ရိုက်တာသတင်းထောက်နှစ်ဦးသည် ရခိုင်အရေးကို သတင်းယူသည့်အတွက် ဖမ်းဆီးခံခဲ့ရခြင်းမဟုတ်ကြောင်းနှင့် နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေကို ချိုးဖောက်သည့်အတွက် အဖမ်းခံရခြင်းဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ရိုက်တာသတင်းထောက်နှစ်ဦးသည် ရခိုင်အရေးကို သတင်းယူသည့်အတွက် ဖမ်းဆီးခံခဲ့ရခြင်းမဟုတ်ကြောင်းနှင့် နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေကို ချိုးဖောက်သည့်အတွက် အဖမ်းခံရခြင်းဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 12 June 2018

Photo: Myanmar State Counsellor Office

ရိုက်တာသတင်းထောက်နှစ်ဦးသည် ရခိုင်အရေးကို သတင်းယူသည့်အတွက် ဖမ်းဆီးခံခဲ့ရခြင်း မဟုတ်ကြောင်းနှင့် နိုင်ငံတော် လျှို့ဝှက်ချက်ဥပဒေကို ချိုးဖောက်သည့်အတွက် အဖမ်းခံရခြင်းဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က NHK သတင်းဌာနနှင့် သီးသန့်တွေ့ဆုံ မေးမြန်းခြင်း အစီအစဉ်တွင် ပြောကြားခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား NHK သတင်းဌာနက ရခိုင်ကိစ္စနှင့်ပတ်သက်၍ ရိုက်တာသတင်းဌာန၏ သတင်းထောက်နှစ်ဦး အဖမ်းခံခဲ့ရကြောင်း၊ မြန်မာနိုင်ငံသည် ဒီမိုကရေစီနှင့် ဆန့်ကျင်လာပြီး လွတ်လပ်စွာ ဖော်ထုတ်ခွင့်ကို ကန့်သတ်မှုများ ရှိလာသည်ဟု ဝေဖန်ခံနေရကြောင်း၊ ရခိုင်တွင် လူ့အခွင့်အရေးဆိုင်ရာ အကြောင်းအရာများနှင့် ပတ်သက်ပြီး သတင်းယူရင်း အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း၊ ဝေဖန်မှုများအပေါ် မည်သို့တုံ့ပြန်ချင်ပါသနည်း၊ သို့မဟုတ် နိုင်ငံတကာအသိုင်းအဝိုင်းက နားလည်လက်ခံထားသည့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီဟာ ကွာဟနေလားဟု မေးမြန်းခဲ့သည်။

“ရခိုင်အရေးကို သတင်းယူလို့ ဖမ်းဆီးခံခဲ့ရတာ မဟုတ်ပါဘူး။ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေကို ချိုးဖောက်တဲ့အတွက်သာ သူတို့အဖမ်းခံရတာပါ။ တရားစီရင်စစ်ဆေးမှုနဲ့ ပတ်သက်လို့ လူတိုင်းမှာ လွတ်လွတ်လပ်လပ် ပြန်ကြားသိခွင့်ရှိနေတယ်ဆိုတာကို ရှင်သတိထားမိမယ် ထင်ပါတယ်။ ဒီဖြစ်စဉ်တွင်း ကိစ္စတိုင်းက လုပ်ထုံးလုပ်နည်းတွေအတိုင်းပဲ လုပ်ဆောင်နေတာပါ။ NHK ရဲ့ သတင်းထောက်တွေလည်း ဒီအမှုရဲ့ရုံးချိန်းတွေမှာ ပုံမှန်တက်ရောက် စောင့်ကြည့်နေမယ်လို့ ကျိန်းသေပြောရဲပါတယ်။ ဒီနေရာမှာ ဘာအရေးကြီးလဲဆိုတော့ ကျွန်မတို့ဟာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ၊ တရားဥပဒေနဲ့အညီ လုပ်ဖို့ပါ။ နိုင်ငံတော် လျှို့ဝှက်ချက်ဥပဒေကို ချိုးဖောက်မှုအတွက် သူတို့အဖမ်းခံခဲ့ရပါတယ်။ အခုလောလောဆယ် သူတို့ဟာ အပြစ်ကင်းတယ်၊ မကင်းဘူးဆိုတာ ကျွန်မတို့ မပြောနိုင်ပါဘူး။ အဲဒါဟာ တရားစီရင်ရေးနဲ့ပဲဆိုင်ပြီး တရားစီရင်မှုကပဲ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ရခိုင်ကိစ္စကို သတင်းယူလို့ ဖမ်းတယ်ဆိုတာတော့ မဟုတ်ပါဘူး” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားသည်။

ရိုက်တာသတင်းထောက်နှစ်ဦး ဖမ်းဆီးခံရခြင်းသည် ထောင်ခြောက်ဆင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ပြောဆိုမှုများလည်းရှိသည်။

ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က UNDP၊ UNHCR တို့နှင့် MoU လက်မှတ်ရေးထိုးခြင်းနှင့်ပတ်သက်၍ သေသေချာချာ ဆွေးနွေးညှိနှိုင်းပြီးမှသာ သဘောတူညီချက်ရလာခြင်းဖြစ်ကြောင်း၊ အချို့အစိတ်အပိုင်းများကို အချိန်မဆိုင်းဘဲ သဘောတူညီခဲ့ကြောင်းနှင့် အချို့အပိုင်းများကို အခက်အခဲ အတားအဆီးများကို ကျော်လွှားခဲ့ရကြောင်း တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားသည်။

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို အထောက်အပံ့ပြုနိုင်ရေးအတွက် မြန်မာအစိုးရနှင့် ကုလသမဂ္ဂအေဂျင်စီများအကြား နားလည်မှုစာချွန်လွှာကို ဇွန် ၆ ရက်က လက်မှတ်ရေးထိုးခဲ့သည်။

ရခိုင်ပြည်နယ်အတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းရန် ကိစ္စနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မအနေနဲ့ကတော့ ဒီအချိန်၊ ဒီအခါရောက်မှ အရေးယူဆောင်ရွက်ရတယ်လို့တော့ မထင်မြင်ပါဘူး။ ဒါက အဆင့်ဆင့် သွားရတဲ့လုပ်ငန်းစဉ် ဖြစ်ပါတယ်။ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ ကျွန်မတို့ သဘောတူနိုင်တဲ့ MoU မျိုးရရှိဖို့ ဆွေးနွေးညှိနှိုင်းနေခဲ့တယ်ဆိုတဲ့အချက်ကို အများမသိခဲ့ကြဘူး။ ဒီကိစ္စ စတင်တာက ကျွန်မတို့ ဒေါက်တာကိုဖီအာနန် ကော်မရှင်ရဲ့ အကြံပြုချက်တွေ ရရှိစဉ်ကတည်းက ဖြစ်ပါတယ်။ အခုနောက်ဆုံး နိုင်ငံတော်အဆင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းရေးသည်လည်း ကျွန်မတို့ အကြံပေးအဖွဲ့ရဲ့ အကြံပြုချက်နဲ့အညီ လုပ်ဆောင်တာပါ။ ဒီအကြံပြုချက်ကို ကျွန်မတို့ အထူးအလေးအနက်ထားပါတယ်။ ဒီအဖွဲ့အနေနဲ့ ပကတိ အခြေအနေအပေါ် အမှန်အတိုင်း ရှုမြင်သုံးသပ်နိုင်စွမ်းရှိတယ်လို့ ကျွန်မတို့ ယုံကြည်တာကြောင့် အဲဒီအဖွဲ့ကို တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်ပါတယ်” ဟု NHK နှင့် အင်တာဗျူးတွင် ထည့်သွင်းပြောကြားသည်။

ထို့ပြင် ရခိုင်ပြည်နယ်ကို ဘေးကင်းလုံခြုံစွာဖြင့် တရားဥပဒေနှင့်အညီ ပြန်လာနိုင်ကြောင်း ဒုက္ခသည်များမသိကြပါက မိမိတို့အနေဖြင့် ဒုက္ခသည်ဌာနေပြန်ရေးလုပ်ငန်းစဉ် အလျင်အမြန် တိုးတက်ရန် ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် နှစ်ဦးနှစ်ဖက် အပြန်အလှန် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် ဖြစ်ကြောင်း၊ အသီးသီးက တာဝန်ယူမှုများကို အကောင်အထည်ဖော်ကြရန်လိုကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့သည်။