ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးကျေးရွာ အထက်တန်းကျောင်း မျက်နှာကြက် ပြိုကျမှုဖြစ်ပွားပြီး ဆရာမတစ်ဦးအပါအဝင် ကျောင်းသားကျောင်းသူကိုးဦး ဒဏ်ရာရ

ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးကျေးရွာ အထက်တန်းကျောင်း မျက်နှာကြက် ပြိုကျမှုဖြစ်ပွားပြီး ဆရာမတစ်ဦးအပါအဝင် ကျောင်းသားကျောင်းသူကိုးဦး ဒဏ်ရာရ
Published 8 September 2018

ဇီးပင်ကြီးကျေးရွာ အထက်တန်းကျောင်း မျက်နှာကြက် ပြိုကျမှုဖြစ်ပွားပြီးနောက်တွေ့ရစဉ်

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးကျေးရွာရှိ အထက်တန်းကျောင်းဆောင် မျက်နှာကြက်ပြိုကျမှု စက်တင်ဘာ ၇ ရက် နံနက် ၁၀ နာရီခန့်က ဖြစ်ပွားရာ ဆရာမတစ်ဦး အပါအဝင် ကျောင်းသား ကျောင်းသူ ကိုးဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါပြိုကျခဲ့သည့် ကျောင်းဆောင်သည် ၁၉၉၇-၁၉၉၈ ခုနှစ်တွင် တည်ဆောက်ထားသည့် ကျောင်းဆောင်ဖြစ်ပြီး ယင်းကျောင်းဆောင်တွင် ကျောင်းသား ၂၅ ဦး၊ ကျောင်းသူ ၂၇ ဦးကို အတန်းပိုင် ဆရာမ ဒေါ်မျိုးမျိုးသူက စာသင်ကြားနေစဉ် စာသင်ခန်းမျက်နှာကြက် ပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကျောင်းဆောင်မျက်နှာကြက် ပြိုကျမှုနှင့်ပတ်သက်ပြီး ပြင်ဦးလွင်မြို့နယ်မဲဆန္ဒနယ် အမှတ် (၁) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းက “၂၄ ပေx ပေ ၃၀ မျက်နှာကြက် တစ်ခန်းစာ ပြိုကျတာပါ။ ထိခိုက်မှုတွက်က အားလုံးစိုးရိမ်စရာ မရှိပါဘူး။ကျောင်းသားတစ်ယောက်နဲ့ ကျောင်းသူတစ် ယောက်ကတော့ ဆေးရုံမှာပါ။ ခေါင်းလေး ဘာလေးနည်းနည်းထိလို့ ဆေးကုသမှုစနစ်အရ တစ်ရက်တက်ခိုင်းတာပါ။ ကျန်တာတွေက ပွန်းပဲ့ဒဏ်ရာပဲရပြီး ကျောင်းသူတစ်ယောက်ကတော့ မျက်နှာကြက်ပြိုကျချိန် ရှောင်လိုက်လို့ သံချောင်းထိုးမိတဲ့ ဒဏ်ရာလေးတော့ရတယ်”ဟု ပြောကြားသည်။

မျက်နှာကြက်ပြိုကျခဲ့သည့် အဆိုပါ ကျောင်းဆောင်ရှိ မျက်နှာကြက်များကို အားလုံးဖြိုချကာ စနေ၊ တနင်္ဂနွေနှစ်ရက်အတွင်း အပြီး ပြန်လည်ဆောက်လုပ်မည်ဖြစ်ကာ လာမည့်တနင်္လာတွင် စာ ပြန်လည်သင်ယူနိုင်မည်ဖြစ်ကြောင်း၊ ကျောင်းဆောင်မျက်နှာကြက်အသစ် ပြန်လည်ဆောက်လုပ်ရန်အတွက် ကျောင်းနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့ စသည့် အဖွဲ့အစည်းအသီးသီးက ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ ကျောင်းဆောင် မျက်နှာကြက် ပြိုကျမှုဖြစ်စဉ်ကြောင့် အဋ္ဌမတန်းအတန်းပိုင် ဆရာမ ဒေါ်မျိုးမျိုးသူမှာ ဦးခေါင်းမူးေ၀ ဒဏ်ရာနှင့် ကျောင်းသားကျောင်းသူရှစ်ဦးမှာ ခြေထောက်၊ နောက်ကျောပွန်းပဲ့ ဒဏ်ရာများ၊ ဦး ခေါင်းပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။

 

Most Read

Most Recent