ထိုင်းနိုင်ငံတွင် မြန်မာအမျိုးသမီးတစ်ဦးအား မူးယစ်ဆေးငွေကြေးကို ခဝါချမှုဖြင့် တရားစွဲ

ထိုင်းနိုင်ငံတွင် မြန်မာအမျိုးသမီးတစ်ဦးအား မူးယစ်ဆေးငွေကြေးကို ခဝါချမှုဖြင့် တရားစွဲ
Published 1 December 2017

ထိုင်းနိုင်ငံတွင် မြန်မာအမျိုးသမီးတစ်ဦးအား မူးယစ်ဆေးငွေကြေးကို ခဝါချမှုဖြင့် တရားစွဲ (Photo -The Nation)

ထိုင်းနိုင်ငံတွင် မြန်မာအမျိုးသမီးတစ်ဦးကို မူးယစ်ဆေးမှောင်ခိုကုန်ကူးမှုမှရရှိသည့် ငွေကြေးအား ခဝါချမှုဖြင့် ဖမ်းဆီးလိုက်ကြောင်း သိရသည်။

“သူ့ရဲ့ ဘဏ်စာရင်းမှာပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း တစ်နှစ်ကို ဘတ်ငွေ ၁၀ ဘီလျံကျော် ဝင်တာကို ကျွန်တော်တို့ တွေ့ရှိရပါတယ်” ဟု မူးယစ်ဆေးနှိမ်နင်းရေးဗျူရို (NSB) အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ဆွန်မိုင်ကောင်ဝီစိုင်းဆပ်က နိုဝင်ဘာ ၂၉ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ ပြောကြားခဲ့သည်။

သူက အဆိုပါအမျိုးသမီးကို နန်းမြင့်သိန်းအေး (၄၁ နှစ်) ဟု ဖော်ပြခဲ့သည်။

“အထောက်အထားတွေအရ သူဟာ ထိုင်းဘက်နဲ့ မြန်မာဘက် နှစ်ခုစလုံးမှာ ရတနာဆိုင်တွေနဲ့ ဟိုတယ်တွေကို ဗန်းပြစရာအဖြစ် အသုံးပြုထားကြောင်း တွေ့ရပါတယ်” ဟု ထိုင်းဒုတိယဗိုလ်ချုပ်ကြီးက ပြောကြားခဲ့သည်။

သို့သော် နန်းမြင့်သိန်းအေးက ထိုင်းအာဏာပိုင်များအားသူသည် ထိုင်းနှင့်မြန်မာနိုင်ငံတို့တွင် ငွေလဲလှယ်ရေးဆိုင်များ လုပ်ကိုင်ခဲ့ကြောင်း ပြောကြားလျက် မည်သည့်အမှားကိုမျှ မလုပ်ခဲ့ဟု ငြင်းဆိုခဲ့သည်။

“နေ့တိုင်း ကျွန်မဘဏ်စာရင်းတွေက ဘတ်တစ်သန်းနဲ့ ဘတ်နှစ်သန်းအကြား ငွေကြေးစီးဆင်းမှုတစ်ရပ် ရှိခဲ့ပါတယ်” ဟု သူက ပြောကြားခဲ့သည်။

နန်းမြင့်သိန်းအေးက သူသည် မည်သည့်အခါကမျှ မူးယစ်ဆေးမှောင်ခိုမှု၌ ပါဝင်ပတ်သက်ခဲ့ဖူးခြင်း မရှိကြောင်းနှင့် သူ့အား ဘာ့ကြောင့် ဖမ်းဆီးသည်ကို နားမလည်နိုင်ကြောင်းလည်း ပြောကြားခဲ့သည်။

NSB ၏ ယာယီ လက်ထောက်အကြီး အကဲရဲမှူး တာနိုင်းအပီချက်ဆန်နီးက နန်းမြင့်သိန်းအေးအား ဖမ်းဆီးမိန့်ကို မေ ၁၅ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကျွန်တော်တို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ သူဟာ ထိုင်းကနေ မြန်မာကို မူးယစ်ဆေးကုန်သွယ်မှုတွေနဲ့ ဆိုင်တဲ့ တရားမဝင်ငွေကြေးတွေကို လွှဲပြောင်းခဲ့နိုင်တယ်ဆိုတာ သိရပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

တာနိုင်းက စုံစမ်းစစ်ဆေးသူများသည် နှစ်များစွာအကြာကို ခြေရာခံထားသည့် အချက်အလက်များပေါ်၌ အခြေပြုခြင်းဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။

“သူဟာ ဖွန်ပါသမ်မာနီး ခေါ်ဂျီးဖွန်နဲ့လည်း ပတ်သက်နေပါတယ်” ဟု တာနိုင်းက နာမည်ကြီးလှသော မူးယစ်ဆေးမှောင်ခိုသမားတစ်ဦး၏ အမည်ကို ရည်ညွှန်းလျက် ပြောကြားခဲ့သည်။

ဖွန်သည် ထိုင်းနိုင်ငံက အလိုရှိသော တရားခံစာရင်း၌ ပါနေသောကြောင့် အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး ဖြစ်သည်။

Ref; The Nation

Most Read

Most Recent