Guggenheim ပြတိုက်က ထရန့်ကို ဗင်ဂိုးပန်းချီကားအစား ရွှေအိမ်သာအိုးပေးမည်ဟု ကမ်းလှမ်း

Guggenheim ပြတိုက်က ထရန့်ကို ဗင်ဂိုးပန်းချီကားအစား ရွှေအိမ်သာအိုးပေးမည်ဟု ကမ်းလှမ်း
Published 29 January 2018

၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၅ ရက်က ရွှေအိမ်သာအိုးအား ရိုက်ကူးထားသော ဓာတ်ပုံ (Photo: AFP)

အိမ်ဖြူတော်ရှိ သမ္မတနှင့် သမ္မတကတော်၏ နေအိမ်နံရံတွင် ဗင်ဂိုးပန်းချီကားတစ်ချပ် အလှဆင်ပေးရန် သမ္မတဒေါ်နယ်ထရန့်က Guggenheim ပြတိုက်သို့ တောင်းဆိုမှုကို ပြတိုက်က ငြင်းပယ်ခဲ့ပြီး ၁၈ ကာရက် ရွှေဖြင့်ပြုလုပ်ထားသော အိမ်သာအိုးကိုပေးမည်ဟု ကမ်းလှမ်းခဲ့သည်။ အိမ်ဖြူတော်တွင် တာဝန်ထမ်းဆောင်နေသည့်ကာလအတွင်း အနုပညာလက်ရာများ ငှားရမ်းမှုသည် အမေရိကန်သမ္မတများအတွက် ဓလေ့ထုံးစံဖြစ်သော်လည်း ထရန့်၏ မွေးရပ်မြေနယူးယောက်ရှိ Guggenheim ပြတိုက်က ယဉ်ယဉ်ကျေးကျေး ငြင်းဆိုခဲ့သည်ဟု ဝါရှင်တန်ပို့စ်က ဖော်ပြခဲ့သည်။

နာမည်ကျော် ဒတ်ချ်ပန်းချီဆရာ၏ 'Landscape With Snow' ပန်းချီကားအား အိမ်ဖြူတော်က တောင်းဆိုခဲ့မှုကို ‘၁၉ ရာစုလက်ရာဖြစ်သော ယင်းပန်းချီကားအား ကြုံခေါင့်ကြုံခဲ အခမ်းအနားများမှ လွဲ၍ ခရီးသွားလာမှု ပိတ်ပင်ထားသည်’ ဟု ထရန့်ကို ပွင့်ပွင့်လင်းလင်း ဝေဖန်သူတစ်ဦးဖြစ်သော ပြတိုက်မှူးက တုံ့ပြန်ပြောကြားခဲ့သည်။

ဝါရှင်တန်ပို့စ်က ရရှိထားသည့် အီးမေးလ်တစ်စောင်တွင် “သမ္မတရဲ့ မူလတောင်းဆိုမှုကို မဖြည့်ဆည်းပေးနိုင်လို့ စိတ်မကောင်းဘူး။ ကျွန်မတို့ရဲ့ အထူးကမ်းလှမ်းချက်ကို စိတ်ဝင်စားမယ်လို့ မျှော်လင့်ပါတယ်” ဟု နန်စီစပက်တာက ရေးသားခဲ့သည်။

အီတလီအနုပညာရှင် Maurizio Cattelan ၏ "America" ဟု အမည်ပေးထားသည့် ဝင်းလက်သော ရွှေအိမ်သာအိုးကို Guggenheim ပြတိုက်တွင် ပြသထားသည်မှာ တစ်နှစ်ခန့်ကြာပြီဖြစ်သည်။ ယင်းရွှေအိမ်သာအိုးကို အစိုးရဝန်ထမ်းများ သီးသန့်အသုံးပြုသည့် ရေအိမ်တွင် တပ်ဆင်ထားပြီး ယင်းရေအိမ်အပြင်တွင် အစောင့်တစ်ဦးထားရှိခဲ့သည်။ ယင်းပြသမှုသည် ယခုအခါ ပြီးဆုံးပြီဖြစ်သည်။ ယင်းကို ရေရှည်ငှားရမ်းအသုံးပြုရန် Maurizio Cattelan က အိမ်ဖြူတော်ကို ကမ်းလှမ်းစေလိုသည်ဟု ဝါရှင်တန်ပို့စ်က စပက်တာ၏ အီးမေးလ်ကို ကိုးကားဖော်ပြခဲ့သည်။

ယင်းကို installation ဖန်တီးသည့် အဓိပ္ပာယ်နှင့် အိမ်ဖြူတော်ကိုပေးရန် ကမ်းလှမ်းခဲ့သည့် ရည်ရွယ်ချက်ကို ရှင်းပြရန် ဝါရှင်တန်ပို့စ်က မေးမြန်းမှုကို “ကျွန်တော်တို့ ဘဝရဲ့ ရည်ရွယ်ချက်ကဘာလဲ။ အရာအားလုံးက ကျွန်တော်တို့ မသေမီအချည်းနှီးဖြစ်မယ်လို့ ယူဆတယ်။ ဒီခံစားမှုနဲ့ ဖန်တီးခဲ့တာပါ” ဟု အသက် ၅၇ နှစ်အရွယ်ရှိ Cattelan က ဖြေဆိုခဲ့သည်။ အေအက်ဖ်ပီက မေးမြန်းမှုကို Guggenheim ပြတိုက်က “နောက်ထပ်ပြောဖို့ သတင်းအချက်အလက် မရှိတော့ဘူး” ဟု ဖြေဆိုခဲ့သည်။

Ref: AFP

Most Read

Most Recent