၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံအတွင်းသို့ သီလဝါအထူးစီးပွားရေးဇုန် အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၅ ဒသမ ၇ ဘီလျံနီးပါး ဝင်ရောက်

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံအတွင်းသို့ သီလဝါအထူးစီးပွားရေးဇုန် အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၅ ဒသမ ၇ ဘီလျံနီးပါး ဝင်ရောက်
Published 7 March 2018

သီလဝါအထူးစီးပွားရေးဇုန် အတွင်းရှိ ကုန်ထုတ်စက်ရုံတစ်ရုံကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံအတွင်းသို့ သီလဝါအထူးစီးပွားရေးဇုန်သို့ ဝင်ရောက်ထားသည့် ရင်းနှီးမြှုပ်နှံမှု အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ၅ ဒသမ ၇ ဘီလျံနီးပါးရှိကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် သတင်းထုတ်ပြန်ချက် ၃/၂၀၁၈ အရ သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ အစည်းအဝေး အမှတ်စဉ် ၃/၂၀၁၈ ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက် ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အစည်းအဝေးတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းနှစ်ခုကို ခွင့်ပြုခဲ့ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း လေးခုကို အတည်ပြုခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီက အတည်ပြုခဲ့သည့် လုပ်ငန်းလေးခုနှင့် စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီမှ အတည်ပြုပေးခဲ့သော လုပ်ငန်းတစ်ခုရှိသဖြင့် အဆိုပါ အစည်းအဝေး ကာလတွင် စုစုပေါင်း လုပ်ငန်း ၁၁ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၉၀ ဒသမ ၃၃၆ သန်းကို ခွင့်ပြု/အတည်ပြုခဲ့ပြီး ယင်းလုပ်ငန်းများမှ ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၆၅၂၀ ကို ဖန်တီပေးနိုင်မည်ဖြစ်သည်။

ယင်းခွင့်ပြု/အတည်ပြုလုပ်ငန်း ၁၁ ခု ၌ စက်မှုလုပ်ငန်းကဏ္ဍ ခုနစ်ခု၊ အခြားဝန်ဆောင်မှုကဏ္ဍ နှစ်ခုနှင့် လျှပ်စစ်ဓာတ်အားကဏ္ဍ နှစ်ခုတို့ဖြစ်ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/အတည်ပြု ပေးခဲ့ခြင်းသည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၂၀၆ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၄၅၀၈ ဒသမ ၄၅၃ သန်းဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ဒေါ်လာ ၅၃၀၇ ဒသမ ၂၀၁၇ သန်းဖြစ်ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း အထူးစီးပွားရေးဇုန် ဥပဒေအရ သီလဝါအထူး စီးပွားရေးဇုန်တွင် ဒေါ်လာ ၃၆၆ ဒသမ ၅၃၀ သန်း ခွင့်ပြုခဲ့သဖြင့် စုစုပေါင်းခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၅၆၇၃ ဒသမ ၇၃၇ သန်းဖြစ်ကြောင်း သိရသည်။

သီလဝါ အထူးစီးပွားရေးဇုန်၌ လက်ရှိအချိန်အထိ စီးပွားဖြစ် လည်ပတ်ထုတ်လုပ်နိုင်သည့် စက်ရုံ ၄၀ ခန့်သာရှိပြီး အဆိုပါစက်ရုံများမှ ပို့ကုန်အခြေအနေများကို မကြာမီ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားထားသည်။

 

Most Read

Most Recent