ခြစားမှုဆိုင်ရာ စုံစမ်းစစ်ဆေးခံရပြီးနောက် တရုတ်ဗိုလ်ချုပ်တစ်ဦး ဆွဲကြိုးချသေဆုံး

ခြစားမှုဆိုင်ရာ စုံစမ်းစစ်ဆေးခံရပြီးနောက် တရုတ်ဗိုလ်ချုပ်တစ်ဦး ဆွဲကြိုးချသေဆုံး
Published 29 November 2017

မတ် ၅ ရက်က ပေကျင်းရှိ အမျိုးသားပြည်သူ့ကွန်ဂရက် ဆွေးနွေးပွဲ၌ တွေ့ရသည့် ဗဟိုစစ်ကော်မရှင်ညွှန်ကြားရေးမှူး ကျန်းယန်(လယ်) (Photo: AFP)

တရုတ်သမ္မတ ရှီကျင်ပင်း၏ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး အစီအစဉ်တွင် နောက်ဆုံး စုံစမ်းစစ်ဆေးခံခဲ့ရသည့် ထိပ်တန်းတာဝန်ရှိသူတစ်ဦးဖြစ်လာခဲ့ပြီးနောက် တရုတ်ဗိုလ်ချုပ်တစ်ဦးသည် ပေကျင်းရှိ ၎င်း၏နေအိမ်တွင် ဆွဲကြိုးချသေဆုံးခဲ့ကြောင်း အစိုးရမီဒီယာဆင်ဟွာက နိုဝင်ဘာ ၂၈ ရက်တွင် ဖော်ပြခဲ့သည်။

ဗဟိုစစ်ဘက်ကော်မရှင်၏ နိုင်ငံရေးဌာနမှ ညွှန်ကြားရေးမှူး ကျန်းယန်သည် အကျင့်ပျက်ခြစားမှုအတွက် စစ်ဆေးခံနေရသည့် အခြားစစ်ဘက်ထိပ်တန်းတာဝန်ရှိသူ နှစ်ဦးနှင့် ဆက်နွှယ်မှုကြောင့် စုံစမ်းစစ်ဆေးခံနေရစဉ် နိုဝင်ဘာ ၂၃ ရက်တွင် ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ခြင်းဖြစ်ကြောင်း ဆင်ဟွာက ဖော်ပြခဲ့သည်။

၂၀၁၂ ခုနှစ်နောက်ပိုင်း ရာထူးအဆင့် မျိုးစုံပါဝင်သော ကွန်မြူနစ်ပါတီအဖွဲ့ဝင် ၁ ဒသမ ၅ သန်းအား အပြစ်ပေးခဲ့ပြီးဖြစ်သည့် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကို အရှိန် မြှင့်သွားမည်ဟု ရှီက ပြီးခဲ့သောလတွင် ကွန်မြူနစ်ပါတီ ကွန်ဂရက်၌ ကတိပြုခဲ့ပြီးနောက် ကျန်းအား စုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။ ကျန်းသည် လာဘ်ပေးလာဘ်ယူပြုလုပ်ခဲ့သည်ဟု သံသယရှိခံရမှုအပြင် ဇာစ်မြစ်ရှင်း ရှင်းလင်းလင်း မရှိသော ပိုင်ဆိုင်မှုများအား ပိုင်ဆိုင်ထားခြင်းဖြင့် စည်းမျဉ်းဆိုင်ရာ ကျင့်ထုံးများအား ဆိုးဆိုးရွားရွား ချိုးဖောက်ခဲ့ပြီး ဥပဒေကိုလည်း ဖောက်ဖျက်ခဲ့ကြောင်း ကော်မရှင်၏ အစီရင်ခံစာအား ကိုးကား၍ ဆင်ဟွာက ဖော်ပြခဲ့သည်။

ကျန်းသည် ကိုယ့်ကိုယ်ကိုယ် သတ်သေ၍ တာဝန်ခံမှုမှ ရှောင်လွှဲသွားခဲ့ကြောင်း တရုတ်ပြည်သူ့တပ်မတော်က စီမံသည့် စစ်ဘက်သတင်းစာ၏ လူမှုမီဒီယာတွင် နိုဝင်ဘာ ၂၈ ရက်၌ ဖော်ပြခဲ့သည်။ ကျန်းသည် ပါးစပ်မှ သစ္စာခံကြောင်း အော်ဟစ်နေသော်လည်း နောက်ကွယ်တွင် အကျင့်ပျက်ခြစားနေသည့် မျက်နှာနှစ်ဖက်နှင့်လူဖြစ်ကြောင်း ယင်းပို့စ်တွင် ဝေဖန်ခဲ့သည်။

ကျန်းသည် တရုတ်ကွန်မြူနစ်ပါတီမှ ထုတ်ပယ်ခံခဲ့ရသော စစ်ဘက်ထိပ်တန်း ပုဂ္ဂိုလ်များဖြစ်သည့် ကူပိုရှောင်နှင့် ရှုကိုင်ဟူတို့နှင့်လည်း ဆက်နွယ်မှုရှိကြောင်း ဖော်ပြခံရသည်။ ဗဟိုစစ်ဘက်ကော်မရှင်၏ ဒုတိယဥက္ကဋ္ဌဖြစ်သော ကူသည် ရာစုနှစ်ထက်ဝက် ကျော်အတွင်း အကျင့်ပျက်ခြစားမှုဖြင့် စီရင်ချက်ချမှတ်ခံခဲ့ရသော တရုတ်စစ်ဘက်မှ ရာထူးအမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ထောင်ဒဏ်တစ်သက် ချမှတ်ခံခဲ့ရသည်။ နောက်ထပ်ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌဖြစ်သော ရှုသည်လည်း ခြစားမှုအတွက် စုံစမ်းစစ်ဆေးခံနေရစဉ် ၂၀၁၅ ခုနှစ်တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

အဆင့်မြင့်တာဝန်ရှိသူ 'ကျား'များနှင့် အဆင့်နိမ့်တာဝန်ရှိသူ 'ယင်ကောင်' များ အား တိုက်ဖျက်သွားမည်ဟု ကတိပြုထားသည့် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအစီအစဉ်သည် သမ္မတရှီက ၎င်း၏ နိုင်ငံရေးရန်ဘက်များအား ဖယ်ရှားရန်အတွက် ဟန်ပြ အဖြစ် အသုံးချနေကြောင်း ဝေဖန်သူများက ဖော်ပြခဲ့ကြသည်။ ရှီသည် ကမ္ဘာ့အင်အားအကြီးဆုံးဖြစ်သော အင်အားနှစ်သန်းကျော်ရှိ တရုတ်စစ်ဘက်အား ထိန်းချုပ်မှုတိုးမြှင့်နိုင်ရန် ကြိုးပမ်းနေခဲ့သည်။