ငွေကြေးခဝါချမှုများနှင့် တရားမဝင်ငွေမည်းများ ငွေဖြူဖြစ်သွားမည်ကို သတိထားဆောင်ရွက်ရမည်ဖြစ်ကြောင်း အခွန်အကောက်ဥပဒေကြမ်း၏ ပုဒ်မ ၂၅ ပြဋ္ဌာန်းချက်များနှင့်ပတ်သက်ပြီး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး

ငွေကြေးခဝါချမှုများနှင့် တရားမဝင်ငွေမည်းများ ငွေဖြူဖြစ်သွားမည်ကို သတိထားဆောင်ရွက်ရမည်ဖြစ်ကြောင်း အခွန်အကောက်ဥပဒေကြမ်း၏ ပုဒ်မ ၂၅ ပြဋ္ဌာန်းချက်များနှင့်ပတ်သက်ပြီး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး
Published 10 March 2018

မတ် ၈ ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး အောင်ကျော်ဇော ဆွေးနွေးနေသည်ကို တွေ့ရစဉ်

အခွန်အကောက်ဥပဒေ၏ ပုဒ်မ ၂၅ ပြဋ္ဌာန်းချက်များကို ကြိုဆိုရမည်ဖြစ်သော်လည်း ငွေကြေးခဝါချမှုများနှင့် တရားမဝင် ငွေမည်းများ ငွေဖြူ ဖြစ်သွားမည်ကို သတိထား ဆောင်ရွက်ရမည်ဖြစ်ပြီး ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေသည် အခွန်ငွေရရှိရေးသက်သက်ကိုသာ ဦးစားပေးစဉ်းစားခြင်းမျိုး မဖြစ်သင့်ကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆွေးနွေးခဲ့သည်။

နေပြည်တော်၌ မတ် ၈ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးရာတွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးအောင်ကျော်ဇောက“အခွန်အကောက်ဥပဒေရဲ့ ပုဒ်မ ၂၅ ပါ ပြဋ္ဌာန်းချက်တွေကို ကြိုဆိုရမှာဖြစ်ပေမယ့် ငွေကြေးခဝါချမှုတွေနဲ့ ငွေမည်းများ ငွေဖြူဖြစ်သွားမှာကိုတော့ သတိထားဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒီလို ပြည်သူတွေ လက်ခံနိုင်တဲ့နှုန်းထားနဲ့ အခွန်ကို လျော့ပေါ့ကောက်ခံခြင်းအားဖြင့် စည်းကြပ်မှုက လွတ်ကင်းနေတဲ့အခွန်ဝင်ငွေတွေဟာ နိုင်ငံတော်ဘဏ္ဍာထဲကို စီးဝင်လာမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးကဏ္ဍမှာ ငွေကြေးစီးဝင်မှုများပြားတဲ့အိမ်ခြံမြေ ရောင်းဝယ်ခြင်းလုပ်ငန်းတွေမှာ လက်ရှိအခွန် ကောက်ခံမှုနှုန်းထား မြင့်မားနေသော်လည်း လက်တွေ့မှာနိုင်ငံတော်က ရရှိနေတဲ့ အခွန်အခဟာ နည်းပါးနေပြီး ပြည်သူတွေအနေနဲ့ အိမ်ခြံမြေ ရောင်းဝယ်ငှားရမ်းခြင်းအတွက် သုံးစွဲရတဲ့ငွေပမာဏဟာ များပြားနေတာကို တွေ့ရပါတယ်။ ဒါတွေကို ပွင့်လင်းမြင်သာစွာ ရာခိုင်နှုန်းနည်းနည်းနဲ့ လူများများ အခွန်ပေး ဆောင်နိုင်အောင် ဆောင်ရွက်ခြင်းဟာ အခွန်စနစ်အပေါ် ပြည်သူတွေ ယုံကြည်မှု တိုးလာပြီး အခွန်အခများ မှန်မှန်ကန်ကန်ရရှိစေမှာ ဖြစ်ပါတယ်” ဟု ဆွေးနွေးခဲ့သည်။

ထို့ပြင် ပုဒ်မ ၃၄ ပုဒ်မခွဲ (က၊ခ၊ဂ) ပါ ကိစ္စရပ်များအတွက် အခွန်နှုန်းထား မတူညီခြင်းကြောင့် နိုင်ငံသားတစ်ဦးသည် ပုဒ်မ ၃၄ (ခ)အရ ဘဏ်တွင် အပ်နှံထားသည့် ငွေကြေးကိုထုတ်ယူပြီး ပုဒ်မ ၃၄ (က) နှင့် အကျုံးဝင်အောင် စီးပွားရေးလုပ်ငန်းတစ်ခုခုဆောင်ရွက်ခဲ့ပြီး အခွန်ပေးဆောင်ရန်ကျန်ရှိသည့်ငွေဟု ဖော်ပြခဲ့ပါက သုံးရာခိုင်နှုန်းသာ အခွန်ပေးဆောင်ရမည်ဖြစ်ပြီး ဘဏ်တွင် အပ်နှံထားသည်ဟု ပြောပါက ငါးရာခိုင်နှုန်းပေးဆောင် ရမည်ဖြစ်သည့်အတွက် နှစ်ရာခိုင်နှုန်း ပိုမို ပေးဆောင်ရမှာဖြစ်ကြောင်း အလားတူပုဒ်မ ၃၄ (ဂ) အရ လက်ဝယ်ရှိ ငွေကြေး၊ ရွှေနှင့် အဖိုးတန်ပစ္စည်းများကို  ပုဒ်မ ၃ (က)နှင့် အကျုံး ဝင် အောင်စာရင်းတင်ပြပါက သုံးရာခိုင်နှုန်းသာ ပေးဆောင်ရမည်ဖြစ်သော်လည်း ပုဒ်မ ၃၄ (ဂ)အတိုင်းကြေညာခဲ့ပါက အခွန်ပေးဆောင်ရမည်ဖြစ်သည့်အတွက် ခုနစ်ရာခိုင်နှုန်း အခွန်ပေးဆောင်ရာတွင် မရိုးမဖြောင့်ပြုလုပ်မှုများ ရှိလာနိုင်ကြောင်း၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေသည် အခွန်ငွေရရှိရေးသက်သက်ကိုသာ ဦးစားပေးစဉ်းစားခြင်း မျိုးမဖြစ်သင့်ကြောင်း၊ ဥပဒေတစ်ရပ်သည် မည်မျှပင်ကောင်းမွန်စေကာမူ ပြည်သူအများစု လိုက်နာကျင့်သုံးနိုင်ခြင်းမရှိလျှင် အကျိုးသက်ရောက်မှုအားနည်းပြီး လိုရာပန်းတိုင်ကို ရောက်ရှိမည်မဟုတ်ကြောင်း၊ ပြည်ထောင်စု ‘အခွန်အကောက်ဥပဒေသည် ဆင်းရဲသား ပြည်သူလူထုနှင့် လူလတ်တန်းစားများကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ အလုပ်အကိုင်အခွင့်အလမ်း ဖွံ့ဖြိုးတိုးတက်စေပြီး လုပ်ငန်းရှင်ငယ်များ ပေါ်ထွန်းလာရေးကို အားပေးသည့် ဥပဒေဖြစ်ရန် အရေးတကြီး လိုအပ်နေကြောင်း ဒုတိယဗိုလ်မှူးကြီး အောင်ကျော်ဇောက ဆွေးနွေးသည်။

ဗိုလ်မှူးမိုးဟန်က ဥပဒေကြမ်း၏ ပုဒ်မ ၃၃ ပြဋ္ဌာန်းချက်အရ စည်းကြပ်မှုမှ လွတ်ကင်းနေသော အခွန်ပေးဆောင်ရခြင်း မရှိသေးသည့် ဝင်ငွေများဖြစ်ပြီး ဥပဒေပြဋ္ဌာန်းပြီးသည်နေ့မှစ၍ ပထမခြောက်လအတွင်း သုံးရာခိုင်နှုန်း၊ ငါးရာခိုင်နှုန်း၊ ခုနစ်ရာခိုင်နှုန်း၊ ဒုတိယခြောက်လတွင် ငါးရာခိုင်နှုန်း၊ ခုနစ် ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်းပေးဆောင်ခြင်းဖြင့် တရားဝင် အခွန်ထမ်းဆောင်ပြီးဖြစ်သော ငွေကြေးများ ပိုင်ဆိုင်နိုင်မည်ဖြစ်ကြောင်း၊ စည်းကြပ်မှုမှလွတ်ကင်းနေသော ဝင်ငွေများကို ပြန်လည် အခွန်ထပ်ဆောင်နိုင်စေရန် နောက်ဆုံးအခွင့်အရေးဖြစ်ပြီး နောင်တွင် စည်းကြပ်မှုမှ လွတ်ကင်းသောဝင်ငွေဟူသော အသုံးအနှုန်းမရှိတော့ဘဲ အခွန်တိမ်းရှောင်မှုများအတွက် တည်ဆဲဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်မည်ဟု စီမံကိန်းနှင့်ဘဏ္ဍာရေး ဒုတိယဝန်ကြီးက ပြောကြားခဲ့ကြောင်း၊ သို့ရာတွင် ငွေကြေးခဝါချမှုများနှင့် တရားမဝင်ရရှိသည့်ငွေများ ငွေဖြူ ဖြစ်သွားမည်ကို သတိထားလုပ်ဆောင်ရမည် ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

ဆက်လက်၍ “ပုဒ်မ ၃၃ အရ စည်းကြပ်မှုက လွတ်ကင်းနေတဲ့ဝင်ငွေပိုင်ဆိုင်ထားသူတွေအတွက် အခွင့်အရေးတစ်ခုသဖွယ်ဖြစ်နေပြီး ရာခိုင်နှုန်းအနည်းငယ်သာပေးဆောင်ရုံဖြင့် တရားဝင်အခွန်ထမ်းဆောင်ပြီးဖြစ်သော ငွေကြေးအဖြစ် ပြောင်းလဲနိုင်တဲ့အတွက်ကြောင့် အခွန်အခများ ပိုမိုရရှိလာမှာဖြစ်ပါတယ်။ လုပ်ငန်းတစ်ခုချင်း၊ ကုမ္ပဏီတစ်ခုချင်းစီက ၎င်းတို့ရဲ့ အမြတ်ငွေတွေကို ဝင်ငွေခွန် ထမ်းဆောင်ရမည်ဆိုပါက ငါးရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းထမ်းဆောင်ပြီးမှသာ တရားဝင် အခွန်ထမ်းဆောင်ပြီးဖြစ်သော ငွေကြေးဖြစ်လာနိုင်တဲ့အတွက် အခွန်ထမ်းဆောင်မှု မမျှမတဖြစ်နေတာကို တွေ့ရပါတယ်။ ဒီလို မမျှမတမှုကြောင့် အမှန်တကယ်လုပ်ငန်းလုပ်ကိုင်နေပြီး နိုင်ငံတော်ကို အခွန်ပုံမှန်ထမ်းဆောင်နေသူတွေအနေနဲ့ အခွန်ထမ်းဆောင်လိုစိတ် လျော့နည်းလာပြီး အခွန်ရှောင်လိုမှု များ တိုးပွားလာကာ ရရှိလာတဲ့အမြတ်ငွေတွေကို စည်းကြပ်မှုက လွတ်ကင်းနေတဲ့ ဝင်ငွေအဖြစ် အခွန်ပေးဆောင်လိုမှုများ များပြားလာနိုင်မှာဖြစ်ပါတယ်။ ဥပဒေကြမ်း ပုဒ်မ ၃၅ အရ တရားမဝင်သော နည်းလမ်းဖြင့်ရရှိတဲ့ ပစ္စည်းပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းကို အရေးယူသည့်ဥပဒေအရလည်းကောင်း၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ လည်းကောင်း အရေးယူခြင်းအား ထိခိုက်မှုမရှိစေရ  ဆိုသည့်အချက်ပါသော်လည်း တာဝန်ရှိဝန်ထမ်းတွေအနေနဲ့ ဝန်နဲ့အားမမျှတဲ့အတွက် စိစစ်ကြပ်မတ်ဖို့ဖြစ်နိုင်မည်မဟုတ်ဘဲ မသမာမှုတွေ၊အဂတိလိုက်စားမှုတွေ ပေါ်ပေါက်လာနိုင်တယ်လို့ ထင်မြင်ယူဆမိပါတယ်” ဟု ဗိုလ်မှူးမိုးဟန်က ဆွေးနွေးခဲ့သည်။

အခွန်အကောက်ဥပဒေများကို လေ့လာကြည့်ပါက စည်းကြပ်မှုမှ လွတ်ကင်းနေသော ငွေကြေးနှင့်ပတ်သက်ပြီး အခွန်ကောက်ခံမှုနှုန်းထားမှာ နှစ်စဉ်ဝင်ငွေခွန်ကောက်ခံမှု နှုန်းထားထက် မနည်းသည်ကို တွေ့ရကြောင်း၊ အခွန်ကောက်ခံရသည့် ရည်ရွယ်ချက်သည် နိုင်ငံတော်အစိုးရ အသုံးစရိတ် ကာမိစေရန် ဘဏ္ဍာငွေရရှိရေးကိုသာ ဦးတည်ပြီး ကောက်ခံရခြင်းမဟုတ်ကြောင်း၊ နိုင်ငံတွင် ညီညွတ် မျှတသော အရအသုံးငွေကြေးစနစ်ဖြစ်ပေါ်စေပြီး ငွေကြေးလည်ပတ်မှုကို မှန်ကန်စေရန်၊ ငွေကြေးဖောင်းပွမှု မပေါ်ပေါက်အောင်ထိန်းညှိပေးရန်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စုဆောင်းမှုများကို အခွန်အကောက်စနစ်က ထိန်းညှိပေးရန်၊ စီးပွားရေးဖွံ့ဖြိုးမှုအတွက် အထောက်အကူ ဖြစ်စေရန် စသည့်အချက်များကို ဖော်ဆောင်ပေးရန်ဖြစ်ကြောင်း၊ အခွန်ထမ်းဆောင်ရာတွင် ညီမျှမှုရှိစေရန်အတွက် စည်းကြပ်မှုမှလွတ်ကင်းနေသောငွေကြေးကို ထမ်းဆောင်ရမည့်အခွန်နှုန်းထားနှင့် ဝင်ငွေခွန်အပေါ် ထမ်းဆောင်ရမည့် အခွန်နှုန်းထားများ စသည့် နယ်ပယ်အသီးသီးမှ ပေးဆောင်ရသည့် အခွန်နှုန်းထားများကို နှိုင်းယှဉ်၍လည်းကောင်း၊ ပြန်လည်သုံးသပ်၍လည်းကောင်း ချင့်ချိန်ပြင် ဆင်ပြဋ္ဌာန်းသင့်ကြောင်း တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးမိုးဟန်က ဆွေးနွေးခဲ့သည်။

စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေနှင့် ပိုင်ဆိုင်မှုများအတွက် ၂၀၁၉ ခုနှစ် မတ် ၃၁ ရက်အထိ  ပထမခြောက်လကာလအတွင်း ၃ ရာခိုင်နှုန်း၊ ဒုတိယခြောက်လကာလအတွင်း ၅ ရာခိုင်နှုန်း စသည်ဖြင့် ကန့်သတ် ချက်များဖြင့် ဝင်ငွေခွန်ကျသင့်စေရမည်ဟု ဥပဒေကြမ်း ပူးပေါင်းကော်မတီက ပြင်ဆင်ထားကြောင်း ဖေဖော်ဝါရီ ၂၈ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အစီရင်ခံစာ တင်သွင်းခဲ့သည်။

ဥပဒေကြမ်း၏ အခန်း (၈) အဖြစ် ကန့်သတ်ချက်ဖြင့် အခွန်သက်သာခွင့်ပြုခြင်းအခန်းတွင် မြန်မာနိုင်ငံသားများ၏ ပြည်တွင်း၊ ပြည်ပရှိ ပိုင်ဆိုင်မှုများဖော်ထုတ်ခြင်း၊ ပြန်လည်လွှဲပြောင်းခြင်းဖြင့် ဈေးကွက်အတွင်း ငွေကြေးလည်ပတ်မှုတိုးမြှင့်၍ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရန်အတွက်လည်း ကောင်း၊ နိုင်ငံတော်၏ စီးပွားရေးပြန်လည်တည်ဆောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို  အရှိန်အဟုန် မြှင့်တင်စေရန်လည်းကောင်း၊ တရားမျှတမှုကိုအခြေခံသော အခွန်စနစ်တစ်ခု ဖော်ဆောင်ရန်အတွက် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် နိုင်ငံသားများ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင် စေရန်အတွက်လည်းကောင်း ပုဒ်မ ၂၅ တွင် မည်သို့ပင် ပြဋ္ဌာန်းထားစေကာမူ ပုဒ်မ ၃၄ ပါ  စည်းကြပ်မှုမှ လွတ်ကင်းနေသောဝင်ငွေနှင့် ပိုင်ဆိုင်မှုများအတွက် ဤဥပဒေအကျိုး သက်ရောက်သည့်နေ့မှစ၍ ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာခွင့်များ နုတ်ပယ်ခွင့်မပြုဘဲ ၂၀၁၉ ခုနှစ် မတ် ၃၁ ရက် အထိ အောက်ပါကာလအလိုက် သတ်မှတ်ထားသည့် အခွန်နှုန်းများအတိုင်း ကန့်သတ်ချက်ဖြင့် ဝင်ငွေခွန်ကျသင့်စေရမည် (က) ပထမခြောက်လကာလအတွင်း သတ်မှတ်ဝင်ငွေ ကြေညာလွှာပုံစံဖြင့် တင်ပြလာသော ပုဒ်မ ၃၄၊ ပုဒ်မခွဲ (က) ပါ ကိစ္စရပ်အတွက် သုံးရာခိုင်နှုန်း၊ ပုဒ်မ ၃၄ (ခ) ပါ ကိစ္စရပ်အ တွက် ငါးရာခိုင်နှုန်း၊ ပုဒ်မ ၃၄ (ဂ) ပါ ကိစ္စရပ် အတွက် ခုနစ်ရာခိုင်နှုန်း၊ (ခ)ပထမခြောက်လ ကုန်ဆုံးပြီးနောက် ဒုတိယခြောက်လကာလအတွင်း သတ်မှတ်ဝင်ငွေကြေညာလွှာပုံစံဖြင့် တင်ပြလာသော ပုဒ်မ ၃၄ (က) ပါ ကိစ္စရပ် အတွက် ငါးရာခိုင်နှုန်း၊ ပုဒ်မ ၃၄ (ခ) ပါ ကိစ္စရပ်အတွက် ခုနစ်ရာခိုင်နှုန်း၊ ပုဒ်မ ၃၄ (ဂ) ပါ ကိစ္စရပ်အတွက် ၁၀ ရာခိုင်နှုန်းဟု ပူးပေါင်းကော်မတီက ပြင်ဆင်ထားကြောင်း အစီရင်ခံ စာတင်သွင်းခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုအပြီးတွင် ပြည်ထောင်စုလွှတ်တော် နာယကမန်းဝင်းခိုင်သန်းက ဥပဒေကြမ်း ပူးပေါင်းကော်မတီ၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီတို့ ပူးပေါင်းပြီး သက်ဆိုင်ရာ လွှတ်တော်ကော်မတီ၊ ကော်မရှင်များ၊ ပြည်ထောင်စုအဆင့်ဌာန အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော ပြည်တွင်းစီးပွားရေး အဖွဲ့အစည်းများ၊ ဆွေးနွေးခဲ့သည့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြန်လည်ဆွေးနွေးညှိနှိုင်းကာ သဘောထားမှတ်ချက် အစီရင်ခံစာ ထပ်မံတင်သွင်းရန် ဆုံးဖြတ်ကြောင်း ပြောကြားသည်။