အိုလံပစ်ပွဲတော်နှင့် ပတ်သက်၍ စိုးရိမ်နေကြစဉ် အမေရိကန်နှင့် တောင်ကိုရီးယားတို့ စစ်ရေးလေ့ကျင့်မည့် ကိစ္စအား ဆွေးနွေး

အိုလံပစ်ပွဲတော်နှင့် ပတ်သက်၍ စိုးရိမ်နေကြစဉ် အမေရိကန်နှင့် တောင်ကိုရီးယားတို့ စစ်ရေးလေ့ကျင့်မည့် ကိစ္စအား ဆွေးနွေး
Published 13 December 2017

ဒီဇင်ဘာ ၁၂ ရက်က အိုလံပစ်အားကစားရုံ၌ အကြမ်းဖက်မှု တိုက်ဖျက်ရေး လေ့ကျင့်မှုတွင် ပါဝင်နေသည့် တောင်ကိုရီးယား SWAT အဖွဲ့ဝင်တစ်ဦး (Photo : AFP)

နျူကလီးယားလက်နက် ပိုင်ဆိုင်သည့် မြောက်ကိုရီးယားကို ဒေါသထွက်စေသည့် နှစ်စဉ် စစ်ရေးလေ့ကျင့်မှုကြီးများ ကျင်းပမည့် အချိန်နှင့် ပတ်သက်၍ အမေရိကန် စစ်တပ်သည် တောင်ကိုရီးယားနှင့် ဆွေးနွေးနေသည်ဟု သိရသည်။ လာမည့်နှစ် ထိုစစ်ရေး လေ့ကျင့်မှုများ ကျင်းပမည့်အချိန်သည် ဆောင်းရာသီ အိုလံပစ် ကျင်းပမည့် အချိန်နှင့်လည်း တိုက်ဆိုင်သွားဖွယ်ရှိသည်။

မဟာမိတ်နှစ်နိုင်ငံစလုံးမှ တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ ပါဝင်ပြီး ယင်းနှစ်နိုင်ငံစလုံးက ကာကွယ်ရေး ရည်ရွယ်ချက်သက်သက် အတွက်ဟု အခိုင်အမာ ဆိုနေကြသော Foal Eagle နှင့် Key Resolve စစ်ရေး လေ့ကျင့်ကြီးများသည် နှစ်စဉ်ဖေဖော်ဝါရီလနှောင်းပိုင်း သို့မဟုတ် မတ်လအစောပိုင်းတွင် စတင်လေ့ရှိသည်။ သို့သော် မြောက်ကိုရီးယားကမူ ထိုစစ်ရေး လေ့ကျင့်မှုကြီးများအား ၎င်းတို့နိုင်ငံကို ကျူးကျော်ရန် အကြိုလေ့ကျင့်နေကြခြင်း ဖြစ်သည်ဟု ရှုမြင်နေသည့်အတွက် ထိုစစ်ရေးလေ့ကျင်မှုကြီးများ ကျင်းပတိုင်း နဂိုကတည်းက တင်းမာနေသည့် အခြေအနေများမှာ ပိုမိုဆိုးရွား သွားလေ့ရှိသည်။

တောင်ကိုရီးယားနိုင်ငံ Pyeongchang တွင် လာမည့်နှစ်၌ ကျင်းပမည့် ဆောင်းရာသီ အိုလံပစ်ပွဲတော်မှာ ဖေဖော်ဝါရီ ၉ ရက်မှ ၂၅ ရက်အတွင်းဖြစ်ပြီး ယင်းနောက်တွင် မသန်စွမ်းများအတွက် အားကစား ပွဲတော်ဖြစ်သော Paralympics ကိုဆက်၍ ကျင်းပမည် ဖြစ်သည်။

ယခုထွက်လာသည့် သတင်းများအရ မြောက်ကိုရီးယားထံမှ ရန်စနိုင်သည့် အခွင့်အလမ်းများ နည်းသွားစေရန် ထိုပူးတွဲစစ် ရေးလေ့ကျင့်မှုများကို အားကစားပွဲများ ပြီးသည့်အချိန်အထိ နောက်ဆုတ်ပေးရေးအတွက် တောင်ကိုရီးယားက အမေရိကန်ကို တောင်းဆိုနေသည်ဟု သိရသည်။

“Key Resolve နဲ့ Foal Eagle စစ်ရေးလေ့ကျင့်မှုတွေမတိုင်မီ ကျင်းပမယ့်အချိန်၊ ကျင်းပမယ့်ပုံစံတွေကို ROK-US မဟာမိတ်တွေက ဆွေးနွေးနေကြပါတယ်” ဟု အမေရိကန်၏ ပစိဖိတ်ဌာနချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဒေ့ဗ်ဘန်ဟန်၏ ပြောကြားချက်ကို ယွန်ဟပ်သတင်းဌာနတွင် ဒီဇင်ဘာ ၁၂ ရက်က ဖော်ပြခဲ့သည်။ ထိုစစ်ရေး လေ့ကျင့်မှုများ ကျင်းပမည့်အချိန်ကို သင့်တော်သည့်အချိန်၌ ထုတ်ပြန်သွားမည်ဟုလည်း ၎င်းက ပြောကြားခဲ့ကြောင်း သိရသည်။

တောင်ကိုရီးယားသည် စစ်ရေးလေ့ကျင့်မှုများကို Paralympics ပြီးစီးမည့် မတ် ၁၈ ရက်အထိ နောက်ဆုတ်ပေးရန် တောင်းဆိုခဲ့ကြောင်း ထိုကိစ္စနှင့် ရင်းနှီးသူလေးဦးက ပြောကြားခဲ့သည်ဟု Financial Times တွင် ဖော်ပြခဲ့ပြီးနောက် ယခုကဲ့သို့ မှတ်ချက်များ ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနကမူ ထိုကိစ္စနှင့် ပတ်သက်၍ အမေရိကန်နှင့် တရားဝင်ဆွေးနွေးမှုမရှိဟုသာ ထုတ်ပြန်ထားသည်။

တောင်ကိုရီးယားစစ်တပ်၊ ရဲနှင့်အခြား လုံခြုံရေး တပ်ဖွဲ့များသည် ဒီဇင်ဘာ ၁၂ ရက်က Pyeongchang မြို့၌ အကြမ်းဖက်မှု နှိမ်နင်းရေးနှင့် ပတ်သက်သော ကြီးမားသည့် စစ်ရေးလေ့ကျင့်မှုကြီးကို ပြုလုပ်ခဲ့ကြသည်။ ယင်းလေ့ကျင့်မှုများတွင် ဓားစာခံဖမ်းဆီးမှုများ၊ ဖောက်ခွဲရေးပစ္စည်းများ၊ ကားဝင်တိုက်မှုပုံစံများကို ထည့်သွင်းလေ့ကျင့် ခဲ့ကြကြောင်း သိရသည်။

Ref : AFP

Most Read

Most Recent