ရုရှား၏ S-400 ဒုံးစနစ်များ ၀ယ်ယူရန် တူရကီက သဘောတူလက်မှတ်ရေးထိုး

၂၀၁၆ ခုနှစ် မေ ၇ ရက်က မော်စကိုတွင် အောင်ပွဲနေ့ စစ်ရေးပြပွဲ၌ ပြသခဲ့သော S-400 လေကြောင်းကာကွယ်ရေး ဒုံးစနစ်များကို တွေ့ရစဉ် (Photo: AFP)

တူရကီသည် ရုရှားထံမှ S-400 ဒုံးကျည်ကာကွယ်ရေးစနစ်များကို ၀ယ်ယူရန် သဘောတူညီချက်၌ လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း တူရကီသမ္မတ ရီဆပ်တေရစ်အာဒိုဂန်၏ ပြောကြားချက်ကို ကိုးကားပြီး တူရကီသတင်းစာများတွင် စက်တင်ဘာ ၁၂ ရက်၌ ဖော်ပြခဲ့သည်။ ယင်းသည် ရုရှားထံမှ တူရကီ၏ ပထမဆုံးအကြိမ် အကြီးစားလက်နက် ၀ယ်ယူမှုကြီးဖြစ်လာသည်။

မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်များကို ၀ယ်ယူသည့် ထိုသဘောတူညီချက်သည် နေတိုးအဖွဲ့ဝင်မဟုတ်သော နိုင်ငံတစ်နိုင်ငံနှင့် တူရကီတို့၏ အသိသာအထင်ရှားဆုံး သဘောတူညီချက်တစ်ခုလည်းဖြစ်သည်။

“ရုရှားထံကနေ S-400 တွေကိုဝယ်ယူဖို့အတွက် လက်မှတ်တွေရေးထိုးပြီးပါပြီ။ စရန်ငွေလည်း ကျွန်တော်သိသလောက်တော့ ပေးပြီးပါပြီ” ဟု အာဒိုဂန်က ပြောကြားခဲ့သည်ကို Hurriyet နှင့် အခြားသတင်းစာများတွင် ဖော်ပြခဲ့သည်။ “ဒီကိစ္စကို ကျွန်တော်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့က ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်” ဟု အာဒိုဂန်က ဂျာနယ်လစ်များကို ပြောကြားခဲ့သည်။

တူရကီသည် နေတိုးအဖွဲ့ဝင်မဟုတ်သည့် လက်နက်ရောင်းချသောနိုင်ငံထံမှ ယခုကဲ့သို့ ၀ယ်ယူလိုက်ခြင်းကြောင့် အနောက်နိုင်ငံများအတွက် ၎င်းတို့၏နည်းပညာနှင့် မဟာမိတ်၏ စစ်အသုံးအဆောင်ကြားတွင် သဟဇာတမရှိမည်ကို စိုးရိမ်စရာဖြစ်လိမ့်မည်ဖြစ်သည်။ အာဒိုဂန်ကမူ တူရကီသည် ၎င်း၏ကာကွယ်ရေး လိုအပ်ချက်အပေါ်အခြေခံပြီး စစ်အသုံးအဆောင်ဝယ်ယူမှုကို လွတ်လပ်စွာ လုပ်ဆောင်ခွင့်ရှိသည်ဟု ပြောကြားခဲ့သည်။ ပင်တဂွန်သည် ယခင်ကတည်းက ယင်းသဘောတူညီချက်နှင့် ပတ်သက်ပြီး သတိရှိကြောင်း ဖော်ပြထားသည်။

“တူရကီသမ္မတနိုင်ငံရဲ့ ကာကွယ်ရေးကဏ္ဍအတွက် အမှီအခိုကင်းတဲ့ မူဝါဒတွေ၊ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး ဘယ်သူ့မှာမှ ဆွေးနွေးဖို့ အခွင့်အရေးမရှိပါဘူး။ ကျွန်တော်တို့ ကိုယ်ပိုင်လွတ်လပ်ခွင့်အတွက် ကိုယ့်ဆုံးဖြတ်ချက် ကိုယ်ချတာပါ။ ကိုယ့်နိုင်ငံကို ကာကွယ်ဖို့အတွက် လုံခြုံရေးနဲ့ ကာကွယ်ရေးတွေ လုပ်ဆောင်ဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်” ဟု အာဒိုဂန်က ဂျာနယ်လစ်များကို ပြောကြားခဲ့သည်။

ရုရှားအစိုးရဘက်ကလည်း ယခုသဘောတူညီချက်နှင့် ပတ်သက်၍ အတည်ပြုခဲ့သည်။ “သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးပါပြီ။ အကောင်အထည်ဖော်ဖို့လည်း ပြင်ဆင်နေပါပြီ” ဟု ပူတင်၏စစ်ရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အကြံပေး ဗလာဒီမာကိုချင်က ပြောကြားခဲ့သည်။ “ဒီသဘောတူညီချက်အတွက် ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေအားလုံးဟာ မဟာဗျူဟာမြောက်တဲ့ အကျိုးစီးပွားအပေါ် မူတည်နေပါတယ်ဆိုတာကို ကျွန်တော် အာမခံပေးနိုင်ပါတယ်။ ဒီအကြောင်းရင်းကြောင့် တူရကီကို ဖိအားပေးဖို့ ကြိုးပမ်းနေကြတဲ့ အနောက်နိုင်ငံအချို့ရဲ့ တုံ့ပြန်မှုကို နားလည်နိုင်ပါတယ်” ဟု ၎င်းကပြောကြားခဲ့သည်။