ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီး ဘက်တန်ကောင့် အသက် ၉၄ နှစ် အရွယ်တွင် ကွယ်လွန်

ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီး ဘက်တန်ကောင့် အသက် ၉၄ နှစ် အရွယ်တွင် ကွယ်လွန်
Published 23 September 2017

၂၀၁၀ ပြည့်နှစ် အောက်တိုဘာ ၁၈ ရက်က ပါရီရှိ ဆုပေးပွဲ အခမ်းအနား တစ်ခု၌ တွေ့ရသော ပြင်သစ်အချမ်းသာဆုံး အမျိုးသမီး ဘက်တန်ကောင့် (Photo: AFP)

ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးနှင့် L'Oreal လုပ်ငန်း၏ အမွေဆက်ခံသူဖြစ်ပြီး ရောဂါကြောင့် စိတ်ဖောက်ပြန်ခြင်း (dementia) ကို သက်ကြီးပိုင်းအရွယ်၌ ခံစားနေခဲ့ရသည့် လီလီယန်ဘက်တန်ကောင့်သည် အသက် ၉၄ နှစ်အရွယ်တွင် ကွယ်လွန်သွားပြီဟု မိသားစုက စက်တင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ “လီလီယန်ဘက်တန်ကောင့်ဟာ မနေ့ညကပဲ နေအိမ်မှာ ငြိမ်းချမ်းစွာ ကွယ်လွန်သွားခဲ့ပါတယ်” ဟု သမီးဖြစ်သူ ဖရော်ဆွာဘက်တန်ကောင့်က ပြောကြားသည်။

အလှကုန်လုပ်ငန်းကြီး L'Oreal ၏ အဓိက ရှယ်ယာရှင် ဘက်တန်ကောင့်သည် ဖို့ဘ်စ်မဂ္ဂဇင်းတွင် ဖော်ပြချက်အရ ကမ္ဘာပေါ်တွင် ၁၄ ဦးမြောက် အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ ၎င်း၏ စုစုပေါင်း ကြွယ်ဝမှုကို မတ်လတွင်းက ခန့်မှန်းချက်အရ ဒေါ်လာ ၃၉ ဒသမ ၅ ဘီလျံ (ယူရို ၃၃ ဘီလျံ) ရှိသည်ဟု သိရသည်။ L'Oreal ဘုတ်အဖွဲ့မှ နုတ်ထွက်ခဲ့သော ၂၀၁၂ ခုနှစ်နောက်ပိုင်း ဘက်တန်ကောင့်ကို လူမြင်ကွင်း၌ တွေ့ရမှု ရှားပါးသွားခဲ့သည်။ သို့သော် ၎င်း၏ စိတ်ပိုင်းဆိုင်ရာ ရောဂါကို အခွင့်ကောင်းယူမှုဖြင့် နောက်လိုက်နောက်ပါ အချို့အား တရားစွဲမှုများအတွက် ဘက်တန်ကောင့်၏ အကြောင်းသည် သတင်းခေါင်းစီးများတွင် ဆက်လက် ပါနေခဲ့သည်။ ရှုပ်ထွေးသော ထိုအမှုထဲတွင် သမီးအရင်း ကိုယ်တိုင်နှင့် မိတ်ဆွေများက လိမ်လည်မှုတစ်ခု ပါဝင်ပြီး ပြင်သစ်သမ္မတဟောင်း နီကိုးလပ်စ်ဆာကော်ဆီပါ ပါဝင်ပတ်သက်နေသည်။

Ref: AFP