ဟောင်ကောင်ထီးလှုပ်ရှားမှု ခေါင်းဆောင် ဂျိုရှာဝေါင်နှင့် အခြားခေါင်းဆောင်နှစ်ဦး ထောင်ဒဏ်များ ချမှတ်ခံရ

ဟောင်ကောင်ထီးလှုပ်ရှားမှု ခေါင်းဆောင် ဂျိုရှာဝေါင်နှင့် အခြားခေါင်းဆောင်နှစ်ဦး ထောင်ဒဏ်များ ချမှတ်ခံရ
Published 18 August 2017

သြဂုတ် ၁၇ ရက်က ဟောင်ကောင်တွင် တရားရုံးစီရင်ချက်မချမှတ်မီ မီဒီယာများကို စကားပြောနေသော နာသန်လော (ဝဲ)၊ ဂျိုရှာဝေါင် (လယ်) နှင့် အဲလက်စ်ချိုး (ယာ)တို့ကို တွေ့ရစဉ် (Photo -AFP)

ဟောင်ကောင်တွင် ၂၀၁၄ ခုနှစ်က အကြီးမားဆုံး ဒီမိုကရေစီလိုလားသော ဆန္ဒပြမှုများ ပေါ်ပေါက်လာစေရန် ကူညီပေးခဲ့သည့် ထီးလှုပ်ရှားမှုခေါင်းဆောင် ဂျိုရှာဝေါင်နှင့် အခြားခေါင်းဆောင်နှစ်ဦးတို့အား ဟောင်ကောင်တရားရုံးတစ်ရုံးက သြဂုတ် ၁၇ ရက်တွင် ထောင်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရသည်။ အသက် ၂၀ ရှိ ဝေါင်သည် လူမှုအကျိုးပြုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ပြီးဖြစ်သဖြင့် ထောင်ဒဏ်ရှစ်လအစား ခြောက်လသို့လည်းကောင်း၊ အခြားခေါင်းဆောင်နှစ်ဦးဖြစ်သော အသက် ၂၄ နှစ်ရှိ နာသန်လောသည် လူမှုအကျိုးပြုများ လုပ်ဆောင်ခဲ့ပြီးဖြစ်သဖြင့် ထောင်ဒဏ် ၁၀ လမှ ရှစ်လသို့လည်းကောင်း၊ အသက် ၂၆ နှစ်ရှိ အဲလက်စ်ချိုးသည် ထောင်ဒဏ်ရှစ်လမှ ခုနစ်လသို့လည်းကောင်း အသီးသီးချမှတ်ခံခဲ့ရသည်။

ဝေါင်၊ လောနှင့် ချိုးတို့သည် လူမှုအကျိုး ပြုလုပ်ငန်းဆောင်ရွက်သည့် ပြစ်ဒဏ်များကို ကျခံခဲ့ပြီးဖြစ်သော်လည်း ၎င်းတို့အား ဟန့်တားရန် လုံလောက်မည်မဟုတ်ကြောင်း ဆိုကာ တရားရေးဌာနက အယူခံဝင်ခဲ့ခြင်း ဖြစ်သည်။ ဝေါင်၏ရှေ့နေက ၎င်းတို့ သုံးဦး စလုံးသည် ယင်းစီရင်ချက်များအား ဟောင်ကောင်အယူခံတရားရုံးသို့ အယူခံဝင်မည်ဖြစ်သော်လည်း ၎င်းတို့သုံးဦးစလုံးသည် ထောင်ဒဏ်ကို ချက်ချင်းကျခံရမည်ဖြစ်သည်။ လောနှင့်ချိုးတို့၏ရှေ့နေဖြစ်သော ဂျိုနသန်မန်းက ယင်းစီရင်ချက်အား မအံ့သြသော်လည်း ပြင်းထန်လွန်းသည်ဟု ပြောကြားခဲ့သည်။

ယင်းစီရင်ချက်များ ချမှတ်အပြီး ဝေါင်က “အစိုးရသည် ဆန္ဒပြမှုများအား နှုတ်ဆိတ်စေရန်၊ ၎င်းတို့အား ဥပဒေပြုလွှတ်တော်မှ ဖယ်ရှားရန်နှင့် ပိတ်လှောင်ထားရန် လုပ်ဆောင်နိုင်ကြောင်း၊ သို့သော် ဟောင်ကောင်တို့၏နှလုံးသားနှင့် စိတ်ဓာတ်ကို အနိုင်ယူနိုင်မည် မဟုတ်ကြောင်း” ဟု Twitter တွင် ရေးသားခဲ့သည်။ ယင်းစီရင်ချက်များသည် ကြိုတင်ကြံရွယ်ထားသော ဗြောင်ကျသည့် နိုင်ငံရေးဆိုင်ရာ ဖိနှိပ်မှုဖြစ်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်သည့်အဖွဲ့ (HRW) ၏ တရုတ်ဆိုင်ရာညွှန်ကြားရေးမှူး ဆိုဖီရစ်ချက်ဆင်က ပြောကြားခဲ့သည်။

ဟောင်ကောင်တွင် ထောင်ဒဏ်သုံးလထက်ပို၍ ချမှတ်ခံခဲ့ရသည့်မည်သူမဆို ငါးနှစ်သက်တမ်းရှိ လွှတ်တော်အမတ်နေရာအတွက် ယှဉ်ပြိုင်ခွင့်ပိတ်ပင်ထားသဖြင့် လောနှင့်ဝေါင်တို့သည် ယင်းစီရင်ချက်များကြောင့် ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်တော့မည် မဟုတ်ပေ။ နယူးယောက်တိုင်းမ်၏ ယခုသီတင်းပတ်ထုတ် အယ်ဒီတာ့အာဘော်တွင် ၎င်းတို့သုံးဦးသည်သာ ထောင်ဒဏ်များ ချမှတ်ခံရမည်ဆိုပါက ဟောင်ကောင်၏ ပထမဆုံး နိုင်ငံရေးအကျဉ်းသားများ ဖြစ်လာမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။ Congressional - Congressional Executive Commission on China (CECC) ၏ဥက္ကဋ္ဌဖြစ်သော အမေရိကန်အထက်လွှတ်တော်အမတ် မာကိုရူဘီယိုက ဝေါင်နှင့် အခြားခေါင်းဆောင်နှစ်ဦးအား နိုင်ငံရေးအရ ဖိနှိပ်မှုက ဟောင်ကောင်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်သည် တစ်စတစ်ဆုတ် ယုတ်လာနေကြောင်း သိသာနေသည်ဟု ရှုတ်ချခဲ့သည်။

ဟောင်ကောင်တွင် အခြေခံအခွင့်အရေးများအား ဖိနှိပ်မှုများအတွက် တာဝန်ရှိသူများဟု ယူဆရသူများအား အမေရိကန်က ၎င်းတို့၏ ပိုင်ဆိုင်မှုများအား ထိန်းချုပ်ရန်နှင့် ပြည်ဝင်ခွင့်ပိတ်ပင်ရန် ခွင့်ပြုသည့် ၎င်းက အဆိုပြုထားသည့် ဥပဒေဖြစ်သော ဟောင်ကောင် လူ့အခွင့်အရေးနှင့်ဒီမိုကရေစီ အက်ဥပဒေကိုပြဋ္ဌာန်းရန် ရူဘီယိုက အထက်လွှတ်တော်အား တိုက်တွန်းခဲ့သည်။

Ref း AFP

Most Read

Most Recent