မြင့်ဆွေ၏ ခြိမ်းခြောက်စေခိုင်းမှုကြောင့် ဦးကိုနီအား လုပ်ကြံခဲ့ရသည်ဟု ကြည်လင်းက ထွက်ဆိုထားရာ ကြည်လင်းနေရာတွင် ခင်ဗျားသာဆို ဘာလုပ်မှာလဲဟု အောင်ဝင်းဇော်အား ကြည်လင်း၏ရှေ့နေ မေးမြန်း

မြင့်ဆွေ၏ ခြိမ်းခြောက်စေခိုင်းမှုကြောင့် ဦးကိုနီအား လုပ်ကြံခဲ့ရသည်ဟု ကြည်လင်းက ထွက်ဆိုထားရာ ကြည်လင်းနေရာတွင် ခင်ဗျားသာဆို ဘာလုပ်မှာလဲဟု အောင်ဝင်းဇော်အား ကြည်လင်း၏ရှေ့နေ မေးမြန်း
Published 10 August 2018

ဦးကိုနီအမှုတွင် ဖမ်းဆီး တရားစွဲဆိုခံရသူများကို သြဂုတ် ၉ ရက်က ရုံးထုတ်လာစဉ် (ဓာတ်ပုံ-နေမျိုးဝင်း)

မြင့်ဆွေ ဆိုသူ၏ ခြိမ်းခြောက်စေခိုင်းမှုကြောင့် ဦးကိုနီအား လုပ်ကြံခဲ့ရသည်ဟု ထွက်ဆိုထားရာ ကြည်လင်းနေရာမှာ ခင်ဗျားသာဆို ဘာလုပ်မလဲဟု အောင်ဝင်းဇော်ကို ကြည်လင်း၏ရှေ့နေ ဦးကျော်ကျော်ထိုက် (တရားလွှတ်တော်ရှေ့နေ) က မေးမြန်းသည်။

သြဂုတ် ၉ ရက်တွင် အောင်ဝင်းဇော်ကို မြောက်ပိုင်းခရိုင် တရားရုံး၌ ငါးကြိမ်မြောက် စစ်ဆေးစဉ် ထိုကဲ့သို့ မေးမြန်းခဲ့ခြင်း ဖြစ်သည်။ ထိုသို့ မေးမြန်းမှုကို အောင်ဝင်းဇော်က ကြည်လင်းနေရာတွင် ၎င်းဆိုပါက ယင်းအခြေအနေမျိုး၌ အခြေအနေအရသာ လုပ်ဆောင်မည် ဖြစ်ကြောင်း၊ ရဲထံသို့ သွားရောက် အကြောင်းကြားချင်လည်း ကြားမည် ဖြစ်ကြောင်း ဖြေကြားသည်။ ထိုသို့ သွားရောက် အကြောင်းကြားခဲ့ပါကလည်း ၎င်းနှင့် မိသားစု ဘေးပတ်ဝန်းကျင်တို့ကို သက်ဆိုင်ရာက လုံခြုံစွာ ကာကွယ်စောင့်ရှောက်ပေးနိုင်မည်ဟု မယုံကြည်ကြောင်းကိုလည်း ထွက်ဆိုခဲ့သည်။

အလားတူ အောင်ဝင်းဇော်က ၎င်းမှာ ကြည်လင်းနှင့် ထောင်အတူ ကျဖူးခြင်းကြောင့် ဦးကိုနီ လုပ်ကြံခံရမှုတွင်လည်း စွပ်စွဲခံထားရကြောင်း၊ ကြည်လင်းနှင့် နောက်ဆုံး တွေ့ခဲ့ရသည်မှာ ၂၀၁၀ ပြည့်နှစ်ဝန်းကျင်တွင် ဖြစ်ပြီး ကြည်လင်းကို သေနတ်လည်း မပေးခဲ့ကြောင်း၊ ၎င်းပိုင်ဆိုင်သည့် ကားပေါ်တွင်လည်း ကြည်လင်းကို တင်ဆောင်ခဲ့ဖူးခြင်း မရှိကြောင်း၊ ကြည်လင်းကို တင်ဆောင်ခဲ့ဖူးပါက ကားတွင် ကြည်လင်း၏ လက်ဗွေရာ တွေ့ရမည်ဖြစ်ပြီး ရဲတပ်ဖွဲ့ကလည်း လက်ဗွေရာ ရှာမတွေ့ခဲ့ကြောင်း၊ လေဆိပ် စီစီတီဗွီ မှတ်တမ်းတွင်လည်း ကြည်လင်းနှင့် စကားပြောခြင်း၊ ကြည်လင်းကို ညွှန်ကြားခြင်း စသည်တို့ကို မမြင်တွေ့ရကြောင်း စသဖြင့် ထွက်ဆိုသည်။

ယင်းနေ့က ရုံးချိန်းတွင် တရားရုံး၌ မကြာခဏ ပြဿနာရှာသည်ဟု ဆိုကာ ဦးနေဝင်းအတွက် အမှုလိုက်ပါ ဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် အား အရေးယူပေးရန် စွပ်စွဲခံရသူ တစ်ဦးဖြစ်သည့် ဇေယျာဖြိုးက တရားရုံးသို့ လျှောက်ထားခဲ့ကြောင်း မီဒီယာများအား ပြောကြားသည်။

“သူ့ကို အရေးမယူမချင်း လျှောက်မယ်။ ကျွန်တော့်မှာ အထောက်အထားတွေ ရှိတယ်။ ပြီးတော့ ကျွန်တော် မှန်သလား၊ မှားသလား ဆိုတာ အဲဒီနေ့က မီဒီယာတွေလည်း တရားခွင်ထဲမှာ ရှိတယ်။ စီစီတီဗွီ မှတ်တမ်းလည်း တရားရုံးမှာ ရှိတယ်။ ဒါကြောင့် တရားရုံး စီစီတီဗွီ မှတ်တမ်းလည်း ထည့်သွင်းဖော်ပြပေးဖို့ လျှောက်ထားတဲ့အထဲမှာ ပါပါတယ်။ နောက်ပြီး ထောင်မှာ နေရတာက ဟိုတယ်မှာ နေရတာ မဟုတ်ဘူးဗျ။ စည်းကမ်းတွေ၊ ဥပဒေတွေနဲ့ နေရတာ။ တစ်ခါတလေကျရင် အကျဉ်းထောင်လက်စွဲ ဥပဒေတွေနဲ့ ကျော်လွန်လို့တောင်မှ လူ့အခွင့်အရေး ကော်မရှင်လာရင် တင်ပြရတယ်။ အိုင်စီအာစီလာရင် တင်ပြရတာတွေ ရှိတယ်။ ထောင်မှာ လက်လွတ်စပယ် နေလို့မရဘူး။ သံတံခါး နှစ်ချပ်ပိတ်ထားတဲ့ အကျဉ်းခန်းလေးထဲမှာ နေနေရတဲ့ဘဝကို သူတို့ နားမလည်နိုင်ဘူး။ သူတစ်ခါ အာချောင်လိုက်ရင် ထောင်ထဲမှာ အကုန်လုံး အနေကျပ် အစားကျပ် ဖြစ်ကုန်တယ်။ အဲဒီတော့ အကျဉ်းသူအကျဉ်းသားတွေ အားလုံးကလည်း ကိုယ်ချင်းစာစိတ် မရှိဘူး။ သူ့ကြောင့် အားလုံး ဒုက္ခရောက်နေရတာ ဖြစ်တဲ့အတွက် ကိုယ်ချင်းစာပါ။ သူကိုယ်တိုင် ထောင်ထဲရောက်မှ နားလည်မှာ ဖြစ်တဲ့အတွက် အကုန်လုံးက သူ့ကိုထောင်ထဲမှာ မျှော်လင့်နေကြတယ်” ဟု ဇေယျာဖြိုးက ပြောကြားသည်။

သြဂုတ် ၄ ရက်တွင် ဦးရောဘတ်စန်းအောင်က လူမှုကွန်ရက် Facebook စာမျက်နှာတွင် ဇေယျာဖြိုးသည် ထောင်အတွင်း လွတ်လွတ်လပ်လပ်ဖြင့် သွားချင်သလို သွားနိုင်ပြီး ဘုရားတွေ ရွှေချ၊ မိန်းဂျေးပေါ်တက်၊ ဗူးတွေပေါ်လဲ တက်၊ တိုက်တွေဆီလည်း သွား၊ ပင်ပေါင်ကစား၊ ထောင်ပိုင်လေးက ဘေးကလိုက် စသဖြင့် အခြားအကျဉ်းသားများထက် အခွင့်ထူး ခံစားနေရသူ ဖြစ်သည်ဟု ရုံးထွက် တရားခံအချို့ကပြောလို့ သိရတယ်ဆိုသည့် စာသားများကို ရေးသားခဲ့သည်။

ဇေယျာဖြိုး၏ လျှောက်ထားမှုသည် တိုင်း တရားလွှတ်တော်ကသာ စီရင်ပိုင်ခွင့် ရှိသဖြင့် ခရိုင်တရားရုံးက ပယ်ချခဲ့ကြောင်း၊ တရားလိုရှေ့နေများ အနေဖြင့် ကြောက်သွားအောင် စီရင်ပိုင်ခွင့် မရှိသည့် တရားရုံးတွင် လျှောက်ထားပြသည်ဟု ယူဆကြောင်း ဦးကိုနီ၏ ရှေ့နေတစ်ဦးဖြစ်သူ ဦးခင်မောင်ဌေး (တရားလွှတ်တော်ရှေ့နေ) က ပြောကြားသည်။

“ကျွန်တော်တို့က သေမင်းတံခါးဝကနေ ပြန်လာတာ။ ထောင်ထဲမှာ ၁၅ နှစ်လောက် နေဖူးတယ်။ ဇေယျာဖြိုးက ထောင်ထဲမှာ လွတ်လပ်ခွင့်တွေ ရနေတယ်။ ဒါ အောင်ကိုထွေး (ကလေးစစ်သား ဖြစ်ခဲ့ဖူးပြီး လက်ရှိတွင် အမှုရင်ဆိုင်နေရသူ) က ပြောတာ။ ကျွန်တော်တို့ကို ကြောက်မလားဆိုပြီး ခြိမ်းခြောက်မှုတို့ ဘာတို့နဲ့ ပုဒ်မတွေ တသီတတန်းကြီးနဲ့ ရွတ်ပြပြီး လျှောက်ထားတာ။ ကျွန်တော်တို့က ကြောက်တယ်ဆိုတဲ့ ဟာကြီးကို အဘိဓာန်ကနေ ဖယ်ထားတဲ့အတွက် ခြိမ်းခြောက်တာတွေကို မမှုပါဘူး” ဟု ဦးရောဘတ်စန်းအောင်က ပြောကြားသည်။

ယင်းနေ့ ရုံးချိန်းတွင် အောင်ဝင်းဇော်ကို ငါးကြိမ်မြောက် စစ်ဆေးပြီးနောက် ၎င်းကို စစ်ဆေးမှု ပြီးဆုံးခဲ့ကြောင်း သိရသည်။

Most Read

Most Recent