မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဧရာဝတီ၊ မကွေး၊ ကယားနှင့် ရခိုင်ပြည်နယ်တို့တွင် အခြေခံပညာကျောင်းများ ပိတ်ထားကာ ဆည်တမံကြီးများ ရေပိုလွှဲမှ ရေကျော်နေသဖြင့် ဒေသခံအချို့ပြောင်းရွှေ့

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဧရာဝတီ၊ မကွေး၊ ကယားနှင့် ရခိုင်ပြည်နယ်တို့တွင် အခြေခံပညာကျောင်းများ ပိတ်ထားကာ ဆည်တမံကြီးများ ရေပိုလွှဲမှ ရေကျော်နေသဖြင့် ဒေသခံအချို့ပြောင်းရွှေ့
Published 15 June 2018

ဇွန် ၁၄ ရက်က မန်းချောင်းရေ မြင့်တက်မှုကြောင့် ရွှေစက်တော်ဘုရား အောက်ခြေတော်ရာ တန်ဆောင်း ရေနစ်မြှုပ်စဉ်

တောင်ကျချောင်း ရေလျှံမှုကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ်သုံးမြို့နယ်၌ စာသင်ကျောင်းပေါင်း ၈၀ ပိတ်ထားခဲ့ရကြောင်း သိရသည်။

ရခိုင်ရိုးမတွင် မိုးများခဲ့ပြီးနောက် တောင်ကျချောင်း ရေကြီးကာ အင်္ဂပူမြို့နယ်၊ မြန်အောင်မြို့နယ်နှင့် ကြံခင်းမြို့နယ်တို့၌ ရေကြီးရေလျှံမှုများကြောင့် ပိတ်ခဲ့ရခြင်း ဖြစ်သည်။

“ရိုးမနဲ့ ဆက်စပ်နေတဲ့ ဒေသတွေ ဖြစ်ပါတယ်။ တောင်ကျချောင်း ရေလျှံလို့ ပိတ်ရတာပါ။ အဓိက ,ကတော့ ရေကြီးလာပြီဆိုရင် ကျောင်းတွေက ပိတ်ကို ပိတ်ပေးရပါတယ်။ အထူးသဖြင့်ကတော့ ကလေးတွေက ငယ်သေးတဲ့ အခါကျတော့ သွားရေးလာရေးမှာ အန္တရာယ်ရှိမှာ၊ အခက်အခဲဖြစ်မှာ စိုးလို့ပါ။ အဓိက, ကတော့ အန္တရာယ်ရှိမှာ ဖြစ်တဲ့အတွက် ပိတ်ပေးတာပါ။ ပိတ်ပေးပြီးတဲ့ အခါတိုင်းလည်း အစားပြန်ပြီး သင်ကြားပေးပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ဆိုသည်။

အဆိုပါ ရေကြီးမှု ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် မြို့နယ် သုံးမြို့နယ်အနက် အင်္ဂပူမြို့နယ်၌ စာသင်ကျောင်း အများဆုံး ပိတ်ခဲ့ရကြောင်း ပညာရးဌာနမှ ရရှိသည့် စာရင်းများအရ သိရသည်။

“သောကြာနေ့ ညက ရေဝင်လာတာ။ ချောင်းရေက ကျောင်းကို ရောက်လာတာပေါ့။ မနေ့တုန်းက ပိတ်လိုက်တော့ ကလေးတွေ အန္တရာယ်တော့ မရှိတော့ဘူးပေါ့။ ဒီနေ့ကျမှ ရေကျတယ်။ ရေကျပေမယ့် ဘေးပတ်ဝန်းကျင်မှာလည်း ဒီလိုပဲ ရေတွေ လျှံနေတဲ့အတွက် ကလေးတွေ အခုလောလောဆယ် မလာနိုင်သေးပါဘူး။ ဆေးကြောမှာနဲ့ဆို နောက်ထပ် သုံးရက်လောက် ကျောင်းပိတ်နိုင်ဖို့ မြို့နယ်ကို အစီရင်ခံစာ တင်ထားပါတယ်”ဟု ကြံခင်းမြို့နယ် ချောင်းခွ အလယ်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်လွင်လွင်အောင် က ပြောကြားသည်။

ဇွန် ၁၄ ရက်အထိ ရရှိသည့် စာရင်းအရ တောင်ကျချောင်း ရေကြီးမှုကြောင့် အင်္ဂပူ၊ မြန်အောင်နှင့် ကြံခင်းမြို့နယ်တို့၌ ကျောင်းပိတ်ခဲ့ရသည့် စာသင်ကျောင်းပေါင်း ၈၅ ကျောင်းအနက် ၅၁ ကျောင်း ပြန်လည် ဖွင့်လှစ်ပြီဖြစ်ပြီး ၃၄ ကျောင်း ပိတ်ထားရဆဲ ဖြစ်ကြောင်း ဟင်္သာတခရိုင် ပညာရေးမှူးရုံးမှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်နေသောကြောင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် မီးသတ်တပ်ဖွဲ့ဝင် အင်အား ၁၀၀၀ ကျော်ကို အသင့်အနေအထားဖြင့် ပြင်ဆင်ထားကြောင်း သိရသည်။

အလားတူ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ ကျဆင်းလာသောကြောင့် ဇွန် ၁၄ ရက်တွင် ချောင်းအနီးရှိ ကျောင်းကို ပိတ်ထားရပြီး နေအိမ်များကိုလည်း မီးသတ်တပ်ဖွဲ့ဝင်များက ရေကင်း စောင့်ပေးလျက် ရှိကြောင်း သိရသည်။

“ကျွန်တော်တို့က ဒီအခြေအနေအရ ကလေးတွေ အန္တရာယ်ရှိတော့ လောလောဆယ် ကျွန်တော်တို့က ကျောင်းကို ပိတ်ထားပေးရမယ့် အနေအထားမှာ ရှိတယ်။ ဒီတိုင်း ဆက်ဖွင့်ရင် ကလေးတွေက အန္တရာယ် ဖြစ်မှာလေ။ ဘယ်အချိန် ဘယ်ရက်ထိ ပိတ်မလဲဆိုတာကတော့ ရေအခြေအနေပေါ်မှာပဲ မူတည်တယ်လေ။ ပြီးရင် ပိတ်တဲ့ရက်အစား အကုန်လုံး မှတ်တမ်းနဲ့ အစားထိုး ကျောင်းပြန်တက်ပေးမယ်” ဟု ဒေါငံခါး-၄ မူလတန်းကျောင်း ပိတ်ရခြင်းအား ခရိုင်ပညာရေးမှူး ဦးလူစီယာနိုက ပြောကြားသည် ။

တောင်ကျချောင်းရေမှာ ဇွန် ၁၃ ရက် ညပိုင်းမှ စတင် ဝင်ရောက်လာသဖြင့် ဒီးမော့ဆိုမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များမှာ အလှည့်ကျ ရေကင်းစောင့်ပေးခြင်း၊ ရေမြုပ်လူနေအိမ်များအား ကူညီပေးခြင်းများ ပြုလုပ်ပေးလျက် ရှိကြောင်းလည်း သိရသည် ။

■ မကွေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှ ချောင်းများပေါ်ရှိ ဆည်တမံကြီးများ အားလုံး ရေပိုလွှဲမှ ရေကျော်နေ

မကွေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှ မုန်း၊ မန်း၊ စလင်း စသည့် ချောင်းများပေါ်ရှိ ဆည်တမံကြီးများ အားလုံး ရေပိုလွှဲမှ ရေကျော်နေပြီး စေတုတ္တရာမြို့မှ ရေဝင်လာမည်ကို စိုးရိမ်သူအချို့က ဇွန် ၁၄ ရက် နံနက်ပိုင်းမှစ၍ ကုန်းမြင့်ပိုင်းများသို့ ပစ္စည်းများ ပြောင်းရွှေ့နေပြီး မင်းဘူး(စကု)မြို့တွင်လည်း မန်းချောင်းရေ ထပ်တိုးလာကြောင်း တိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးများထံမှ သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း ဇွန် ၉ ရက်မှစ၍ မိုးရက်ဆက် ရွာသွန်းနေသောကြောင့် ချောင်းအများစုတွင် ကမ်းလုံးပြည့် ရေစီးဆင်းလျက် ရှိကြောင်း၊ ဧရာဝတီမြစ် အနောက်ဘက်ကမ်း ရခိုင်ရိုးမနှင့် ချင်းတောင်တန်းများတွင် အခြေတည် စီးဆင်းသည့် မုန်း၊ မန်း၊ စလင်း စသည့် ချောင်းပေါ်ရှိ ဆည်တမံကြီးများတွင် ရေပိုလွှဲများမှ ရေကျော်လျက်ရှိပြီး ထိုဆည်တမံများ အောက်ဘက်ရှိ ကျေးရွာများနှင့် မြို့ပေါ် ရပ်ကွက်များတွင် ရေဝင်ရောက်မှုကြောင့် ရေဘေးလွတ်ရာ ပြောင်းရွှေ့ နေကြရကြောင်း၊ ဇွန် ၁၄ ရက်အထိ မိုးရွာသွန်းဆဲ ဖြစ်သောကြောင့် အဆိုပါချောင်းများ နံဘေးဝဲယာတွင် နေထိုင်သူများက ၂၀၁၅ ခုနှစ် ရေကြီးရေလျှံမှုကဲ့သို့ ကြုံတွေ့ရမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

“ကျွန်တော် သိရသလောက်ကတော့ စေတုတ္တရာမြို့ကတော့ ရေဝိုင်းနေတယ် ကြားတယ်။ ရေဝိုင်းတာကလည်း ကြီးအုံကြီး၀ တမံထက်ကို မြို့က နိမ့်နေတာလို့ ရေးထားတာ ရှိတယ်။ မုန်းတမံရော၊ သူ့အောက်က ကြီးအုံကြီး၀ တမံမှာပါ ရေအားလျှပ်စစ် ထုတ်တဲ့ စက်အိမ်ခေါင်းကြီးတွေထဲ ရေပြည့်နေပြီ ပြောတယ်။ ပွင့်ဖြူမှာလည်း မနေ့ (ဇွန် ၁၃ ရက်)က မုန်းချောင်း ရေဝင်နေပြီ ပြောတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဥပမာအားဖြင့် ၂၀၁၅ ရေဘေးလိုဖြစ်မှာ စိုးတယ်။ ဖြစ်မှာစိုးလို့ဆို နေအိမ်တွေ ရွှေ့မယ်ဆိုရင်လည်း လူတွေက အကုန်လုံး လန့်ကုန်မယ်။ လန့်ပြီးတော့မှ ထိန်းမနိုင်သိမ်းမရ ဖြစ်မှာလည်းပဲ ကျွန်တော်တို့က စိုးရိမ်တယ်။ လူတွေက စိုးရိမ်တယ်လေ။ အဲဒီလိုဖြစ်ပြီး ပြေးကြ လွှားကြဆိုရင်လည်း တစ်ဖက်က စိုးရိမ်တယ်။ အဲဒီအတွက်ကြောင့်မို့ ဆည်မြောင်းဌာန တာဝန်ရှိသူတွေ စောင့်ကြည့်နေတယ်”ဟု မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောကြားသည်။

ဒေါက်တာ အောင်မိုးညိုက ဆက်လက်၍ “အခု မနက် ၉ နာရီက နောက်ဆုံး ရထားတာဆိုရင် မုန်းတမံမှာ ရေပိုလွှဲက ရေကျော်နေတာက ၁၇ ဒဿမ ၃ ပေ ကျော်နေတယ်။ နောက်တစ်ခါ မန်းတမံက ခြောက်ပေ ကျော်တယ်။ စလင်းတမံက နှစ်ပေခွဲ ကျော်တယ်။ ရင်းရှည်တမံက ၁ ဒသမ ၂ ပေကျော်တယ်။ နောက်တစ်ခါ ပဒိန်းတမံကကျ ၁ ဒသမ ၈ ပေ ကျော်တယ်။ ကြီးအုံကြီး၀ တမံကတော့ ၁၄ ဒသမ ၈ ပေဆိုတော့ ၁၅ ပေနီးနီး ကျော်နေတယ်။ အဲဒီတော့ အခြေအနေတွေပေါ်မှာ လိုအပ်ရင် လိုအပ်သလို ကျွန်တော်တို့က ဖိဖိစီးစီး ဆောင်ရွက်မှာပါ။ အခုလည်းပဲ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ထားတယ်”ဟု ပြောကြားသည်။

စေတုတ္တရာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်အား ဇွန် ၁၄ ရက် နံနက် ၁၁ နာရီခွဲက ဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့ရာ “ရေအခြေအနေက အခုလောလောဆယ် မြို့နားကို နီးလာလို့ ၂၀၁၅ အတွေ့အကြုံအရ ဈေးသည်တွေက ဆိုင်တွေက ပစ္စည်းတွေ ရွှေ့တာပါ။ ကျန်တာ လူတွေ မရွှေ့ပါဘူး။ မြို့ကို ရေမဝင်သေးပါဘူး။ ဈေးသည်တွေက အနိမ့်ပိုင်းက သူတို့ပစ္စည်းတွေကို ကုန်းမြင့်တွေက သူတို့အိမ်တွေဆီ ရွှေ့ကြတာပါ။ ကျွဲနွား တိရစ္ဆာန် ထိခိုက်ဆုံးရှုံးခြင်း၊ လူဆုံးရှုံးခြင်း မရှိပါဘူး။ ကျွန်တော်တို့ အားလုံး စီစဉ်ဆောင်ရွက်နေတာလည်း ရှိပါတယ်။ လက်ရှိမှာတော့ ရေကို ခုခံကာကွယ်နေဆဲပဲ။ ရေက မြို့နဲ့ ပေ ၂၀၀ လောက် ဝေးပါသေးတယ်။ လယ်ကွက်တွေထဲကို ရေဝင်ရုံပဲ ရှိပါသေးတယ်။ မြို့ထဲကို ရေမရောက်သေးပါဘူး။ အဓိက,က ကြီးအုံကြီးဝတမံက ရေထုတ်တံခါးတွေ ပွင့်ရင် ကျွန်တော်တို့မြို့က ရေမမြုပ်ပါဘူး” ဟု ဖြေကြားခဲ့သည်။

စေတုတ္တရာမြို့ပေါ်မှ ပြည်သူအချို့ ရေဘေးလွှတ်ရာသို့ ပစ္စည်းများ ပြောင်းရွှေ့နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-တင်အောင်မိုးမြင့်)

■ ရခိုင်ပြည်နယ် ဂွမြို့နယ် ဆားဖြူကွင်းနှင့် ပေါက်တူးကွင်း ရွာချင်းဆက်တံတား ချောင်းရေဖြင့် မျောပါသွားသဖြင့် ကျေးရွာ ခုနစ်ရွာမှ ဒေသခံများ သွားလာရေး အခက်တွေ့

ရခိုင်ပြည်နယ် ဂွမြို့နယ် ဒေါင်းချောင်း ကျေးရွာအုပ်စုမှ ဆားဖြူကွင်းနှင့် ပေါက်တူးကွင်း ရွာချင်းဆက်တံတား ဇွန် ၁၃ ရက်က ချောင်းရေဖြင့် မျောပါသွားသဖြင့် ကျောင်းသူ၊ သားနှင့် ဆရာမများနှင့် ရွာပေါင်း ခုနစ်ရွာမှ သွားလာရေး အခက်တွေ့နေကြောင်း ဒေသခံများက ပြောကြားသည်။

အဆိုပါ တံတားသည် အရှည် ၁၃၀ ပေရှိသော တံတားဖြစ်ကာ ဒေါင်းချောင်း ချောင်းအား ဖြတ်ထိုးထားသည့် ရွာချင်းဆက် တံတားဖြစ်ကြောင်း၊ အထူးသဖြင့် ကျောင်းသူ ကျောင်းသားများနှင့် ဆရာ၊ ဆရာမများအတွက် အရေးပါသော တံတားတစ်စင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

အဆိုပါ တံတားမှာ သစ်လုံးတံတား ဖြစ်ပြီး ရွာသူရွာသားများက အလှူငွေများ ထည့်ဝင်ကာ ကိုယ်ထူကိုယ်ထ စုပေါင်း ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

■ မင်းတုန်းမြို့နယ် ချောင်းရေလျှံမှုကြောင့် ကျေးရွာ ၃၈ ရွာရှိ အိမ်တစ်ထောင်ကျော် နစ်မြုပ်

မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းတုန်းမြို့နယ်အတွင်း ချောင်းရေလျှံမှုကြောင့် ကျေးရွာ ၃၈ ရွာရှိ အိမ်တစ်ထောင်ကျော် ရေဝင်နစ်မြုပ်ခဲ့ကြာင်း သိရသည်။

အဆိုပါ မြို့နယ်အတွင်း မထုံးချောင်း၊ လွှာချောင်း နှစ်ချောင်းအတွင်း ဇွန် ၁၁ ရက်နှင့် ၁၂ ရက်များက ရွာသွန်းခဲ့သည့် မိုးကြောင့် ချောင်းရေလျှံမှု ဖြစ်ပွားခဲ့ပြီး ချောင်းရိုးတစ်လျှောက်ရှိ ကျေးရွာများ ရေနစ်ခဲ့ကြောင်း၊ ရေပြန်လည် ကျဆင်းသွားသော်လည်း နုန်းတင်ကျန်ခဲ့မှုကြောင့် သွားလာနေထိုင်ရေး ခက်ခဲလျက်ရှိကြောင်း သိရသည်။

“ကျွန်တော့်အိမ်က အနိမ့်ဆုံး ခါတိုင်းနှစ်တွေဆိုရင် ရေမလာခင် အိမ်ကပစ္စည်းတွေကို အပေါ်ထပ်ကို ထင်ထားပြီး ယောက္ခမအိမ်ကို သွားနေတာ။ ဒီနှစ်လည်း ထားခဲ့ပြီး သွားနေတာ။ နေဝင်ခါနီးလည်းကျရော ရေက အသားကုန် တက်လာတာ။ တစ်ရွာလုံး တက်လာတာ။ ကျွန်တော်တို့အမြင့်ဆုံး အိမ်တွေတောင် အောက်ထပ်ကို ဂျိုင်းလောက်ကို ရောက်လာတာ။ . .. ကျွန်တော်အသက် သုံးဆယ့်ကိုးနှစ်ရှိပြီ တစ်ခါမှ မကြုံသေးဘူး” ဟု တောင်မြင့်ကျေးရွာမှ ဦးဝင်းနိုင်ဦးက ပြောကြားသည်။

ရေနစ်မြုပ်သည့် ကျေးရွာများတွင် သိုလှောင်ထားသည့် ဝမ်းစာစပါး၊ မျိုးစပါးနှင့် ပဲများ ရေစိုပျက်စီးခဲ့ကြောင်း ၊ အချို့ကျေးရွာများမှာ လုံး၀ သွားလာမရမှုနှင့် သွားလာရန် ခက်ခဲနေမှုများကြောင့် ကူညီထောက်ပံ့မှုများ မရှိသေးကြောင်း ဒေသခံများက ပြောသည်။

“ တော်တော်များများ ရေဘေးအဓိက ဖြစ်တယ်။ ကျွဲနွား တိရစ္ဆာန်တွေ ဒုက္ခရောက်တယ်။ လူသေတယ် လို့လည်း သတင်းကြားတယ်။ အစိုးရဘက်က သွားကူညီတယ် လို့လည်းပြောတယ်။ ဒါပေမဲ့ စက်လှေ မလောက်ဘူး။ ကျွန်တော်တို့ အဖွဲ့ကလည်း သွားတော့ ကူညီတယ်။ ငွေကြေးအင်အား မပြည့်စုံတဲ့အတွက် သိပ်တော့ မလှူနိုင်ဘူး။ ပစ္စည်းအင်အား စက်လှေအင်အားကလည်း အခုသွားမယ်ဆိုတော့ စက်လှေက လိုပြန်ရော။တစ်ခေါက်သွားရင် အသွားအပြန် ငါးနာရီ တစ်ရက်လောက် ကြာတော့ ရေရှည်မှာ အဆင်မပြေဘူး ပြင်ပအလှူရှင်တွေ များစွာလိုအပ်နေပါတယ်” ဟု မင်းတုန်းမြို့ တွဲလက်လူငယ် ပရဟိတအဖွဲ့ အတွင်းရေးမှူး ကိုမင်းထက်ကောင်းက ဆိုသည်။

ရေကြီးနစ်မြုပ်မှုတွင် မင်းတုန်းမြို့နယ်အတွင်း ကျေးရွာပေါင်း ၃၈ ရွာ၊ နေအိမ် ၁၀၃၂၊ ပြောင်းရွှေ့ခဲ့ ရသည့် ၁၀၂ အိမ်ထောင်စုရှိပြီး မျောပါပျက်စီးမှု ရှစ်အိမ်ရှိကြောင်း၊ အချို့ကျေးရွာများမှာ သွားလာရေး ခက်ခဲမှုကြောင့် စာရင်းအတိအကျ ရရှိရန် ခက်ခဲနေသေးကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ်တွင် တောင်ကျရေများကြောင့် ကျောင်းအချို့ ပိတ်ထားသည်ကို တွေ့ရစဉ်(ဓာတ်ပုံ-မခိုင်)

■ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေ ကျဆင်းလာသဖြင့် မောင်တောမြို့ မြောက်ပိုင်း သစ်တုံနားခွဆုံ ကျေးရွာသစ်ရှိ နေအိမ်များ ရေဝင်နစ်မြုပ်

မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေ ဆင်းလာသဖြင့် မောင်တောမြို့ မြောက်ပိုင်း သစ်တုံနားခွဆုံ ကျေးရွာသစ်ရှိ နေအိမ်များ ရေဝင်နစ်မြုတ်နေပြီး အိမ်ထောင်စု ၃၀ ကျော်ကို ကုန်းမြင့် နေအိမ်များသို့ ပြောင်းရွှေ့ထားရကြောင်း သိရသည်။

“ရေက နန်းရာကိုင်းဘက်က ဆင်းလာတဲ့ တောင်ကျရေက ရွာထဲကို ဝင်လာပြီး အနိမ့်ပိုင်းက နေအိမ်တွေ ရေဝင်ပြီး ရေနစ်နေတာပါ။ အိမ်တွေထဲမှာကို ရေက ရင်လောက် ရောက်ပါတယ်။ ထောက်ပံ့ပေးထားတဲ့ ဆန်တွေလည်း ဆုံးရှုံးသွားပါတယ်။ ရေနစ်နေတဲ့ အိမ်တွေက အိမ်ထောင်စု ၃၂ စုက လူတွေကိုတော့ ကုန်းမြင့်က နေအိမ်တွေကို ပြောင်းရွှေ့ထားပြီး သူတို့စားဖို့ဆန်ကို တခြားအိမ်တွေက ဝေငှ စားသောက်နေရပါတယ်။ လမ်းတွေကလည်း ပျက်နေတော့ သွားဖို့လာဖို့ အဆင်မပြေပါ”ဟု သစ်တုံးနားခွဆုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းရွှေက ပြောသည်။

အဆိုပါ သစ်တုံးနားခွဆုံ ကျေးရွာသည် UEHRD အစီအစဉ်ဖြင့် မောင်တောမြောက်ပိုင်း သွားလာရခက်ခဲသည့် မြိုတိုင်းရင်းသား ကျေးရွာများကို စုပေါင်းကာ တည်ဆောက်ထားသည့် ကျေးရွာသစ် ဖြစ်ကြောင်း သိရသည်။ သစ်တုံးနားခွဆုံ ကျေးရွာသစ်တွင် မျောက်ခေါင်းတောင်ကျေးရွာမှ အိမ်ထောင်စု ၂၀၊ လူဦးရေ ၁၀၄ ဦး၊ ခရုချောင်းကျေးရွာမှ အိမ်ထောင်စု ၂၇ စု၊ လူဦးရေ ၁၆၉ ဦး၊ ပန်းချောင်းကျေးရွာမှ အိမ်ထောင်စု ၂၇ စု၊ လူဦးရေ ၂၂၈ ဦးနှင့် အင်းချောင်းကျေးရွာမှ အိမ်ထောင်စု ၁၁ စု၊ လူဦးရေ ၇၀ တို့ နေထိုင်နေကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်မှ ခိုလှုံရောက်ရှိလာသည့် အိမ်ထောင်စု ၃၅ စုလည်း ယာယီ တဲအိမ်များဖြင့် နေထိုင်နေကြောင်း သိရသည်။

အဆိုပါ သစ်တုံးနားခွဆုံ ကျေးရွာရှိ နေအိမ်များအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၆၀ လုံးနှင့် ဧရာဝတီတိုင်းဒေသကြီးမှ ၄၄ လုံး ဆောက်လုပ် လှူဒါန်းထားခြင်း ဖြစ်ကြောင်းလည်း သိရသည်။

အလားတူ နတ်မြစ်ရေ မြင့်တက်သဖြင့် မောင်တောမြို့ပေါ် မြေနိမ့်ပိုင်းရပ်ကွက် အချို့တွင် ရေဝင်ခဲ့ကြောင်း သိရသည်။

■ အမ်းမြို့ပေါ် ရပ်ကွက်အချို့တွင် ရေဝင်လာသဖြင့် အနိမ့်ပိုင်း ရပ်ကွက်မှ နေအိမ်များ နီးစပ်ရာသို့ ပြောင်းရွှေ့နေရပြီး အမ်း-မင်းဘူးလမ်းတွင် ကားလမ်း ရေကျော်သဖြင့် လမ်းပိတ်နေ

အမ်းမြို့ပေါ် ရပ်ကွက်အချို့တွင် ရေဝင်လာသဖြင့် အနိမ့်ပိုင်း ရပ်ကွက်မှ နေအိမ်များ နီးစပ်ရာသို့ ပြောင်းရွှေ့နေရပြီး အမ်း-မင်းဘူးလမ်းတွင် ကားလမ်း ရေကျော်သဖြင့် လမ်းပိတ်နေကြောင်း သိရသည်။

ဇွန် ၁၄ ရက် နေ့လည်ပိုင်းမှစကာ အမ်းမြို့ အမှတ်(၃) ရပ်ကွက် အောက်ကျင်းတွင် နေအိမ် ၃၀ ခန့် ရေဝင်ရောက် နစ်မြုပ်နေသဖြင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရပြီး ရေဆက်လက် မြင့်တက်လာသဖြင့် အနိမ့်ပိုင်း နေအိမ်များ ပြောင်းရွှေ့နေရသည်။

ထို့ပြင် အမ်း-မင်းဘူးလမ်း အမ်းပဲပဒုံအထွက် ဘီအီးတပ်ရှေ့တွင် ကားလမ်း ရေကျော်နေပြီး ရေလေးပေခန့်အထိ မြင့်တက်နေသဖြင့် ကားများ ဖြတ်သန်းသွားလာမရဘဲ လမ်းပိတ်နေကြောင်း သိရသည်။ အလားတူ စစ်တွေ - အမ်းလမ်းတွင်လည်း ကားလမ်းရေကျော်သဖြင့် စစ်တွေမှ မော်တော်ယာဉ်များ အမ်းသို့ မရောက်နိုင်တော့ကြောင်း သိရသည်။

■ မန်းချောင်းတွင် ရွှေစက်တော်ဘုရား အောက်ခြေတော်ရာ တန်ဆောင်းနှင့် ဆက်စပ် အဆောက်အအုံ၏ တိုင်တစ်လုံး ယိမ်းယိုင်ပျက်စီး

မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်နှင့် မင်းဘူး(စကု) မြို့နယ်တို့ကို ဖြတ်သန်း စီးဆင်းသည့် မန်းချောင်းတွင် ဇွန် ၁၄ ရက်က ၂၀၁၅ ခုနှစ်ကထက် ရေပမာဏ ပိုမိုစီးဆင်းလာပြီး ရွှေစက်တော်ဘုရား အောက်ခြေတော်ရာ တန်ဆောင်းနှင့် ဆက်စပ် အဆောက်အအုံ၏ တိုင်တစ်လုံး ယိမ်းယိုင်ပျက်စီးခဲ့ပြီး စကုမြို့မှ ရေဝင် ရပ်ကွက်များတွင် နေအိမ်အိမ်များ ရေပိုမို နစ်မြုပ်မည့် အခြေအနေ ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း ဇွန် ၉ ရက်မှစ၍ ဇွန် ၁၄ ရက်အထိ မိုးရက်ဆက် ရွာသွန်းခဲ့ကြောင်း၊ မန်းချောင်း အထက်ဘက်ရှိ အိုင်းမ ရေလွှဲဆည်တွင် ဇွန် ၁၀ ရက်မှစ၍ ရေစတင် ကျော်ခဲ့ကြောင်း၊ မန်းချောင်းနံဘေးရှိ ရွှေစက်တော်ဘုရား အောက်ခြေတော်ရာ တန်ဆောင်းတွင် ဇွန် ၁၁ ရက်က တန်ဆောင်း ကြမ်းပြင်ကျော်သည်အထိ ရေမြင့်တက်ခဲ့ကြောင်း၊ ဇွန် ၁၄ ရက် နံနက်မှစ၍ မန်းချောင်း ရေတစ်ကျော့ပြန် မြင့်တက်လာကာ အောက်ခြေတော်ရာ တန်ဆောင်း၏ ပန်းဆွဲကို ထိခဲ့ကြောင်း၊ ရေပမာဏ များလွန်းမှုကြောင့် နဂါးရုံဘုရား တန်ဆောင်း၏ အနောက်မြောက်ထောင့်မှ တိုင်လုံးတစ်လုံး ရေတိုက်စား ပျက်စီးခဲ့ကြောင်း၊ ထိုအခြေအနေများကြောင့် မန်းချောင်းအောက်ပိုင်းရှိ လူနေအိမ်များ ရေဝင် နစ်မြုပ်နေသည့် စကုမြို့မှ အနိမ့်ပိုင်းရပ်ကွက်များတွင် ရေဘေးဒဏ်ကို ပိုမိုခံစားရနိုင်ဖွယ် ရှိကြောင်း သိရသည်။

Most Read

Most Recent