ဆေးလိပ်သောက်ခြင်းနှင့် ယဉ်ပါးနေသော အရှေ့တောင်အာရှတွင် ဆေးရွက်ကြီး တိုက်ဖျက်ရန် အကြီးအကျယ် ဆုတ်ယုတ်မှုနှင့် ရင်ဆိုင်ရ

ဆေးလိပ်သောက်ခြင်းနှင့် ယဉ်ပါးနေသော အရှေ့တောင်အာရှတွင် ဆေးရွက်ကြီး တိုက်ဖျက်ရန် အကြီးအကျယ် ဆုတ်ယုတ်မှုနှင့် ရင်ဆိုင်ရ
Published 28 November 2017

နိုဝင်ဘာ ၂၇ ရက်က စင်ကာပူရှိ ရုံးအဆောက်အအုံတစ်ခုဘေးတွင် ပြုလုပ်ထားသည့် ဆေးလိပ်သောက်ရန်နေရာကို ရိုက်ကူးထားသည့်ဓာတ်ပုံ (Photo: AFP)

ဆေးရွက်ကြီးကြောင့် ကျန်းမာရေး ထိခိုက်မှုကို တိုက်ဖျက်ရန် ကမ္ဘာ့သဘောတူညီချက်တစ်ရပ်သည် ကမ္ဘာ့ဆေးလိပ်သောက်သူ အထူထပ်ဆုံး နိုင်ငံအချို့ရှိနေသည့် အရှေ့တောင်အာရှတွင် အကြီးအကျယ် ဆုတ်ယုတ်မှုနှင့် ရင်ဆိုင်ရကြောင်း နိုဝင်ဘာ ၂၇ ရက်တွင် စောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့က ပြောကြားခဲ့သည်။

လွန်ခဲ့သည့်နှစ်က မလေးရှားနှင့် အင်ဒိုနီးရှားတို့တွင် စီးကရက်အတွက် အကောက်ခွန်များ တိုးမြှင့်ရန် အဆိုပြုမှုကို သြဇာရှိသည့် ဆေးရွက်ကြီးလော်ဘီများက  ရပ်တန့်ပစ်နိုင်ခဲ့ပြီး ဗီယက်နမ်သည် ကမ္ဘောဒီးယားမှ ဆေးရွက်ကြီးအခြောက်များ တင်သွင်းမှုနှင့်ပတ်သက်၍ အကောက်ခွန်အားလုံးကို လျှော့ပေါ့ပေးခဲ့ကြောင်း အရှေ့တောင်အာရှ ဆေးရွက်ကြီး ထိန်းချုပ်ရေး မဟာမိတ်အဖွဲ့က အစီရင်ခံစာတစ်စောင်၌ ပြောကြားထားသည်။

“ဆေးရွက်ကြီးလုပ်ငန်းဟာ ဆေးရွက်ကြီး အသုံးပြုမှုကို ထိန်းချုပ်ဖို့ အစိုးရရဲ့အားထုတ်မှုတွေကို လျော့ပါးသွားစေဖို့ ဒါမှမဟုတ် ကဖျက်ယဖျက်လုပ်ဖို့ ဒါမှမဟုတ် ကြန့်ကြာအောင်လုပ်ဖို့ အားလပ်ရက်တစ် ရက်တောင် မနားခဲ့ဘူးဆိုတာ တွေ့ရှိရပါတယ်”ဟု အဆိုပါမဟာမိတ်အဖွဲ့ မူဝါဒရေးရာ အကြီးတန်းအကြံပေး မေရီအက်ဆန်တာ ကိုလန်ဒေးက သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ ပြောကြားခဲ့သည်။

မနီလာမြို့ရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ပစိဖိတ်အနောက်ပိုင်းရုံး၌ ဆေးရွက်ကြီး ညီလာခံတစ်ရပ်တွင် နှစ်ပတ်လည်အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အဆိုပါရုံးသည် ဆေးရွက်ကြီး ထိန်းချုပ်ရေးနှင့်ပတ်သက်၍ ၂၀၀၃ WHO မူဘောင်နှင့် ဒေသတွင်း၌ ကိုက်ညီမှုရှိ မရှိ စောင့်ကြည့်သည့်အဖွဲ့ဖြစ်သည်။

ဆေးရွက်ကြီးအသုံးပြုမှုသည် အဆုတ်ကင်ဆာ၊ နှလုံးရောဂါများနှင့် အခြားကျန်းမာရေးပြဿနာများ ဖြစ်စေပြီး နှစ်စဉ် လူပေါင်း ခုနစ်သန်းအား သေဆုံးစေသည်ဟု WHO က ပြောကြားခဲ့သည်။

အင်ဒိုနီးရှား (အသက် ၁၅ နှစ်နှင့်အထက် အမျိုးသားများ၏ ၇၆ ဒသမ ၂ ရာခိုင် နှုန်း )၊ ဗီယက်နမ် (၄၇ ဒသမ ၇ ရာခိုင်နှုန်း)နှင့် ဖိလစ်ပိုင် (၄၃ ရာခိုင်နှုန်း)တို့သည် ကမ္ဘာပေါ်တွင် ဆေးရွက်ကြီးအသုံးပြုသူ အထူထပ်ဆုံးနိုင်ငံများထဲမှအချို့ဖြစ်သည်။ အရွယ်ရောက်ပြီး အမျိုးသားများအကြား၌ ဆေးလိပ်သောက်သူ များပြားသောနိုင်ငံများထဲတွင် ကမ္ဘောဒီးယား (၄၄ ဒသမ ၁ ရာခိုင် နှုန်း)၊ လာအို (၅၆ ဒသမ ၆ ရာခိုင်နှုန်း)၊ မလေးရှား (၄၃ ရာခိုင်နှုန်း)နှင့် ထိုင်း (၄၁ ဒသမ ၄ ရာခိုင်နှုန်း)တို့လည်း ပါဝင်သည်။

ဆေးရွက်ကြီး အခွန်ကောက်ခြင်းသည်  ဆေးရွက်ကြီး အသုံးပြုမှုလျှော့ချရာ၌ ငွေကြေးကုန်ကျစရိတ်အရ အထိရောက်ဆုံးဖြစ်သည်ဟု WHO က ဆိုသည်။