လာမည့်အမျိုးသားလွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေးကာလတွင် ဥပဒေကြမ်းကိုးခု ဆောင်ရွက်ရန်ရှိဟု ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ပြောကြား

လာမည့်အမျိုးသားလွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေးကာလတွင် ဥပဒေကြမ်းကိုးခု ဆောင်ရွက်ရန်ရှိဟု ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ပြောကြား
Published 4 May 2018

လာမည့် အမျိုးသားလွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေးကာလတွင် ဥပဒေကြမ်းကိုးခု ဆောင်ရွက်ရန်ရှိဟု ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး က မေ ၃ ရက်တွင် The Daily Eleven သတင်းစာကို ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးများကို မေလ ၁၄ ရက်တွင် စတင်ကျင်းပမည်ဖြစ်သည်။

ဒေါက်တာမြတ်ဉာဏစိုးက “အမျိုးသားလွှတ်တော်မှာ ဆောင်ရွက်ရမယ့် ဥပဒေကြမ်း ကိုးခုရှိတယ်။ ပြည်သူ့လွှတ်တော်ဘက်က ပြင်ဆင်ချက်နဲ့ပေးပို့ထားတဲ့ သစ်တောဥပဒေ (၂၀၁၇)ပေါ့။ အဲ့ဒီဥပဒေကြမ်းကို စတင်ဆွေး နွေးနေပါပြီ။ နောက်ပြီးတော့ အလုပ်သမား အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ တောင်သူ လယ်သမားရေးရာကော်မတီက တင်သွင်းထားတဲ့ မြေသိမ်းဥပဒေကြမ်း၊ ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်း၊ ရုပ်မြင်သံကြားနဲ့ ဗီဒီယိုထုတ်လုပ်ခြင်းဆိုင်ရာ ဥပဒေကြမ်း၊ မြန်မာ့သမိုင်းကော်မရှင် ဥပဒေကို ပြင်ဆင်တဲ့ဥပဒေ၊ မြန်မာနိုင်ငံ သွားနဲ့ ခံတွင်းကောင်စီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကြမ်းတွေ ဆွေးနွေးအတည်ပြုဖို့ ရှိပါတယ်” ဟု ပြောကြားခဲ့သည်။

ဆက်လက်၍ “ဦးစားပေးအနေနဲ့က အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကို စတုတ္ထအကြိမ်ပြင်ဆင်တဲ့ ဥပဒေကြမ်းပေါ့။ ဒီဥပဒေကြမ်းက ပြီးခဲ့တဲ့ သတ္တမပုံမှန်အစည်း အဝေးမှာ ကျန်ခဲ့တဲ့ ဥပဒေပေါ့။အဲ့ဒါပြီးရင်တော့ သစ်တောဥပဒေတို့၊ အလုပ်သမား အငြင်းပွားမှုဖြေရှင်းရေးဥပဒေတို့ ဒါတွေကတော့ ဦးစားပေးဆောင်ရွက်မယ့်ဥပဒေကြမ်းတွေဖြစ်ပါတယ်” ဟု ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားခဲ့သည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေးစတင်ချိန်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကြမ်းအား လွှတ်တော်၏ အဆုံးအဖြတ်ရယူပြီး အတည်ပြုဆောင်ရွက်ရုံသာ ကျန်ရှိတော့ကြောင်း၊ ကျန်သည့် ဥပဒေကြမ်းကိုးခုအား ဆွေးနွေးအတည်ပြုခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီအစည်းအဝေးအား မေ ၂ ရက် တွင် စတင်ခဲ့ပြီး အဋ္ဌမပုံမှန်အစည်းအဝေးတွင် ဆောာင်ရွက်မည့် ဥပဒေကြမ်းများထဲမှ သစ်တောဥပဒေ (၂၀၁၇) ကို ပြင်ဆင်သည့် ဥပဒေကြမ်းအား စတင်ဆွေးနွေးနေပြီဖြစ်ကြောင်း၊ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ အစည်းအဝေးများကို မေ ၂ ရက်မှ စတင်ကာ လွှတ်တော်အစည်းအဝေးများ မစတင်မီ အချိန်ထိ ဆက်တိုက်ပြုလုပ်မည်ဖြစ်ကြောင်း၊ မေ ၂ ရက်တွင် လုပ်ငန်းအစည်းအဝေးအဖြစ် စတင်မည်ဖြစ်ကြောင်း၊ မေ ၈ ရက် တွင် ဥပဒေကြမ်းပူးပေါင်း ကော်မတီ အစည်းအဝေး စတင်မည်ဖြစ်ကြောင်း၊ မေ ၁၀ ရက် တွင် အခွန်နှင့်သက်ဆိုင်သည့် ဥပဒေကြမ်းများကို ဆွေးနွေးမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်က ပြောကြားထားသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမ ပုံမှန်အစည်းအဝေးကာလမှ သတ္တမ ပုံမှန် အစည်းအဝေးကာလအထိ အဆို ၁၅ ခု တင်သွင်းခဲ့သည့်အနက် အဆိုရှစ်ခု အတည်ပြုခဲ့ပြီး အတည်မပြုအဆိုသုံးခု၊ မှတ်တမ်းတင်သည့် အဆိုလေးခုရှိခဲ့ကြောင်း သိရသည်။

ဒုတိယအကြိမ် သတ္တမ ပုံမှန်အစည်းအဝေးအား ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၅ ရက်မှ မတ် ၂၉ ရက်အထိ ၃၃ ရက်ကြာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ကြယ်ပွင့်ပြမေးခွန်း ၁၀၆ ခု  နှင့် ကြယ်ပွင့်မပြမေးခွန်း ၁၈၄ ခုအား လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခဲ့ပြီး ပြည်ထောင်စုအဆင့်ဝင်များက ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေးကာလအတွင်း အဆိုလေးခု တင်သွင်းခဲ့သည့်အနက် အတည်ပြုအဆို တစ်ခု၊ အတည်မပြုအဆို နှစ်ခုနှင့် မှတ်တမ်းတင် အဆိုတစ်ခုဖြစ်ကြောင်း သိရသည်။

Most Read

Most Recent