သားမယား ပြုကျင့်သည်ဟု လီဆယ်၍ အမှုဖွင့်တိုင်တန်းခဲ့သည့် အိမ်အကူ၊ ပွဲစားနှင့် အကျိုးဆောင်လုပ်ငန်း ပိုင်ရှင်အား သရုပ်ဆောင် သီဟတင်စိုး၏ ဇနီးက အမှုဖွင့်

သားမယား ပြုကျင့်သည်ဟု လီဆယ်၍ အမှုဖွင့်တိုင်တန်းခဲ့သည့် အိမ်အကူ၊ ပွဲစားနှင့် အကျိုးဆောင်လုပ်ငန်း ပိုင်ရှင်အား သရုပ်ဆောင် သီဟတင်စိုး၏ ဇနီးက အမှုဖွင့်
Published 20 July 2018

တာမွေမြို့နယ်အတွင်းရှိ ထွန်းတောက်အကျိုးဆောင်လုပ်ငန်းရုံးခန်း (ဝိုင်းပြထား) ကို တွေ့ရစဉ်

သရုပ်ဆောင် သီဟတင်စိုးက သားမယား ပြုကျင့်သည်ဟုဆိုပြီး ရဲစခန်း၌ လီဆယ် တိုင်တန်းခဲ့သည့် အိမ်အကူ ဒေါ်ခင်မာမြင့် အပါအဝင် ပွဲစား ဒေါ်ညိုနှင့် ထွန်းတောက် အကျိုးဆောင်လုပ်ငန်းပိုင်ရှင်ဟု ဆိုသည့် အမျိုးသမီးတို့အား သရုပ်ဆောင် သီဟတင်စိုး၏ ဇနီး ဒေါ်ဇင်မာဦးက ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ဇူလိုင် ၁၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ ရဲအရာရှိ တစ်ဦးထံမှ သိရသည်။

သရုပ်ဆောင် သီဟတင်စိုး၏ ဇနီး ဒေါ်ဇင်မာဦးက အိမ်အကူ ဒေါ်ခင်မာမြင့်၊ ပွဲစား ဒေါ်ညိုနှင့် ထွန်းတောက် အကျိုးဆောင်လုပ်ငန်းပိုင်ရှင် ဒေါ်မြင့်တို့အား သက်ဆိုင်ရာ ရဲစခန်းတွင် တိုင်တန်းခဲ့ပြီး ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၈၉/၁၁၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

အဆိုပါ ရာဇသတ်ကြီးပုဒ်မ ၃၈၉/၁၁၄ မှာ ခြိမ်းခြောက် ငွေတောင်းခံမှု ပုဒ်မဖြစ်ပြီး ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မဖြစ်ကြောင်း သိရသည်။

ယင်းသို့ အမှုဖွင့်ခံရသည့်ကိစ္စနှင့် ပတ်သက်၍ The Daily Eleven သတင်းစာက တာမွေမြို့နယ် ၁၅၃ လမ်းထိပ်ရှိ ထွန်းတောက် အကျိုးဆောင်လုပ်ငန်း ရုံးခန်းသို့ သွားရောက် မေးမြန်းရာ ရုံးခန်းတံခါး သော့ခတ်ထားပြီး အဆိုပါ အကျိုးဆောင်လုပ်ငန်း တည်ရှိရာ ရပ်ကွက်၏ အုပ်ချုပ်ရေးမှူး ဦးကျော်လွင်ဦးအား ဆက်သွယ်မေးမြန်းရာ ၎င်းက “၁၇ ရက်နေ့မှာတော့ ရဲက ဒေါ်ညိုကို ခေါ်သွားတယ်။ ၁၈ ရက်နေ့မှာ အဲဒီ အကျိုးဆောင်လုပ်ငန်း ပိုင်ရှင်ကို စစ်ဆေးဖို့ လာရှာတယ်။ ဒါပေမဲ့ အဲဒီရုံးခန်းမှာ မတွေ့ဘူး။ ပိုင်ရှင်တွေက ဦးဌေးဝင်း နဲ့ ဒေါ်မြင့်ပေါ့” ဟု ပြောကြားသည်။

ထို့ပြင် အဆိုပါ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်နေသည်မှာ ကြာမြင့်ပြီ ဖြစ်ကြောင်းနှင့် ပိုင်ရှင် ဇနီးမောင်နှံမှာ အသက် ၅၀ ကျော်အရွယ် ရှိပြီဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်းမှာ လိုင်စင်ရှိ မရှိ စည်ပင်သာယာကို မေးမြန်းကြည့်မှသာ သိမည်ဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်ဦး၏ ပြောကြားချက်အရ သိရသည်။

ဖြစ်စဉ်မှာ သရုပ်ဆောင် သီဟတင်စိုး က သားမယားပြုကျင့်သည်ဟု ဆိုကာ အိမ်အကူ အမျိုးသမီးဖြစ်သည့် မကွေးတိုင်းဒေသကြီးနေ ဒေါ်ခင်မာမြင့် (၄၀ နှစ် )က ဇူလိုင် ၁၄ ရက် ညပိုင်းတွင် သက်ဆိုင်ရာ သုဝဏ္ဏနယ်မြေ ရဲစခန်းသို့ သွားရောက် တိုင်တန်းခဲ့ခြင်းဖြစ်ပြီး ရဲစခန်းက (ပ) ၃၈၆/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ကာ စစ်ဆေး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ တိုင်တန်းသဖြင့် ရဲတပ်ဖွဲ့က ရဲလုပ်ငန်းစဉ်များအတိုင်း စစ်ဆေး ဆောင်ရွက်ရာ တရားလို ဒေါ်ခင်မာမြင့်မှာ အခြားနာမည် နှစ်မျိုး ထပ်မံရှိပြီး ၎င်းနာမည် နှစ်မျိုးမှာ ညိုညို ဆိုသည့် နာမည်နှင့် ဇင်မာမြင့်ဆိုသည့် နာမည်တို့ ဖြစ်ကြောင်း၊ ပြီးခဲ့သည့် လေးနှစ်ခန့်က ခင်ပွန်းဖြစ်သူ လေဖြတ်ပြီးနောက် စားဝတ်နေရေး အဆင်မပြေသဖြင့် အိမ်အကူအလုပ် လုပ်ကိုင်ရန် ဒေါ်ညိုဆိုသူနှင့် ဆက်သွယ်ခဲ့ကြောင်း၊ ထို့နောက် ဒေါ်ညိုက သရုပ်ဆောင် သီဟတင်စိုး၏ နေအိမ်တွင် အလုပ်လုပ်ကိုင်ရန် ဆက်သွယ်ပေးခဲ့ပြီး ဇူလိုင် ၅ ရက်တွင် အဆိုပါ နေအိမ်၌ အလုပ်ဝင်ကာ ဒေါ်ဇင်မာဦး၏ မိခင်ဖြစ်သူကို ပြုစုရသည့်အလုပ် လုပ်ကိုင်ခဲ့ရကြောင်း၊ ယင်းသို့ လုပ်ကိုင်နေစဉ် ဒေါ်ဇင်မာဦး မရှိခိုက် သီဟတင်စိုးက ၎င်းအား သားမယားပြုကျင့်သည်ဟု လိမ်ညာပြောဆိုပြီး အမှုဖွင့်ရန် ဒေါ်ညိုက သင်ကြားပေးခဲ့သဖြင့် ထိုသို့ အမှုဖွင့်ရခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

အိမ်အကူလုပ်ရန် ဆက်သွယ်ပေးသူ ဒေါ်ညို (၆၅ နှစ်) ကို စစ်ဆေးရာ ၎င်းက ခင်မာမြင့် (ခ) ညိုညို (ခ) ဇင်မာမြင့်အား သီဟတင်စိုးက သားမယားပြုကျင့်သည်ဟု ဆိုကာ ရဲစခန်း၌ သွားရောက် အမှုဖွင့်ရန်နှင့် ငွေကြေးညှိနှိုင်းပါက ၎င်းက ဈေးစကားပြောပေးမည်ဟု ပြောဆိုခဲ့ကြောင်း၊ ယင်းနောက် သီဟတင်စိုးက သားမယားပြုကျင့်ခဲ့သည် ဟုဆိုပြီး ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ဇင်မာဦးထံ သွားရောက်၍ အဆိုပါနစ်နာမှုအတွက် ကျပ်သိန်း ၁၀၀ ပေးပါက ကျေနပ်မည် ဖြစ်ကြောင်း သွားရောက် ညှိနှိုင်းရာ အဆင်မပြေသဖြင့် ရဲစခန်းသို့ သွားရောက် အမှုဖွင့်တိုင်တန်းခဲ့ခြင်း ဖြစ်သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က ဆက်လက် စစ်ဆေးရာ ဒေါ်ခင်မာမြင့်သည် တာမွေမြို့နယ်ရှိ နေအိမ် နှစ်အိမ်တွင် လည်းကောင်း၊ ပုဇွန်တောင်မြို့နယ်ရှိ နေအိမ်တစ်အိမ်တွင် လည်းကောင်း ၊ ဗဟန်းမြို့နယ်ရှိ နေအိမ်တစ်အိမ်တွင် လည်းကောင်း၊ ဒဂုံအရှေ့မြို့နယ်ရှိ နေအိမ် တစ်အိမ်တွင် လည်းကောင်း အိမ်အကူအဖြစ် လုပ်ကိုင်ခဲ့ပြီး ယင်းသို့ ငွေခြိမ်းခြောက် တောင်းခံနိုင်ရန် ကြံစည်ခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် သာကေတမြို့နယ်ရှိ နေအိမ် တစ်အိမ်တွင် အိမ်အကူအဖြစ် လုပ်ကိုင်စဉ် ယင်းနေအိမ်ရှိ အိမ်ရှင် အမျိုးသားဖြစ်သူက သားမယားပြုကျင့်သည်ဟု ဆိုကာ ငွေကြေး တောင်းခံခဲ့ကြောင်းနှင့် ပဲခူးမြို့နယ်ရှိ နေအိမ် တစ်အိမ်တွင် အိမ်အကူအဖြစ် လုပ်ကိုင်စဉ်တွင်လည်း ယင်းအိမ်မှ အခြားအလုပ်သမားတစ်ဦးက ၎င်းင်းအား သားမယားပြုကျင့်သည်ဟု ဆိုကာ အိမ်ရှင်ထံမှ ငွေကြေးတောင်းခံမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရပြီး တောင်းခံသည့်ငွေကြေး မရသည့်အခါ သက်ဆိုင်ရာ ရဲစခန်းအသီးသီးသို့ သွားရောက် တိုင်တန်းခြင်းများ ပြုလုပ်ခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါဖြစ်စဉ်မှ အိမ်အကူ ဒေါ်ခင်မာမြင့်နှင့် ပွဲစား ဒေါ်ညိုတို့အား သက်ဆိုင်ရာ သုဝဏ္ဏနယ်မြေရဲစခန်းက ထိန်းသိမ်းထားပြီး အကျိုးဆောင်လုပ်ငန်းပိုင်ရှင် ဒေါ်မြင့်အား စစ်ဆေးရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။