ယာဉ်မတော်တဆမှု ဖြစ်ပွားအပြီး ဂျပန်ရှိ အမေရိကန်တပ်ဖွဲ့ဝင်အားလုံးကို အရက်သောက်မှု ပိတ်ပင်

ယာဉ်မတော်တဆမှု ဖြစ်ပွားအပြီး ဂျပန်ရှိ အမေရိကန်တပ်ဖွဲ့ဝင်အားလုံးကို အရက်သောက်မှု ပိတ်ပင်
Published 21 November 2017

နိုဝင်ဘာ ၁၉ ရက်က အိုကီနာဝါတွင် ယာဉ်တိုက်မှုဖြစ်ပြီးနောက် ပျက်စီးခဲ့သောယာဉ်အား ရဲစခန်း၌ ရိုက်ကူးထားသောဓာတ်ပုံ (Photo: AP)

အမေရိကန်အခြေစိုက်စခန်းထားရှိမှုအား ဆန့်ကျင်မှုမြင့်တက်နေသော ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းစုတွင် တပ်ဖွဲ့ဝင်တစ်ဦးက အရက်မူး၍မောင်းနှင်မှုကြောင့် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့အပြီး ဂျပန်ရှိ အမေရိကန်တပ်ဖွဲ့ဝင်အားလုံးကို အရက်သောက်မှုပိတ်ပင်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၁၉ ရက်တွင် အမေရိကန်မရိန်းတပ်ဖွဲ့ဝင်တစ်ဦး မောင်းလာသောကားက လမ်းဆုံတစ်ခုတွင် မီနီထရပ်ကားအား တိုက်မိခဲ့ပြီး အသက် ၆၁ နှစ်ရှိ ထရပ်ကားယာဉ်မောင်း သေဆုံးခဲ့ကြောင်း သိရသည်။

အသက် ၂၁ နှစ်ရှိ ယင်းတပ်ဖွဲ့ဝင်အား အရက်သောက်မှုပမာဏတိုင်း ကိရိယာဖြင့် စစ်ဆေးခဲ့ရာ သတ်မှတ်နှုန်းထက် သုံးဆကျော်နေကြောင်း တွေ့ရှိခဲ့သည်။ ယင်းတပ်ဖွဲ့ဝင်အားဖမ်းဆီးခဲ့ပြီး လူသေဆုံးစေသည့် မဆင်မခြင်မောင်းနှင်မှုဖြင့် စွဲချက်တင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ယင်းဖြစ်စဉ်အပြီး ယင်းစခန်းအတွင်းနှင့် အပြင်တွင် အမေရိကန်တပ်ဖွဲ့ဝင်အားလုံးကို အရက်သောက်မှု ပိတ်ပင်ခဲ့ကြောင်း ဂျပန်ရှိ အမေရိကန်တပ်ဖွဲ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ဂျပန်တွင် အမေရိကန်စစ်စခန်း အများအပြားရှိပြီး ပူးတွဲလုံခြုံရေးသဘောတူညီချက်အရ အမေရိကန်တပ်ဖွဲ့ဝင် ၄၇၀၀၀ ခန့်အား တပ်စွဲထားသည်။

သို့သော် အမေရိကန်တပ်ဖွဲ့ဝင်များ ပါဝင်သော ရာဇဝတ်မှုများကြောင့် ဒေသခံများနှင့် ဆက်ဆံရေးကို ဆိုးရွားစေခဲ့သည်။ အသက် ၂၁ နှစ်အရွယ် အမေရိကန်စစ်သားသည် အဝေးပြေးလမ်းကိုကျော်ကာ အခြားကားနှစ်စီးအားတိုက်မိမှု ယမန်နှစ်က ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်တပ်မှူးများသည် အိုကီနာဝါတွင် အလားတူအရက်ပိတ်ပင်မှု ပြဋ္ဌာန်းခဲ့သည်။

နောက်ထပ်ဖြစ်စဉ်တစ်ခုတွင်လည်း အိုကီနာဝါရှိ ကာဒီနာလေတပ်စခန်းမှ အမေရိကန် မရိန်းတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးသည် ပြီးခဲ့သောနှစ်တွင် အသက် ၂၀ အရွယ် ဂျပန်အမျိုးသမီးတစ်ဦးအား သတ်ဖြတ်ခဲ့မှုဖြင့် စွဲချက်တင်ခံရသည့်အမှုဖြစ်သည်။ ယင်းဖြစ်စဉ်ကြောင့် အိုကီနာဝါကျွန်းစုတွင် အမေရိကန်တပ်ဖွဲ့ဝင်များအား တပ်စွဲထားမှုကို ဒေသခံများက ကာလရှည်ကြာဆန့်ကျင်နေမှုအား အရှိန်မြင့်တက်စေခဲ့သည်။

ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ဂျပန်တစ်ဝန်းရှိ တပ်မှူးများသည် စဉ်းစားချင့်ချိန်နိုင်သော အရက်သောက်မှု၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် လက်သင့်ခံနိုင်သော အပြုအမူများအတွက် လမ်းညွှန်မှုများအား မလုပ်မနေရ ချက်ချင်းလုပ်ဆောင်ရမည်ဖြစ်ကြောင်း အမေရိကန်က ကြေညာချက်ထုတ်ခဲ့သည်။

Most Read

Most Recent