အဓမ္မပြုကျင့်မှုဖြင့် သရုပ်ဆောင် သီဟတင်စိုးအား အမှုဖွင့်ထားသည့် တရားလို အိမ်အကူအမျိုးသမီးမှာ ပဲခူးမြို့တွင်လည်း အဓမ္မပြုကျင့်မှုဖြင့် အမျိုးသားတစ်ဦးကို အမှုဖွင့်ထားဟုဆို

အဓမ္မပြုကျင့်မှုဖြင့် သရုပ်ဆောင် သီဟတင်စိုးအား အမှုဖွင့်ထားသည့် တရားလို အိမ်အကူအမျိုးသမီးမှာ ပဲခူးမြို့တွင်လည်း အဓမ္မပြုကျင့်မှုဖြင့် အမျိုးသားတစ်ဦးကို အမှုဖွင့်ထားဟုဆို
Published 17 July 2018

သရုပ်ဆောင် သီဟတင်စိုးက သားမယား ပြုကျင့်သည်ဟုဆိုကာ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဍနယ်မြေရဲစခန်းတွင် အမှုဖွင့််ထားသော အိမ်အကူအမျိုးသမီးမှာ ပဲခူးမြို့တွင်လည်း ၎င်းကို အခြားအမျိုးသားတစ်ဦးက အဓမ္မပြုကျင့်သည်ဟုဆိုပြီး အမှုဖွင့်ထားကြောင်း ဇူလိုင် ၁၇ ရက်တွင် ပဲခူးမြို့၊ အမှတ် (၃) ရဲစခန်းက စုံစမ်းသိရှိရသည်။

အဆိုပါ အိမ်အကူအမျိုးသမီး ဒေါ်ခင်မာမြင့် (၄၀) နှစ်မှာ ပဲခူးမြို့ရှိ နေအိမ်တစ်အိမ်တွင် အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးက သားမယား ပြုကျင့်သည်ဟုဆိုပြီး၊ ပဲခူး အမှတ် (၃) ရဲစခန်း၌ ဒေါ်ခင်မာညို (၄၀) နှစ် အမည်၊ နေရပ်တွင် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ သူဌေးကုန်းကျေးရွာ လိပ်စာဖြင့် တရားလိုပြုလုပ်ကာ တိုင်တန်း အမှုဖွင့်ထားကြောင်း သိရသည်။

“သူတို့ ဖြစ်တာက ဒီနှစ် မတ်လ ၁ ရက်ကပါ။ အမှုဖွင့်တာက မတ်လ ၃ ရက်နေ့ပါ။ အမှုလာဖွင့်တဲ့ အမျိုးသမီးက အခု သီဟတင်စိုးကို အမှုဖွင့်ထားတဲ့ အမျိုးသမီးဆိုတာ သေချာပါတယ်။ ဒီမှာ ဖွင့်တာကတော့ အိမ်ရှင်ကို ဖွင့်တာ မဟုတ်ပါဘူး။ အိမ်ရှင်ရဲ့ လူယုံအလုပ်သမားကို ဖွင့်တာပါ။ အိမ်ရှင်တွေ ရန်ကုန်သွားတော့ ဥသာမြို့သစ် ရပ်ကွက်ကြီးက ဂိုထောင်မှာ အဲ့ဒီအမျိုးသမီးကို ထားခဲ့တာ။ ဂိုထောင်ဆိုပေမယ့် အလုံပိတ် ဂိုထောင်သီးသန့် မဟုတ်ဘူး၊ ရုံးခန်းတွေ ရှိတယ်။ အဲ့ဒီမှာ အဓမ္မပြုကျင့်တယ် ဆိုပြီးတော့ အမှုလာဖွင့်တာ ဖြစ်ပါတယ်၊ တိုင်တန်းခံရတဲ့ အမျိုးသားက လက်ရှိ ထောင်ထဲမှာပါ ” ဟု ပဲခူးမြို့ အမှတ် (၃) ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားသည်။

အဆိုပါ တိုင်တန်းမှုကို ပဲခူးမြို့၊ အမှတ် (၃) ရဲစခန်းက (ပ) ၁၆၆/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ထားပြီး ကျူးလွန်သူဟု ဆိုသော အမျိုးသားကို ဖမ်းဆီးထားကြောင်း သိရသည်။

သီဟတင်စိုးကို အဓမ္မပြုကျင့်မှုဖြင့် တရားလိုပြုလုပ် အမှုဖွင့်သူမှာ ပဲခူးတွင်ရှိစဉ်က မိမိတို့အိမ်မှ လူယုံအလုပ်သမားကို အဓမ္မပြုကျင့်မှုဖြင့်ပင် တရားလိုပြုလုပ် အမှုဖွင့်ခဲ့သူဖြစ်ကြောင်း ပဲခူးမြို့ ပန်းလှိုင် ၂၁ လမ်းရှိ နေအိမ်တစ်အိမ်မှ အိမ်ရှင်ဒေါ်ဝင်းမာမြင့်က အတည်ပြု ပြောကြားခဲ့သည်။

၎င်းကအိမ်တွင်လာရောက် အလုပ်လုပ်ကိုင်မှုနှင့် ပတ်သက်ပြီး “သူ့ကို သွားခေါ်တာက ဦးဌေးဝင်းဆိုတဲ့ လူတစ်ယောက်ဆီက သွားခေါ်တာ။ ရန်ကုန်ကပဲ။ သူ့ဆီက သွားခေါ်တုန်းကတော့ သူက ဒီအမျိုးသမီးကတော့ အပျိုကြီး အိမ်ထောင်မရှိဘူး။ နင်အဆင်ပြေမယ်ဆိုလို့ရှိရင် နင်နဲ့အတူ တစ်သက်လုံး နင့်အိမ်မှာ နေသွားမှာဆိုတော့။ ကျွန်မကလည်း သူ့ပုံစံကြည့်ပြီးတော့ ရိုးရိုးပဲဆိုပြီးတော့ ဟုတ်မှာပဲဆိုပြီးတော့ အိမ်ကိုခေါ်ချလာတာ။ အိမ်ရောက်တော့လည်း သူ့ဟာသူ အေးဆေးပဲဆိုတော့ ဒီလောက်ထိ လုပ်မယ်လို့ မထင်မိဘူး။ ဒါပေမယ့် ဒီကိစ္စပေါ်သွားပြီးမှ သူ့ရဲ့ပင်ကိုယ်စိတ် ထွက်လာတာပေါ့နော်။ ကျွန်မတို့အိမ်က လူယုံအလုပ်သမားနဲ့ ဘယ်လောက်အထိဖြစ်ခဲ့ကြသလဲဆိုတာတော့ ကျွန်မ မသိဘူး။ သူက တော်တော်သွက်တာပဲ” ဟု ပြောကြားသည်။

ဇူလိုင် ၁၆ ရက်က အမှုနှင့် ပတ်သက်ပြီး သင်္ကန်းကျွန်းစံပြ ဆေးရုံကြီးတွင် ဆေးစစ်ရန် အတွက် ရဲစခန်းသို့ လာရောက်စဉ် အဆိုပါ အိမ်အကူအမျိုးသမီးက ၎င်းမှာ ယခင်က ထိုကဲ့သို့ အဓမ္မပြုကျင့်ခံရသည့် အခြေအနေမျိုး မကြုံဖူးသည့်အတွက် ကြောက်ရွံ့ကြောင်း၊ ၎င်းမှာ အိမ်ထောင်ရှိပြီး သားတစ် ဦးရှိကြောင်းနှင့် စသည့် အကြောင်းအရာများကို မီဒီယာများအား ဖြေကြားခဲ့သည်။

သရုပ်ဆောင် သီဟတင်စိုးမှာ သုဝဏ္ဏနယ်မြေရဲစခန်းတွင် ဇူလိုင် ၁၄ ရက်က အိမ်အကူအမျိုးသမီးအား သားမယားပြုကျင့်သည်ဟုဆိုကာ အမှုဖွင့်ခံရခြင်းဖြစ်ပြီး အမှုဖွင့်သည့် အမျိုးသမီးမှာ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်နေ ဒေါ်ခင်မာမြင့် (၄၀) နှစ်ဖြစ်ကြောင်းနှင့် ၎င်းသည် သီဟတင်စိုး၏ နေအိမ်၌ ဇူလိုင် ၅ ရက်တွင် တစ်လလျင် ငွေကျပ် ၁၅၀၀၀၀ ဖြင့် အိမ်အကူအလုပ်ကို လာရောက် လုပ်ကိုင်နေခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ လုပ်ကိုင်နေစဉ် ဇူလိုင် ၁၃ ရက် ညပိုင်းတွင် သရုပ်ဆောင် သီဟတင်စိုးက ၎င်းအခန်းထဲသို့ ရောက်ရှိလာကာ အဓမ္မပြုကျင့်ခဲ့ပြီးနောက် သတ်ပစ်မည်ဟုလည်း ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟုဆိုကာ သုဝဏ္ဍနယ်မြေရဲစခန်းသို့ သွားရောက်အမှုဖွင့် တိုင်တန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုင်တန်းမှုကို သုဝဏ္ဏနယ်မြေရဲစခန်းက (ပ) ၃၈၆/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ကာ တရားလိုကို ဇူလိုင် ၁၆ ရက်တွင် သင်္ဃန်းကျွန်း (စံပြ) ဆေးရုံ၌ ဆေးစစ်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။