မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်နေသော တာဝန်ရှိသူများ၏ အမည်စာရင်းကို ဖိလစ်ပိုင်က ရွေးကောက်ပွဲမတိုင်မီ ထုတ်ပြန်

မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်နေသော တာဝန်ရှိသူများ၏ အမည်စာရင်းကို ဖိလစ်ပိုင်က ရွေးကောက်ပွဲမတိုင်မီ ထုတ်ပြန်
Published 2 May 2018

မူးယစ်ဆေးဝါးနှင့်ဆက်နွှယ်သော တာဝန်ရှိသူများ၏ စာရင်းတွင် ဖော်ပြခံခဲ့ရသည့် တာဝန်ရှိသူတစ်ဦး၏ ဓာတ်ပုံကို ဆိုက်ကားတစ်စီးတွင် ချိတ်ဆွဲထားစဉ် (Photo - AFP)

ဖိလစ်ပိုင်က မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်နေသည်ဟုဆိုသော  ရွေးကောက်ခံတာဝန်ရှိသူ ၂၀၀ ကျော်၏ အမည်စာရင်းကို ဧပြီ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ဒေသဆိုင်ရာ ရွေးကောက်ပွဲများကျင်းပရန် နှစ်ပတ်ခန့်အလိုတွင် ယင်းအမည်စာရင်းကို အများပြည်သူသို့ ကြေညာခဲ့ခြင်း ဖြစ်သည်။

တရားမဝင် မူးယစ်ဆေးလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော ဒေသဆိုင်ရာ တာဝန်ရှိသူများ၏ အမည်ကို ပထမဆုံးအကြိမ်နှင့် ရွေးကောက်ပွဲမတိုင်ခင် ကြိုတင်ထုတ် ပြန်မှုအား သမ္မတ ရိုဒရီဂိုဒူတာတေး၏ အမိန့်အတိုင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအေဂျင်စီ၏ ဥက္ကဋ္ဌ အေရွန်အကွီနိုက သတင်းထောက်များကို ပြောကြားခဲ့သည်။

မေ ၁၄ ရက်တွင် ကျင်းပမည့် ဒေသဆိုင်ရာ ရွေးကောက်ပွဲများ နီးကပ်လာချိန်တွင် တာဝန်ရှိသူ ၂၀၇ ဦးအား အမည်စာရင်း ထုတ်ပြန်ပြီး အရှက်ရစေခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားသော်လည်း ယင်းထုတ်ပြန်မှုကြောင့် သတ်ဖြတ်မှုများ မြင့်တက်လာနိုင်ကြောင်း လူ့အခွင့်အရေး ရှေ့နေများက ပြောကြားခဲ့သည်။

ယင်းစာရင်းသည် အများပြည်သူရှေ့မှောက်တွင် ရုံးတင်သည့် ပုံစံမျိုးဖြစ်ပြီး အဆိုးဆုံးအခြေအနေတွင် ရှင်းပစ်ရန် စာရင်းတစ်ခုဖြစ်နိုင်ကြောင်း အမေရိကန်အခြေစိုက် လူ့အခွင့်အရေးစောင်ကြည့်ရေးအဖွဲ့ HRW ၏ ဖိလစ်ပိုင်တာဝန်ရှိသူ ကားလို့စ်ကွန်ဒီက  ပြောကြားခဲ့သည်။

ဖိလစ်ပိုင်ကို မူးယစ်ဆေးအန္တရာယ်မှ ကင်းရှင်းရန်အတွက် ရာဇဝတ်သား ၁၀၀,၀၀၀ အထိ သတ်ဖြတ်မည်ဟု ဒူတာတေးက ၂၀၁၆ ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားစဉ်တွင်  ပြောကြားထားခဲ့သည်။

ဒူတာတေးသမ္မတဖြစ်လာခဲ့ပြီးနောက်ပိုင်း မူးယစ်ဆေးဝါး ရောင်းချသူနှင့် သုံးစွဲသူ ၄၁၀၀ ကျော်ကို သတ်ဖြတ်ထားကြောင်း ရဲတပ်ဖွဲ့က ပြောကြားထားသည်။ သို့သော်လည်း လူ့အခွင့်အရေးအဖွဲ့များကမူ အမှန်တကယ် အသတ်ခံရသူ အရေအတွက်သည် တရားဝင်စာရင်းထက် သုံးဆထက်မနည်း ရှိမည်ဟု ပြောကြားကြသည်။

ဖိလစ်ပိုင်၏ ဒေသဆိုင်ရာ ရွေးကောက်ပွဲများသည် အကြမ်းဖက်မှု ဖြစ်လေ့ရှိသည့် သမိုင်းရှိပြီး အချို့နိုင်ငံရေးသမားများက ပြိုင်ဘက်နိုင်ငံရေးသမားများကို ရန်လိုသည့် ဆောင်ရွက်ချက်များ ပြုမူလေ့ရှိသည်။

၂၀၁၆ ခုနှစ် ရွေးကောက်ပွဲကာလအတွင်း ရွေးကောက်ပွဲနှင့် ဆက်နွှယ်သည့် အကြမ်းဖက်မှုများကြောင့် လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တရားဝင်မှတ်တမ်းများက ဆိုသည်။

မူးယစ်ဆေးဝါးနှင့်ဆက်နွှယ်သည့် ရာဇဝတ်မှုများအတွက် တရားစွဲဆိုရန် သက်သေအခိုင်အမာ မရှိဘဲ မူးယစ်ဆေးဆက်နွှယ်သည့် တာဝန်ရှိသူစာရင်းကို အာဏာပိုင်များက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ မူးယစ်ဆေးအသုံးပြုသူ၊ ရောင်းဝယ်ဖောက်ကားသူနှင့် မူးယစ်ဆေးမှောင်ခိုဘုရင်များပင် ပါဝင်ကြောင်း၊ အများစုသည် ၎င်းတို့၏ ဒေသများတွင် မူးယစ်ဆေးကုန်သွယ်မှုကို စည်ပင်ရန် ခွင့်ပြုထားသူများဖြစ်ကြောင်း ရဲနှင့် ထောက်လှမ်းရေးအေဂျင်စီလေးခုက အခိုင်အမာ သိရှိထားသည်ဟု အကွီနိုက ပြောကြားခဲ့သည်။

ယင်းစာရင်းတွင် နှစ်ဦးပါဝင်ခဲ့သော အတိုက်အခံလေဘာတီပါတီမှ အထက်လွှတ်တော်အမတ် ဖရန်ဆစ်ပန်ဂီလီနန်က စာရင်းကို ပြန်လည်ရုပ်သိမ်းပေးရန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအေဂျင်စီကို တောင်းဆိုခဲ့သည်။

Ref ; AFP