ဖားကန့်တွင် မြေပြိုကျမှု ထပ်မံဖြစ်ပွားပြီး ရေမဆေးကျောက်ရှာဖွေသူ ၄၀ ခန့် ပျောက်ဆုံးနေ

ဖားကန့်တွင် မြေပြိုကျမှု ထပ်မံဖြစ်ပွားပြီး ရေမဆေးကျောက်ရှာဖွေသူ ၄၀ ခန့် ပျောက်ဆုံးနေ
Published 24 July 2018

ဓာတ်ပုံ - မမိုး

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု အောက်မက်လင်ချောင် ကျေးရွာအနီးရှိ သက်တမ်းကုန် လုပ်ကွက်တစ်ခုတွင် ဇူလိုင် ၂၄ ရက် နံနက် ၅ နာရီခန့်က ကျောက်ခုံကမ်းပါး ပြိုကျမှု ဖြစ်ပွားခဲ့ပြီး ခန့်မှန်းခြေ ရေမဆေးကျောက်ရှာဖွေသူ ၄၀ ခန့် ပျောက်ဆုံးနေကြောင်း ဒေသခံများက ပြောကြားသည်။

ဆိပ်မူအုပ်စု၊ မပြင်ကျေးရွာအနီး မြန်မာတကောင်း လုပ်ကွက်ဟောင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ပျောက်ဆုံးသူ ၁၇ ဦးစာရင်း ပေးထားကြောင်း သိရသည်။

ဓာတ်ပုံ - မမိုး

ဖားကန့်ဒေသတွင် ၂၀၁၈ ခုနှစ်အတွင်း မြေပြိုမှုကြောင့် သေဆုံးသူ ၁၀၀ အထက် ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

ဖားကန့်ဒေသတွင် မြန်မာနိုင်ငံ အရပ်ရပ်မှ ရောက်ရှိလာသည့် ရွှေ့ပြောင်းလုပ်သား သုံးသိန်းဝန်းကျင် ရှိနေပြီး ကျောက်စိမ်း လုပ်ကွက်များတွင် တရားမဝင် တစ်နိုင်တစ်ပိုင် တူးဖော်ခြင်း၊ မြေစာပုံများတွင် ရေမဆေးရှာခြင်း၊ ကျောက်စိမ်း တူးဖော်နေဆဲ လုပ်ကွက်များတွင် ကျောက်စိမ်း ရှာဖွေခြင်းများ လုပ်ကိုင်ကြပြီး မြေပြိုမှုကြောင့် လူသေဆုံးမှုများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

ဖားကန့်ဒေသတွင် မြေပြိုမှုကို လစဉ်တိုင်း နေရာအနှံ့ ဖြစ်နေပြီး အထူးသဖြင့် မိုးဦးရာသီတွင် မိုင်းဒဏ်၊ သဘာဝဒဏ်များကြောင့် အက်ကြောင်းများ မိုးရေဝင်ကာ လျှောပြိုခြင်း၊ အမြင့်ပိုင်းမှ ရေကန်များ လျှောဆင်းကာ ပြိုကျခြင်း၊ မြေစာပုံများ မြေလျှောခြင်းများ မကြာခဏ ဖြစ်ပွားနေကြောင်း သိရသည်။

Most Read

Most Recent