အီရန်က နျူကလီးယားလက်နက် ထုတ်လုပ်လျှင် ဆော်ဒီကလည်း ထုတ်လုပ်မည်ဟု သတိပေး

အီရန်က နျူကလီးယားလက်နက် ထုတ်လုပ်လျှင် ဆော်ဒီကလည်း ထုတ်လုပ်မည်ဟု သတိပေး
Published 17 March 2018

မတ် ၁၂ ရက်က ယီမင်အလယ်ပိုင်း မာရက်ရှိ လေတပ်စခန်းတွင် အကူအညီပေးရေးပစ္စည်းများ ချနေစဉ် စောင့်ကြပ်နေသော ဆော်ဒီစစ်သားများကို တွေ့ရစဉ် (Photo: AFP)

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် တွေ့ဆုံဆွေးနွေးရန်အတွက် ဝါရှင်တန်သို့ မသွားရောက်မီ ရက်ပိုင်းအလိုတွင် ဆော်ဒီအာရေဗျအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်မန်က အီရန်က နျူကလီးယားလက်နက်များ ထုတ်လုပ်လျှင် ရီယာ့ဒ်ကလည်း ယင်းအတိုင်း လုပ်ဆောင်မည်ဟု သတိပေးခဲ့သည်။ ဆော်ဒီအာရေဗျသည် မည်သည့် နျူကလီးယားလက်နက်ကိုမျှ ရယူပိုင်ဆိုင်လိုခြင်း မရှိကြောင်း၊ သို့သော် အီရန်ကသာ  နျူကလီးယားဗုံး ထုတ်လုပ်ပါက ဆော်ဒီကလည်း မကြာမီတွင်ပင် ထိုအတိုင်း လုပ်ဆောင်မည်ဖြစ်ကြောင်း မိုဟာမက်က မတ် ၁၅ ရက်တွင် CBS ရုပ်သံက ထုတ်လွှင့်ခဲ့သည့်အင်တာဗျူး၌ ပြောကြားခဲ့သည်။

အီရန်ဘာသာရေးခေါင်းဆောင်အယာ တိုလာအလီခါမေနီသည် ဂျာမနီနာဇီခေါင်းဆောင် အဒေါ့ဟစ်တလာနှင့်ဆင်တူကြောင်း မိုဟာမက်က နှိုင်းယှဉ်ခဲ့ပြီး ဒုတိယကမ္ဘာစစ် အစပိုင်းတွင် ဂျာမနီနာဇီများ လုပ်ဆောင်ခဲ့သည့်အတိုင်း ခါမေနီကလည်း အရှေ့အလယ်ပိုင်းဒေသ တစ်လျှောက်၌ ရှင်းလင်းရေး လုပ်ဆောင်နိုင်ကြောင်း ၎င်းက သတိပေးခဲ့သည်။

ဟစ်တလာသည် မည်မျှအန္တရာယ်ကြီးမားခဲ့ကြောင်းကို အဖြစ်အပျက်များ မဖြစ်လာမီ၊ ဖြစ်ပွားခဲ့ပြီးအချိန်အထိ ဥရောပနှင့် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအများအပြားက သဘော မပေါက်ခဲ့ကြကြောင်း၊ အလားတူ အဖြစ်အပျက်များကို အရှေ့အလယ်ပိုင်းတွင် ထပ်မံ ဖြစ်ပွားမည်ကို မမြင်တွေ့လိုကြောင်း ဆော်ဒီ ထီးနန်းဆက်ခံမည့် အသက် ၃၂ နှစ်ရှိ မို ဟာမက်က ပြောကြားခဲ့သည်။

တီဟီရန်က ၎င်း ၏နျူကလီးယားလက်နက်များအား တည်ဆောက်မှုတွင် လွတ်လပ်စွာ တိုးမြှင့်လုပ်ဆောင်နိုင်သည်ဟု စွပ်စွဲထားသည့် အီရန်နှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံအချို့တို့အကြား ရရှိခဲ့သော နျူကလီးယား သဘောတူညီချက်အား အဆုံးသတ်ပစ်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် အစိုးရက ခြိမ်းခြောက်ထားချိန်တွင် မတ် ၁၈ ရက်၌ အပြည့်အဝထုတ်လွှင့်ရန် စီစဉ်ထားသည့် အဆိုပါ အင်တာဗျူးတွင် မိုဟာမက်က ယင်းကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်သည်။

ဆော်ဒီအိမ်ရှေ့မင်းသား၏ ယင်းပြောကြားချက်များအား အီရန်က ပြန်လည်တုံ့ပြန်ခဲ့ပြီး ယင်းစကားများသည် ခါးခါးသီးသီး မုန်းတီးမှုများနှင့် အလိမ်အညာများသာ ပြောကြားသည့် စိတ်၏လှည့်စားမှုအပြည့်ရှိနေသူ တစ်ဦးထံမှ လာခြင်းကြောင့် အနှစ်သာရ ကင်းမဲ့နေကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် ဘာရမ်ဂါဆီမီက ပြောကြားခဲ့သည်။

မိုဟာမက်သည် မတ် ၁၉ ရက်တွင် ဝါရှင်တန်သို့သွားရောက်ပြီး မတ် ၂၀ ရက် တွင် ထရန့်နှင့်တွေ့ဆုံရန် စီစဉ်ထားသည်။ အီရန်က ၎င်း၏နျူကလီးယားလက်နက်စီမံကိန်းများအထိ ရည်ရွယ်သောကြိုးပမ်းမှုများကို ရပ်ဆိုင်းပြီး အပြန်အလှန်အားဖြင့် အီရန်အား ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားမှုကို ဖယ်ရှားပေးရန် ရည်ရွယ်သော ၂၀၁၅ ခုနှစ်တွင် ရရှိခဲ့သည့် Joint Comprehensive Plan of Action (JCPOA) တွင် အမေရိကန်က ဆက်လက်ပါဝင်ခြင်း ရှိ၊ မရှိကို ထရန့် က မေ ၁၂ ရက်မတိုင်မီ ဆုံးဖြတ်မည်ဖြစ်သည်။

JCPOA အား ထောက်ခံသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆင် နေရာတွင် အီရန်ကို သဘောထားတင်းမာသည့် စီအိုင်အေညွှန်ကြားရေးမှူး မိုက်ပမ်ပီယိုနှင့်ထရန့်က အစားထိုးခဲ့ခြင်းကြောင့် အဆိုပါ သဘောတူညီချက်မှ နုတ်ထွက်နိုင်သည့် လက္ခဏာတစ်ရပ်ဖြစ်ခဲ့သည်။

Most Read

Most Recent