မြောက်ကိုရီးယားအစိုးရအား အကြွင်းမဲ့ဖျက်ဆီးပစ်မည်ဟု အမေရိကန် ခြိမ်းခြောက်

မြောက်ကိုရီးယားအစိုးရအား အကြွင်းမဲ့ဖျက်ဆီးပစ်မည်ဟု အမေရိကန် ခြိမ်းခြောက်
Published 1 December 2017

နိုဝင်ဘာ ၂၉ ရက်က တိုက်ချင်းပစ်ပဲ့ထိန်းဒုံးအား ကြည့်ရှုနေသည့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် (Photo - ADP)

ပြုံယမ်းသို့ တရုတ်ရေနံများ ပေးပို့မှု အပါအဝင် မြောက်ကိုရီးယားနှင့် သံတမန်ရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံမှုများ အားလုံးကို ဖြတ်တောက်ရန် နိုင်ငံအားလုံးကို တိုက်တွန်းခဲ့ချိန်၌ အမေရိကန်က စစ်ပွဲဖြစ်ပွားလျှင် မြောက်ကိုရီးယားခေါင်းဆောင်ပိုင်းသည် အကြွင်းမဲ့ ဖျက်ဆီးပစ်ခံရမည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၉ ရက်တွင် သတိပေးခဲ့သည်။

မြောက်ကိုရီးယား၏ တိုက်ချင်းပစ်ပဲ့ထိန်းဒုံး နောက်ဆုံးပစ်လွှတ်ခဲ့မှုအား တုံ့ပြန်ရန်အတွက် ခေါ်ယူခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးတွင် အမေရိကန်က မြောက်ကိုရီးယားအား ပြင်းထန်သော တုံ့ပြန်မှုများ ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

မြောက်ကိုရီးယားအာဏာရှင်သည် ကမ္ဘာအား စစ်ပွဲသို့နီးကပ်စေသည့် ရွေးချယ်မှုတစ်ခုကို နိုဝင်ဘာ ၂၉ ရက်က ပြုလုပ်ခဲ့ကြောင်း၊ စစ်ပွဲဖြစ်ပွားလျှင် အမှားအယွင်း မကျူးလွန်မိစေရန် သတိပေးလိုကြောင်း၊ မြောက်ကိုရီးယားအစိုးရသည် အလုံးစုံ ချေမှုန်းပစ်ခံရမည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး နစ်ကီဟာလေက လုံခြုံရေးကောင်စီ၌ ပြောကြားခဲ့သည်။

အမေရိကန်ရှိ မည်သည့်နေရာကိုမဆို ပစ်ခတ်နိုင်စွမ်းရှိဟု အခိုင်အမာပြောကြားခဲ့ပြီး ၎င်းတို့၏ တတိယအကြိမ်မြောက် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကို မြောက်ကိုရီးယားက စမ်းသပ်ခဲ့ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်အား စက်ဆုပ်စရာကောင်းသူအဖြစ် ပြက်ရယ်ပြုခဲ့ပြီး အဓိကပိတ်ဆို့အရေးယူမှုများ ချမှတ်သွားမည်ဟု ခြိမ်းခြောက်ခဲ့သည်။

Hwasong - 15 တိုက်ချင်းပစ် ပဲ့ထိန်းဒုံးသည် မြောက်ကိုရီးယားက တင်းပြည့် နျူကလီးယား လက်နက်အင်အားကြီးနိုင်ငံဖြစ်လာစေရန် ရည်မှန်းချက်ကို ပြည့်မီစေခဲ့ကြောင်း ကင်ဂျုံအွန်က ပြောကြားခဲ့သည်။

ထရန့်သည် တရုတ်သမ္မတရှီကျင်ပင်း ထံဖုန်းဆက်ပြီး မြောက်ကိုရီးယားစီးပွားရေးအား ထိုးနှက်ချက်ဖြစ်လာမည့် ရေနံတင်ပို့မှု အားလုံးကို ဖြတ်တောက်ရန် တိုက်တွန်းခဲ့ကြောင်း၊ ယင်းသည် အပယ်ခံ မြောက်ကိုရီးယားအစိုးရအား ဟန့်တားရန် နိုင်ငံတကာ၏ ကြိုးပမ်းမှုတွင် အခရာကျသည့် ခြေလှမ်းဖြစ်လာမည်ဖြစ်ကြောင်း ဟာလေက ပြောကြားခဲ့သည်။

ပေကျင်းက ပြုံယမ်းထံ ရေနံတင်ပို့မှုများအား မဖြတ်တောက်ပါက ၎င်းတို့ကိုယ်တိုင် ရေနံအခြေအနေအား ကိုင်တွယ်နိုင်ကြောင်း ဟာလေက တရုတ်ကို ဖိအားတိုးမြှင့်ခဲ့သည်။

ပြီးခဲ့သောနှစ်တွင် ချမှတ်ခဲ့သောပိတ်ဆို့ အရေးယူမှုသုံးကြိမ်သည် မြောက်ကိုရီးယားအား လမ်းကြောင်းပြောင်းစေရန် မစွမ်းနိုင်ဖြစ်ခဲ့ပြီးနောက် နောက်ထပ်အရေးယူမှုများအား စဉ်းစားရန် အမေရိကန်၊ ဂျပန်နှင့်တောင် ကိုရီးယားတို့၏ မေတ္တာရပ်ခံချက်ဖြင့် အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ထရန့်က မြောက်ကိုရီးယားအား စစ်ရေးဖြင့် အရေးယူမှုဆောင်ရွက်ရန် စဉ်းစားနေဖွယ်ရှိမှုကြောင့် ကျယ်ပြန့်သောစစ်ပွဲသို့ အသွင်ပြောင်းသွားမည်ကို ဆိုးလ်တွင် စိုးရိမ်မှုများ ရှိနေခဲ့သည်။

လူဦးရေ ၁၀ သန်းရှိပြီး မြောက်ကိုရီးယားနယ်စပ်နှင့် ကီလိုမီတာ ၅၀ (မိုင် ၃၀) ခန့်သာ ကွာဝေးသည့်ဆိုးလ်သည် မြောက်ကိုရီးယား အမြောက်တပ်များ၏ ပစ်ခတ်နိုင်သည့် အကွာအဝေး၌ ရှိနေသည်။

Ref; AFP

Most Read

Most Recent