ထီးနန်းစွန့်ရန်ပြင်ဆင်နေသည့် ဂျပန်ဧကရာဇ်က နှစ်သစ်ဆုတောင်းသူများနှင့် တွေ့ဆုံ

ထီးနန်းစွန့်ရန်ပြင်ဆင်နေသည့် ဂျပန်ဧကရာဇ်က နှစ်သစ်ဆုတောင်းသူများနှင့် တွေ့ဆုံ
Published 3 January 2018

ဇန်နဝါရီ ၂ ရက်က တိုကျိုရှိနန်းတော်တွင် နှစ်သစ်ကူးဆုတောင်းသူများအား နှုတ်ဆက်နေသော ဂျပန်ဧကရာဇ် အာကီဟီတို (ယာ) နှင့် အိမ်ရှေ့မင်းသား နာရူဟီတို (ဝဲ) (Photo: AFP)

ဂျပန်ဧကရာဇ် အာကီဟီတိုသည် အင်ပါယာနန်းတော်သို့ စုဝေးရောက်ရှိလာကြသည့် သောင်းနှင့်ချီသော နှစ်သစ်ဆုတောင်းသူများအား သူ၏အစဉ်အလာအတိုင်း နှစ်သစ်ကူး မိန့်ခွန်းတစ်ရပ်ကို ဇန်နဝါရီ ၂ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။ သူသည် လာမည့်နှစ်တွင် ထီးနန်းစွန့်မည်ဖြစ်သောကြောင့် ယင်းကဲ့သို့သောအခမ်းအနားမျိုးမှာ နောက်ဆုံးအကြိမ်လည်းဖြစ်သည်။

ဂျပန်ဧကရာဇ်၏ အကြီးဆုံးမြေးတော်ဖြစ်သော မင်းသမီးမာကိုသည် နိုဝင်ဘာလတွင် သူ၏ကောလိပ်ကျောင်းမှ ချစ်သူနှင့်လက်ထပ်ကာ တော်ဝင်မိသားစုမှထွက်ခွာရန် စီစဉ်ထားသောကြောင့် အာကီဟီတိုကို သူ၏အဆိုပါမြေးတော်နှင့် နောက်ဆုံးအတူတွေ့ရသည့် နှစ်သစ်လည်းဖြစ်သည်။

သူ၏မိန့်ခွန်းပြောပွဲ အခမ်းအနားသို့ လူပေါင်း ၇၃၀၀၀ ကျော်တက်ရောက်ခဲ့ပြီး လူအများအပြားက ဂျပန်နိုင်ငံတော်အလံငယ်လေးများ ဝှေ့ရမ်းကာ “သက်တော်ရှည်ပါစေ” ဟု အော်ဟစ်ဆုတောင်းခဲ့ကြကြောင်း အင်ပါယာနန်းတော်က ပြောကြားခဲ့သည်။

“နှစ်သစ်မှာ ပျော်ရွှင်ပါစေ။ ခင်ဗျားတို့နဲ့အတူတကွ နှစ်သစ်ကူး အခမ်းအနားပြုလုပ်ရတာ ကျွန်တော်ရိုးသားစွာ ပျော်ရွှင်မိပါတယ်” ဟု အာကီဟီတိုကမာကိုနှင့် အခြားမိသားစုဝင်များခြံရံလျက် ဖန်သားကာထားသည့် နန်းတော်လေသာဆောင်၌ရပ်ကာ ပြောကြားသည့် ရုပ်သံမိန့်ခွန်း၌ဆိုသည်။

ဧကရာဇ်မိသားစုများသည် မွန်းလွဲပိုင်း၌ လူအုပ်ကြီးရှေ့မှောက်သို့ နောက်ထပ်နှစ်ကြိမ် ထပ်မံရောက်ရှိခဲ့ကြသေးသည်။

သူ၏အသက်အရွယ်နှင့် ကျန်းမာရေးပြဿနာများကို အကြောင်းပြလျက် ဆယ်စုနှစ်သုံးခုနီးပါးကြာ ထမ်းဆောင်ခဲ့သည့် ဧကရာဇ်တာဝန်မှ အနားယူတော့မည့် သူ၏ဆန္ဒကိုအချက်ပြခဲ့သည့် ၂၀၁၆ ခုနှစ်တွင် ဧကရာဇ်သည် တစ်နိုင်ငံလုံးကို အံ့သြတုန်လှုပ်စေခဲ့သည်။

သူသည် ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်တွင် ဧကရာဇ်တာဝန်မှ အနားယူမည်ဖြစ်ရာ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ဧကရာဇ်မိသားစု၌ ရာစုနှစ်နှစ်ခုကျော်အတွင်း ပထမဆုံးအနားယူသည့် ဧကရာဇ်ဖြစ်လာမည်ဖြစ်သည်။

သူအနားယူပြီး နောက်တစ်ရက်တွင် သူ၏သားအကြီးဆုံး အသက် ၅၇ နှစ်အရွယ်ရှိ အိမ်ရှေ့မင်းသား နာရူဟီတိုက သူ၏ထီးနန်းကို ဆက်ခံမည်ဖြစ်သည်။

၁၉၈၉ ခုနှစ်တွင်ကွယ်လွန်ခဲ့သော အာကီဟီတို၏ဖခင် ဟီရိုဟီတို၏အမည်ဖြင့် စစ်ပွဲဆင်နွှဲခဲ့မှုက ၂၀ ရာစုသမိုင်း၌ရှိသောကြောင့် ဧကရာဇ်၏အနေအထားသည် ဂျပန်နိုင်ငံ၌ အလွန်ထိရှလွယ်သော အကြောင်းအရာဖြစ်သည်။

ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီးနောက် အာကီဟီတိုသည် နိုင်ငံ၏သင်္ကေတတစ်ရပ်အဖြစ် ပို၍ခေတ်မီသော အခန်းကဏ္ဍတစ်ရပ်ကို ပွေ့ဖက်ရန် စိတ်အားထက်သန်ခဲ့သူဖြစ်သည်။ သူ၏ဖခင်ဖြစ်သူ ဟီရိုဟီတိုအပါအဝင် ဂျပန်ဧကရာဇ်ဟောင်းများသည် ဘုရားသခင်နီးပါး ဆက်ဆံခံရသူများဖြစ်သည်။

ကျောက်တုံးနံရံများနှင့် ရေညှိတက်နေသောကျုံးများ ဝန်းရံထားသည့်နန်းတော်ကို အများပြည်သူတို့အတွက် တစ်နှစ်လျှင်နှစ်ကြိမ် ဖွင့်ပေးလေ့ရှိသည်။ တစ်ကြိမ်မှာ ဧကရာဇ်မွေးနေ့ဖြစ်ပြီး နောက်တစ်ကြိမ်မှာ နှစ်သစ်ကူး ဒုတိယမြောက်နေ့ဖြစ်သည်။

Most Read

Most Recent