက်တစ်ခုဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပြောကြားခဲ့သည်။

အီရန်သမ္မတ ဟက်ဆန်ရိုဟာနီက ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်ကို ဖုန်း ဖြင့် ပြောကြားရာတွင်  အရှေ့အလယ်ပိုင်းတွင် တင်းမာမှုအသစ်များဖြစ်မည်ကို မိမိက မလိုလားဟု ပြောကြားခဲ့သည်။ ရိုဟာနီက ဆီးရီးယားကို အစ္စရေး၏ တိုက်ခိုက်မှုများ နှင့် အစ္စရေးသိမ်းပိုက်ထားသည့် ဂိုလန်ကုန်း မြင့်ကို ၎င်းတို့၏ တိုက်ခိုက်မှုအကြောင်းကိုမူ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။

သို့သော် အီရန်ပါလီမန်၏ နိုင်ငံခြားရေးရာ ကော်မတီဥက္ကဋ္ဌ Allaeddine Boroujerdi က လေကြောင်းတိုက်ခိုက်မှုများကို ရှုတ်ချခဲ့ပြီး အစ္စရေးသည် အန္တရာယ်ရှိသော ကစားပွဲတစ်ခုကို ဝင်ရောက်ခဲ့သည်ဟု သတိပေးခဲ့သည်။

ဆီးရီးယားကို အစ္စရေးက လေကြောင်း တိုက်ခိုက်ခဲ့မှုသည် မကြာသေးမီနှစ်များအတွင်း အစ္စရေး၏ အကြီးမားဆုံး စစ်ဆင်ရေး တစ်ခုနှင့် အီရန်ပစ်မှတ်များကို တိုက်ခိုက်သည့် အကြီးဆုံးတိုက်ခိုက်မှုဖြစ်သည်ဟု အစ္စရေးစစ်တပ်က ထုတ်ပြန်ခဲ့သည်။

ယင်းတိုက်ခိုက်မှုတွင် တိုက်ခိုက်ရေးသမား ၂၃ ဦး သေဆုံးခဲ့သည်ဟု  စောင့်ကြည့်အဖွဲ့က ထုတ်ပြန်ခဲ့သည်။