<

လက်ရှိတွင် စက်သုံးဆီ အရောင်းဆိုင်များက နိုင်ငံတကာ ဈေးနှုန်းထက် လေးရာခိုင်နှုန်းကျော် အရှုံးခံပြီး ရောင်းချနေသော်လည်း အဆိုပါ အရှုံးခံ ရောင်းချမှုသည် စာရွက်ပေါ်၌သာ အရှုံးပေါ်နေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချသူများအသင်း အတွင်းရေးမှူး ပြောကြား

မေ ၂၂ ရက်က မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချသူများအသင်း၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲကို တွေ့ရစဉ်

လက်ရှိတွင် စက်သုံးဆီအရောင်းဆိုင်များက နိုင်ငံတကာဈေးနှုန်းထက် လေးရာခိုင်နှုန်းကျော် အရှုံးခံ ရောင်းချနေသော်လည်း အဆိုပါ အရှုံးခံ ရောင်းချမှုသည် စာရွက်ပေါ်၌သာ အရှုံးပေါ်နေခြင်းဖြစ်ကြောင်း မေ ၂၂ ရက်က မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချသူများအသင်း၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် အသင်းအတွင်းရေးမှူး ဒေါက်တာဝင်းမြင့်က ပြောကြားသည်။

“ဈေးက နိုင်ငံခြားက တက်သွားတာက တစ်လီတာကို ၁၁၈ ကျပ် တက်သွားတယ်။ ကျွန်တော်တို့ ပြည်တွင်းမှာ တက်တာက ၁၀၈ ကျပ်ပဲ တက်ဖြစ်တယ်။ ၁၀ လောက်တောင် ကျွန်တော်တို့ ဈေးနှုန်းတက်တာ လျော့တယ်။ အရှုံးအမြတ် ရာခိုင်နှုန်း အနေနဲ့ကတော့ ဧပြီလတုန်းက ၃ ဒသမ ၅ ရာခိုင်နှုန်းပဲရှုံးတယ်။ အခု ၄ ဒသမ ၂၃ ရာခိုင်နှုန်း စာရွက်ပေါ်မှာ အရှုံးပေါ်ပါတယ်” ဟု ဒေါက်တာဝင်းမြင့်က ပြောကြားသည်။

ယင်းသို့ အရှုံးခံ ရောင်းနိုင်ခြင်းသည် ယခင်က စက်သုံးဆီဈေးနှုန်း အနိမ့်ဖြင့် ရရှိထားသည့် စက်သုံးဆီများကို လက်ရှိ ရောက်ရှိနေသည့် ဈေးနှုန်းအတိုင်း ဈေးနှုန်းတက် မရောင်းချဘဲ လေးရာခိုင်နှုန်းကျော် လျှော့ရောင်းခြင်း ဖြစ်သည်။ သို့သော်လည်း နိုင်ငံတကာ စက်သုံးဆီဈေးနှုန်း မြင့်တက်လာသည့်ကာလတွင် တင်သွင်းရောင်းချသည့် ဆိုင်များအနေဖြင့် ရှုံးနိုင်ကြောင်း ၎င်းကရှင်းလင်း ပြောပြသည်။

“ဒါက စောစောက ကျွန်တော်ရှင်းပြသလို ခင်ဗျားတို့ သိပ်ပိုက်ဆံပေါနေလို့လား မမေးပါနဲ့။ တကယ်ရှုံးတဲ့ လူတွေလည်း ရှိပါတယ်။ တကယ်ရှုံးတာက အဲဒီနေ့မှာ စက်သုံးဆီ ၀င်လာတဲ့သူတွေ အဲဒီသူတွေက အဲဒီဈေးနဲ့ပဲ ရောင်းရတယ်။ အဲဒီလူတွေကတော့ သေချာပေါက်ရှုံးတယ်။ ဘာလို့ အဲဒီဈေးနဲ့ ဖြစ်နေတာလဲဆိုတော့ ကျွန်တော်တို့ အလှူလုပ်နေတာလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ အရင်တုန်းက ဆီတွေကို ၀ယ်ထားခဲ့တဲ့သူတွေ ဈေးအနိမ့်နဲ့ ရထားတဲ့ ကုမ္ပဏီတွေ ရှိတယ်။ သူတို့က ဒီတစ်ခေါက်မှာ ဈေးသက်သာတော့ သူကဦးဆောင်ပြီးတော့ လျှော့ရောင်းနေတယ်။ ကျန်တဲ့သူတွေက ရှုံးလည်းပဲ ရောင်းရတယ်။ ဒီသဘောတရားပါ။ ကျွန်တော်တို့က အရှုံးခံရောင်းတာ မဟုတ်ဘူး။ အရှုံးခံ ရောင်းရတယ်လို့ပဲ ပြောပါရစေ။ ဘာလို့လဲဆိုတော့ ဈေးအနည်းနဲ့ ရထားတဲ့သူက မြတ်နေတယ်” ဟု ဒေါက်တာဝင်းမြင့်က ပြောကြားသည်။

မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချသူများအသင်း၏ တွက်ချက်ထားသည့် စာရင်းများအရ မေ ၁၇ ရက်တွင် စက်သုံးဆီ ရောင်းကုန်တန်ဖိုး (CIF+ အခွန်၊ ကုန်ကျစရိတ်) မူရင်းတန်ဖိုးသည် ဓာတ်ဆီ 95 တစ်လီတာကို ၉၀၅ ကျပ်ကျော်ကျသင့်ပြီး ပြည်တွင်း၌ လက်ကားဈေး ၈၇၅ ကျပ်နှင့် လက်လီဆိုင်များတွင် တစ်လီတာကို ၈၈၂ ကျပ်မှ ကျပ် ၈၇၀ ကြားသာ ရောင်းချနေကြောင်း သိရသည်။

ဓာတ်ဆီ 92 တစ်လီတာကို မူရင်းတန်ဖိုး ၈၇၄ ကျပ်ကျော် ကျသင့်ပြီး လက်ကားဈေးကို အမြင့်ဆုံး ကျပ် ၈၄၀ နှင့် လက်လီဈေး အမြင့်ဆုံး ၈၄၅ ကျပ်အထိသာ ရောင်းချနေကြောင်း ဖော်ပြထားသည်။

ဒီဇယ် (Premium) တစ်လီတာကို မူရင်းတန်ဖိုး ၉၁၆ ကျပ်ကျော်ကျသင့်ပြီး လက်ကားဈေးကို အမြင့်ဆုံး ကျပ် ၉၀၀ နှင့် လက်လီဈေးနှုန်းကို အမြင့်ဆုံး ၈၉၅ ကျပ်အထိသာ ရောင်းနေကြောင်း၊ ဒီဇယ် မူရင်းတန်ဖိုး ၉၀၁ ကျပ်ကျော်ကျသင့်ပြီး လက်ကားဈေးကို အမြင့်ဆုံး ၈၈၅ ကျပ်နှင့် လက်လီဈေး ဈေးနှုန်းကို အမြင့်ဆုံး ကျပ် ၈၈၀ အထိသာ ရောင်းချနေခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

နိုင်ငံတကာ၌ စက်သုံးဆီဈေးနှုန်း မြင့်တက်မှုနှင့် ဒေါ်လာဈေးနှုန်း မြင့်တက်မှုများကြောင့် တစ်လအတွင်း ပြည်တွင်း စက်သုံးဆီ ဈေးနှုန်းမှာလည်း တစ်လီတာ ကျပ်တစ်ရာခန့်အထိ မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချသူများ အသင်းမှ သိရသည်။

 

May 22, 2018














Copy Protected by Chetan's WP-Copyprotect.