ဒိုမာသို့ ဓာတုလက်နက် ကျွမ်းကျင်သူများ ဧပြီ ၁၈ ရက်တွင် ရောက်လာမည်ဟု ရုရှားပြောကြား

ဒိုမာသို့ ဓာတုလက်နက် ကျွမ်းကျင်သူများ ဧပြီ ၁၈ ရက်တွင် ရောက်လာမည်ဟု ရုရှားပြောကြား
Published 18 April 2018

ဧပြီ ၁၆ ရက်က ဒိုမာတွင် အစိုးရက ဝေနေသည့် ပေါင်မုန်များကို ဆီးရီးယားပြည်သူများက ယူနေကြစဉ် (Photo: AFP)

စွပ်စွဲထားသော အဆိပ်ဓာတ်ငွေ့ တိုက်ခိုက်မှုကို စုံစမ်းရန်အတွက် ဆီးရီးယားနိုင်ငံ ဒိုမာမြို့သို့ ဧပြီ ၁၈ ရက်တွင် ဓာတုလက်နက်ရေးရာ ကျွမ်းကျင်သူများ ရောက်လာကြလိမ့်မည်ဟု ရုရှားအစိုးရအရာရှိများက ပြောကြားခဲ့သည်။ အမေရိကန်ကမူ တိုက်ခိုက်မှုဖြစ်ပွားသည့်နေရာ၌ သက်သေများကို ရုရှားက စွက်ဖက်ပြင်ဆင်ထားနှင့်မည်ကို စိုးရိမ်ကြောင်း ပြောနေသည်။

ဆီးရီးယားသို့ အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်တို့၏ လေကြောင်းမှ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ဧပြီ ၁၆ ရက်တွင် အနောက်နိုင်ငံများနှင့် ရုရှားအကြား၌ အပြန်အလှန် စွပ်စွဲမှုများ ဖြစ်ပေါ်ခဲ့သည်။ ရုရှားကမူ ဒိုမာမြို့မှ စုံစမ်းမှုများကို အဟန့်အတား လုပ်နေသည်ဟု ၎င်းတို့အပေါ် စွပ်စွဲချက်များသည် ဗြောင်ကျသည့် အလိမ်အညာ တစ်ခုဟုဆိုကာ ပယ်ချထားသည်။

မိမိဆန္ဒအလျောက် ပါဝင်သော လူကိုးဦးပါ အဖွဲ့သည် ဒမတ်စကတ်သို့ရောက်နေပြီဟု ဓာတုလက်နက်ထိန်းချုပ်ရေးအဖွဲ့အစည်း (OPCW) ၏ အထွေထွေဒါရိုက်တာ အာမတ်အူဇမ်ကူက ပြောကြားသည်။ သို့သော် ဆီးရီးယားနှင့် ရုရှားအစိုးရအရာရှိများက လုံခြုံရေး လုပ်ဆောင်ချက်များကို လုပ်နေသည်ဟုဆိုသဖြင့် OPCW စုံစမ်းသူများသည် ထိုနေရာသို့ မရောက်နိုင်သေးဘဲ ဖြစ်နေသည်ဟု ၎င်းက ပြောကြားခဲ့သည်။

ရုရှားမှ ရေဒီယိုသတ္တိကြွ၊ ဇီဝနှင့် ဓာတုကာကွယ်ရေးယူနစ်၏ အကြီးအကဲဖြစ်သူ အီဂေါကီရီလော့ဗ်ကမူ ထိုနေရာမှလမ်းများ သည် မိုင်းရှင်းလင်းမှုများ မလုပ်ရသေးဘဲ ကုလသမဂ္ဂလုံခြုံရေးများက စစ်ဆေး စမ်းသပ်ရဦးမည်ဟု ဧပြီ ၁၇ ရက်တွင် ပြောကြားခဲ့သည်။

“ဧပြီ ၁၈ ရက်မှာ OPCW က ကျွမ်းကျင်သူတွေ လာရောက်ရေးအတွက် စီစဉ်ထားပါတယ်” ဟု ၎င်းက သည်ဟိဂ်ရှိ ရုရှားသံရုံး၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့သည်။

OPCW မှ အမေရိကန်သံအမတ်ကန် ဝပ်ကမူ ရုရှားတို့သည် ထိုနေရာသို့ရောက်ရှိသွားပြီးဖြစ်ကာ OPCW စုံစမ်းစစ်ဆေးရေးမစ်ရှင်၏ ရည်ရွယ်ချက်ကို ပျက်ပြားစေရန် အပြောင်းအလဲများ လုပ်ထားပြီး ဖြစ်ဖွယ်ရှိသည်ဟု ပြောနေသည်။ ရုရှားအစိုးရကမူ ထိုစွပ်စွဲချက်ကို ပယ်ချထားသည်။

ဗြိတိန်ဝန်ကြီးချုပ်ထရီဆာမေနှင့် ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်တို့မှာမူ အမေရိကန်နှင့်အတူ ဆီးရီးယားလေကြောင်း တိုက်ခိုက်မှုတွင်ပါခဲ့သဖြင့် မေ ၁၆ ရက်က ၎င်းတို့၏ လွှတ်တော်အမတ်များ၏ ဒေါသထွက်ခြင်းကို ခံနေရသည်။ တိုက်ခိုက်မှုအပေါ် ပြည်တွင်းမှ ထောက်ခံမှုနည်းပါးနေသော်လည်း ထရီဆာမေက ဝန်ကြီးချုပ်တစ်ဦးအနေနှင့် ထိုကဲ့သို့ ဆုံးဖြတ်ချက်များချရန် တာဝန်ရှိသည်ဟုပြောခဲ့ပြီး မက်ခရွန်ကမူ ထိုသို့ဆုံးဖြတ်ခဲ့ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေထဲရှိ ၎င်း၏ အာဏာများမှ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ကာကွယ်ပြောကြားခဲ့သည်။

ထိုစဉ် ဧပြီ ၁၇ ရက်က နိုင်ငံအလယ်ပိုင်းရှိ ဟွမ်စ်မြို့၌ လေတပ်က ဒုံးကျည်များကို ပစ်ချခဲ့ရသည်ဟု ဆီးရီးယားအစိုးရမီဒီယာတွင် ဖော်ပြခဲ့သည်။ ထိုတိုက်ခိုက်မှုများသည် အစိုးရ၏ လေတပ်အခြေစိုက်စခန်းများကို ဦးတည်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ထိုတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း ဝန်ခံသူမရှိသော်လည်း ပင်တဂွန်ပြောခွင့်ရပုဂ္ဂိုလ် ဟီသာဘာ့က ထိုနေရာတွင် အမေရိကန်နှင့် ညွန့်ပေါင်းတို့က စစ်ဆင်ရေးလုပ်ဆောင်ခဲ့ခြင်းမရှိဟု ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent