ဘားစ်ခ်ခွဲထွက်ရေးအဖွဲ့ ETA က ထိခိုက်နစ်နာ ခံစားခဲ့ရသူများအား တောင်းပန်မှုပြုလုပ်

ဘားစ်ခ်ခွဲထွက်ရေးအဖွဲ့ ETA က ထိခိုက်နစ်နာ ခံစားခဲ့ရသူများအား တောင်းပန်မှုပြုလုပ်
Published 22 April 2018

ဧပြီ ၂၀ ရက်က Basque ခွဲထွက်ရေးအုပ်စု ETA အကြောင်း ဖော်ပြထားသည့် သတင်းစာများအား အရောင်းဆိုင်၌ ခင်းကျင်းထားသည်ကို တွေ့ရစဉ် (Photo: AFP)

ဘားစ်ခ်ခွဲထွက်ရေး လှုပ်ရှားမှုအဖွဲ့ ETA က ၎င်းတို့၏အဖွဲ့ ဖျက်သိမ်းရန် နောက်ဆုံးမတိုင်မီ ခြေလှမ်းတစ်ခုအဖြစ် ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သည့် အင်အားသုံးတိုက်ခိုက်မှုများကြောင့် ထိခိုက်နစ်နာ ခံစားခဲ့ရသူများကို ပထမဆုံးအကြိမ် တောင်းပန်ကြောင်း ဧပြီ ၂၀ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ထိုတောင်းပန်မှုသည် လာမည့်ရက်ပိုင်းအတွင်း အဖွဲ့ဖျက်သိမ်းမည်ဟု သမိုင်းဝင်ကြေညာချက် ထုတ်ပြန်မည့် ETA အဖွဲ့အတွက် ပြည့်စုံကျယ်ပြန့်မှုအရှိဆုံး တောင်းပန်မှုလည်း ဖြစ်ခဲ့သည်။

ETA အဖွဲ့သည် စပိန်မြောက်ပိုင်းနှင့် ပြင်သစ်တောင်ပိုင်းတို့တွင် လွတ်လပ်သော ဘာ့စ်ခ်ပြည်နယ် ထူထောင်နိုင်ရန်အတွက် ဗုံးခွဲမှုများနှင့် ပစ်ခတ်တိုက်ခိုက်မှုများအား ဆယ်စုနှစ်လေးခုနီးပါးကြာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ရှည်ကြာသော ထိုလက်နက်ကိုင်ပဋိပက္ခ တစ်လျှောက် ကြီးမားသောထိခိုက်မှု ဖြစ်စေခဲ့ကြောင်း၊ ထိုထိခိုက်နာကျင်မှုများသည် ပြန်ပြင်၍မရကြောင်းကို သိရှိကြောင်း၊ ထိုပဋိပက္ခကြောင့် သေဆုံး သို့မဟုတ် ဒဏ်ရာရ သို့မဟုတ် အခြားနည်းများဖြင့် ထိခိုက်နစ်နာမှုကို ကြုံခဲ့ရသည့် ထိခိုက်ခံစားခဲ့ရသူ အားလုံးကို လေးစားမှုပြသလိုကြောင်း ယင်းကြေညာချက်၌ ဖော်ပြခဲ့သည်။

စပိန်အာဏာရှင် ဖရန်စစ်ဖရန်ကို အာဏာအထွတ်အထိပ်သို့ ရောက်ရှိနေသည့် ၁၉၅၉ ခုနှစ်တွင် ထူထောင်ခဲ့သော ETA သည် ၂၀၁၁ ခုနှစ်တွင် အမြဲတမ်းအပစ်အခတ် ရပ်စဲရေးသဘောတူညီချက်မရရှိမီ လူပေါင်း ၂၈၉ ဦးထက်မနည်း သေဆုံးခဲ့ရမှုအတွက် အပြစ်တင်ခံထားရသည်။

သို့သော် ETA ၏ယင်းကြေညာချက်တွင် ရဲများနှင့် နိုင်ငံရေးသမားများကဲ့သို့ ၎င်းတို့အဖွဲ့၏ တရားဝင်ပစ်မှတ်များဟု သတ်မှတ်ခံခဲ့ရသူများကို တောင်းပန်ခဲ့ခြင်းမရှိခဲ့ဟု ETA ၏လုပ်ရပ်များကြောင့် ထိခိုက်ခံစားရသူများအတွက် လှုပ်ရှားသည့်အဖွဲ့ AVT မှခေါင်းဆောင် မာရီယာဒယ်မာဘလန်ကိုက အပြစ်တင်ခဲ့သည်။ ETA သည် ထိခိုက်ခံစားရသူ အားလုံးကို တစ်တန်းတည်းထားသင့်ကြောင်း စပိန်၏ Basque Country ၏ ဒေသဆိုင်ရာ ကွန်ဆာဗေးတစ် အမျိုးသားရေးဝါဒီ ဥက္ကဋ္ဌ အင်နီဂိုအာကူလူကဲ့သို့ နိုင်ငံရေးသမားများကလည်း သံယောင်လိုက် ပြောကြားခဲ့ကြသည်။

ETA အဖွဲ့၏တိုက်ခိုက်မှုများနှင့် စပိန်အစိုးရ၏ လက်မရွံ့တပ်ဖွဲ့များ၏ လက်တုံ့ပြန်တိုက်ခိုက်မှုများသည် ၁၉၈၀ ပြည့်လွန်နှစ်များနှင့် ၁၉၉၀ ပြည့်လွန်နှစ်များတွင် စပိန်ကို ထိတ်လန့်စေခဲ့သည်။ ETA အဖွဲ့သည် အဖွဲ့၏ထိပ်တန်းခေါင်းဆောင်များ ဖမ်းဆီးခံခဲ့ရမှုနှင့်အတူ မကြာသေးမီနှစ်များအတွင်း အားနည်းလာခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် အင်အားသုံးတိုက်ခိုက်မှုများအား စွန့်လွှတ်ကြောင်း ETA က ကြေညာခဲ့ပြီး လက်နက်ချကြောင်း ၂၀၁၇ ခုနှစ်တွင် ကြေညာခဲ့သည်။ စပိန်နှင့် ပြင်သစ်တို့က ETA နှင့် မည်သည့်ဆွေးနွေးမှုမျှ မပြုလုပ်ဟု ပယ်ချထားပြီး အဖွဲ့ကို ခြွင်းချက်မရှိ ဖျက်သိမ်းရန်သာ အခိုင်အမာတောင်းဆိုခဲ့သည်။ ETA အဖွဲ့ဝင် ၃၀၀ ခန့်သည် စပိန်၊ ပြင်သစ်နှင့် ပေါ်တူဂီတို့တွင် ထောင်ဒဏ်ကျခံနေရပြီး အဖွဲ့ဝင် ၁၀၀ အထိသည် ထွက်ပြေးနေဆဲဖြစ်ကြောင်း အကျဉ်းသားများ၏ မိသားစုများအတွက် ဆောင်ရွက်ပေးသည့်အဖွဲ့ Forum Social က ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent