တွင်းနက်ကြီးမှ ပေါ်ထွက်လာသော လှိုင်းများကို တွေ့ရှိမှုအတွက် အမေရိကန် သိပ္ပံပညာရှင်သုံးဦး ရူပဗေဒ နိုဘယ်ဆု ရရှိ

တွင်းနက်ကြီးမှ ပေါ်ထွက်လာသော လှိုင်းများကို တွေ့ရှိမှုအတွက် အမေရိကန် သိပ္ပံပညာရှင်သုံးဦး ရူပဗေဒ နိုဘယ်ဆု ရရှိ
Published 4 October 2017

အောက်တိုဘာ ၃ ရက်က ၂၀၁၇ ခုနှစ် ရူပဗေဒနိုဘယ်ဆုကို ကြေညာနေစဉ် (Photo : AFP)

တွင်းနက်ကြီးများ ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော ကမ္ဘာ့ဆွဲငင်အားဆိုင်ရာ လှိုင်းများကို စစ်ဆေးတွေ့ရှိမှု အတွက် အာကာသ ရူပဗေဒဆိုင်ရာ အမေရိကန် သိပ္ပံပညာရှင် သုံးဦးသည် ရူပဗေဒ နိုဘယ်ဆုကို အပ်နှင်းခံရကြောင်း နိုဘယ်ဆု ရွေးချယ်ရေး ဂျူရီအဖွဲ့က အောက်တိုဘာ ၃ ရက်တွင် ကြေညာခဲ့သည်။

အဲဘတ်အိုင်းစတိုင်းက ကမ္ဘာ့ဆွဲငင်အားလှိုင်းများ ရှိကြောင်းကို သူ၏ General relativity သီအိုရီတွင် လွန်ခဲ့သည့် ရာစုနှစ်တစ်ခုက ဟောကိန်းထုတ်ခဲ့သော်လည်း ၂၀၁၅ ခုနှစ်တွင်မှ ယင်းလှိုင်းများကို စစ်ဆေးတွေ့ရှိ ခဲ့ခြင်းဖြစ်သည်။

တွင်းနက်ကြီးများ တိုးတိုက်မှုများကဲ့သို့သော ဖြစ်စဉ်များမှနေ၍ ကာလ-အာကာသ ဘောင်အတွင်း ဆွဲငင်အားလှိုင်းများ ဖြစ်ပေါ်သည်။ ယင်းလှိုင်းများကို တွေ့ရှိမှုကြောင့် စကြဝဠာ၏ ဆန်းကြယ်မှုများကို သိရှိရန် တံခါးပွင့်သွားခဲ့သည်။

ကယ်လီဖိုးနီးယား နည်းပညာသိပ္ပံမှ Laser Interferometer Gravitational – wave Observatory (LIGO) စောင့်ကြည့်ရေးဌာနကို ပူးတွဲတည်ထောင်ခဲ့သော ဘယ်ရီဘာရစ်၊ ကစ်သောနေနှင့် ရိုင်နာဝစ်တို့သည် နိုဘယ်ဆုကို ရရှိခဲ့ကြသည်။ အလင်းနှစ် ၁ ဒသမ ၃ ဘီလျံမှ ဖြစ်စဉ်၏ ရလဒ်ကို LIGO တွင် ၂၀၁၅ ခုနှစ် စက်တင်ဘာက ပထမဆုံးအကြိမ် စစ်ဆေးသိရှိ ခဲ့ခြင်းဖြစ်သည်။ ၁၉၀၁ ခုနှစ်တွင် နိုဘယ်ဆုများ စတင်ပေးအပ်ပြီး နောက်ပိုင်း ကယ်လီဖိုးနီးယား နည်းပညာသိပ္ပံသည် နိုဘယ်ဆု ၁၈ ဆု ရရှိထားသည်။

Ref : AFP