မွမ်ဘိုင်းစားသောက်ဆိုင်တွင် မီးလောင်မှုကြီးဖြစ်ပွားခဲ့ရာ လူ ၁၄ ဦးထက်မနည်းသေဆုံး

မွမ်ဘိုင်းစားသောက်ဆိုင်တွင် မီးလောင်မှုကြီးဖြစ်ပွားခဲ့ရာ လူ ၁၄ ဦးထက်မနည်းသေဆုံး
Published 30 December 2017

ဒီဇင်ဘာ ၂၉ ရက်က မွမ်ဘိုင်းတွင် ပါတီပွဲကျင်းပသည့် ခေါင်းမိုးပေါ်၌ မီးလောင်ထားသည့် အဆောက်အအုံအား ရိုက်ကူးထားသော ဓာတ်ပုံ (Photo: AFP)

မွမ်ဘိုင်းမြို့ရှိ ကျော်ကြားသော စားသောက်ဆိုင်တစ်ဆိုင်၌ မီးလောင်မှုကြီးဖြစ်ပွားခဲ့ရာ လူ ၁၄ ဦးထက်မနည်း သေဆုံးခဲ့ရသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်သည် အိန္ဒိယနိုင်ငံတွင် မီးဘေးလုံခြုံမှုနှင့်ပတ်သက်ပြီး စိုးရိမ်မှုများအား မြင့်တက်စေသော နောက်ဆုံးဘေးအန္တရာယ် တစ်ခုလည်း ဖြစ်လာခဲ့သည်။

မီးလောင်မှုအတွင်း သေဆုံးခဲ့သူတို့အနက် ၁၁ ဦးမှာ စားသောက်ဆိုင်၏ခေါင်မိုးထပ်မှ မွေးနေ့ပါတီပွဲ တစ်ခုသို့လာရောက်ကြသော အမျိုးသမီးငယ်လေးများဖြစ်ကြကြောင်း သိရသည်။ ၎င်းတို့သည် မီးလောင်နေသော အဆောက်အအုံအတွင်းမှ ထွက်ပြေးရင်း အသက်ရှူကျပ်ကာ သေဆုံးခဲ့ခြင်းဖြစ်နိုင်သည်ဟု ဆရာဝန်တို့က ပြောခဲ့ကြသည်။

အိန္ဒိယ၏ ဘဏ္ဍာရေးမြို့တော်မွမ်ဘိုင်းရှိ  လေးထပ်မြင့်သော ထိုအဆောက်အအုံထဲမှ လူများထွက်ပြေးရန် ကြိုးပမ်းနေစဉ် မျက်နှာကြက်တစ်ခု ပြိုကျခဲ့ရာမှ အထဲတွင် လူများ ပိတ်မိခဲ့ကြသေးသည်ဟု အိန္ဒိယမီဒီယာများတွင် ဖော်ပြခဲ့သည်။ ထိုမီးကို အစောပိုင်းမှာပင် ငြှိမ်းသတ်လိုက်နိုင်သော်လည်း ပါတီလုပ်ခဲ့သည့် ခေါင်းမိုးထပ်မှာ လုံး၀ မီးလောင်ကျွမ်းသွားခဲ့သည်ဟု အေအက်ဖ်ပီသတင်းထောက်တစ်ဦးက ပြောကြားခဲ့သည်။

“လူ ၁၄ ဦးကတော့ ရရှိတဲ့ ဒဏ်ရာဒဏ်ချက်တွေကြောင့် အသက်ဆုံးရှုံးခဲ့ရပြီး ကျန်သူတွေကတွေက KEM ဆေးရုံကနေ ဆင်းသွားကြပါပြီ။ သေဆုံးသူအများစုဟာ အသက်ရှူကျပ်တာကြောင့် အသက်ဆုံးရှုံးခဲ့တာဖြစ်ပါတယ်” ဟု KEM ဆေးရုံမှ စည်းကမ်းထိန်းသိမ်းရေးပုဂ္ဂိုလ်က ဆိုသည်။ မီးလောင်ရသည့်အကြောင်းရင်းကို ရဲများက စုံစမ်းနေဆဲဖြစ်ပြီး စားသောက်ဆိုင်ပိုင်ရှင်ကိုမူ ကနဦးအနေနှင့် အမှုတစ်ခုဖွင့်ထားကြောင်း သိရသည်။

“လူစုပြုံတိုးမှုဖြစ်သွားပြီး ကျွန်မပေါ်ကနေ လူတွေဖြတ်ပြေးနေကြချိန်မှာ မီးကြောင့် မျက်နှာကျက်ပြိုကျခဲ့ပါတယ်။ ဘယ်လိုလုပ် အသက်ရှင်ခဲ့လဲဆိုတာ ကိုယ့်ဘာသာကိုယ်တောင် မသိတော့ပါဘူး” ဟု မီးလောင်စဉ်က ထိုနေရာ၌ရှိခဲ့သော အမျိုး သမီးတစ်ဦးက Twitter ပေါ်တွင် ရေးသားခဲ့သည်။

စားသောက်ဆိုင်သည် ဟိုတယ်များ၊ ရုံးများရှိသော Kamala Mills ဝင်းထဲတွင် ရှိခြင်းဖြစ်ပြီး ထိုစားသောက်ဆိုင်ရှိရာ လေးထပ်တိုက်တွင် သတင်းဌာနသုံးခုထက်မနည်းရှိရာ ယင်းသတင်းဌာနများလည်း မီးဘေးသင့်ခဲ့သည်။ အိန္ဒိယဝန်ကြီးချုပ်နရင် ဒရာမိုဒီက မွမ်ဘိုင်းမီးလောင်မှုအတွက် မချိတင်ကဲဖြစ်ရကြောင်း Twitter တွင် ရေးသားခဲ့သည်။

အိန္ဒိယနိုင်ငံတစ်ဝန်းတွင် နိမ့်ကျသော လုံခြုံရေးအဆင့်အတန်းနှင့် စည်းကမ်းထိန်းသိမ်းမှု မရှိခြင်းတို့ကြောင့် မတော်တဆ မီးလောင်မှုများ မကြာခဏဖြစ်ပွားလေ့ရှိသည်။ စက်တင်ဘာဘကလည်း မွမ်ဘိုင်းမှာပင် ဆောက်လုပ်ဆဲ အဆောက်အအုံတစ်လုံး၌ ဂက်စ်အိုးတစ်အိုးပေါက်ကွဲခဲ့ရာ ခြောက်ဦး သေဆုံးခဲ့ရသည်။