အနည်းဆုံး အခကြေးငွေနှုန်းထားကို မူလအဆိုပြုသည့် နှုန်းထားအတိုင်း တစ်ရက် ကျပ် ၄၈၀၀ နှုန်းဖြင့် အတည်ပြုသတ်မှတ်

အနည်းဆုံး အခကြေးငွေနှုန်းထားကို မူလအဆိုပြုသည့် နှုန်းထားအတိုင်း တစ်ရက် ကျပ် ၄၈၀၀ နှုန်းဖြင့် အတည်ပြုသတ်မှတ်
Published 6 March 2018

အနည်းဆုံအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ ငါးကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို မတ် ၅ ရက်က နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွင် ပြုလုပ်စဉ်

အနည်းဆုံးအခကြေးငွေနှုန်းထားကို မူလအဆိုပြုထားသည့် နှုန်းထားအတိုင်း တရက် ကျပ် ၄၈၀၀ နှုန်းဖြင့် အတည်ပြုသတ်မှတ်ခဲ့ကြောင်း အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

ယင်းသို့သတ်မှတ်ရာတွင် အလုပ်သမားအင်အား ၁၀ ဦးအောက်ရှိသည့် လုပ်ငန်းငယ်များနှင့် တစ်ပိုင်တစ်နိုင်လုပ်ငန်းငယ်များမှာ ယခင်အဆိုပြု သတ်မှတ်ထားသည့်အတိုင်း အကျုံးဝင်ခြင်း မရှိကြောင်း သိရသည်။

အနည်းဆုံအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ ငါးကြိမ်မြောက် ညှိနှိုင်း အစည်းအဝေးကို မတ် ၅ ရက်က နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့ပြီး အတည်ပြုသတ်မှတ်ခဲ့ခြင်းဖြစ်သည်။

“ဒီနေ့မှာ မူလကြေညာထားတဲ့အတိုင်းပဲ တစ်နာရီကို ကျပ် ၆၀၀ နှုန်းနဲ့ အလုပ်သမားတွေအတွက် တစ်နေ့ကို အလုပ်ချိန် ၈ နာရီ သတ်မှတ်ပြီးတော့ တစ်ရက်အတွက် ကျပ် ၄၈၀၀ ကို အတည်ပြုနိုင်ခဲ့ပါတယ်။ အလားတူပဲ အလုပ်သမားအင်အားနဲ့ ပတ်သက်လို့လည်း အလုပ်သမားအင်အား ၁၀ ဦးအောက်မှာရှိတဲ့ လုပ်ငန်းငယ်တွေ၊ မိသားစုတစ်ပိုင် တစ်နိုင်လုပ်ငန်းများနဲ့ သက်ဆိုင်မှု မရှိဘဲနဲ့ သတ်မှတ်တဲ့အတိုင်း သဘောတူခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ အနည်းဆုံး အခကြေးငွေနဲ့ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးမှုတွေ စောင့်ကြည့်ပြီး အကဲဖြတ်တဲ့ကိစ္စတွေကိုလည်း စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်မှာ ဖြစ်ပါတယ်” ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

အတည်ပြုသတ်မှတ်သည့်နှုန်းထားကို ပြည်ထောင်စု အစိုးရအဖွဲ့သို့ ဆက်လက် တင်ပြမည်ဖြစ်ပြီး အစိုးရအဖွဲ့မှ အတည်ပြုပြီးလျှင် အမြန်ဆုံး ထုတ်ပြန်ကြေညာသတ်မှတ်ပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန် ကြီးက ပြောကြားသည်။

“ပြီးရင် အစိုးရအဖွဲ့ကို တင်မယ်ဆိုတော့ ဒီ ဧပြီမကုန်ခင်အချိန် မတ်လအတွင်းမှာ ဒါတွေကို အတည်ပြုပြီးဖြစ်မယ်လို့ မှန်းထားပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

ကော်မတီမှ အတည်ပြုလိုက်သည့် နှုန်းထားနှင့်ပတ်သက်ပြီး လုပ်ငန်းရှင်အချို့က အခက်အခဲရှိသည်ဟု တင်ပြမှုများရှိခဲ့သော်လည်း အလုပ်ရှင်နှင့် အလုပ်သမားအများစုက သင့်တော်သည်ဟု လက်ခံခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အလုပ်ရှင်ဘက်လည်း  သူတို့မှာအခက်အခဲတွေရှိတဲ့အတွက် နိုင်ငံတော်အစိုးရက လုပ်ပေးသင့်တဲ့ ကိစ္စတွေကို ပြောတယ်။  ဒါတွေလည်းပဲ  နိုင်ငံတော်အစိုးရဘက်က ဆောင်ရွက်ပေးနေတယ်။ အလုပ်သမားတွေ ဘက်ကလည်း ဒါတွေကိုသတ်မှတ်ပြီးရင် သူတို့ကို မပေးဘဲထားမလား။ အလုပ်တွေ ပိတ်သိမ်းပြီး အလုပ်သမားတွေလျှော့မလား။ ဒါတွေလည်း သူတို့စိုးရိမ်ပါတယ်။ ဒါကိုလည်း  ဝန်ကြီးဌာနရော သက်ဆိုင်ရာတာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ အမြဲတမ်းစောင့်ကြည့်လေ့လာပြီးတော့ အားလုံးအတွက် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ ပြောချင်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေက ပြောကြားသည်။

အတည်ပြုသတ်မှတ်လိုက်သည့် နှုန်းထားနှင့်ပတ်သက်ပြီး အလုပ်သမားကိုယ်စားလှယ် ဦးနော်အောင်က “ဒီနေ့ အတည်ပြု လိုက်တာကတော့ အလုပ်သမားတွေအနေနဲ့က သဘောကျလိမ့်မယ်လို့ မထင်ဘူးဗျ။ ဒါကတော့ ကြားကျတဲ့ နှုန်းထားတစ်ခုလို့ ကျွန်တော်တို့အနေနဲ့ လက်ခံထားပါတယ်။  အလုပ်ရှင်တွေဘက်ကလည်း ကျေနပ်မှုမရှိဘူးလို့ အရိပ်အယောင် ဒီနေ့ပြတာကိုး။အလုပ်ရှင်တွေ မကျေနပ်ရင် အလုပ်ပိတ်တာတွေ ရှိလာမှာပေါ့။ အလုပ်သမားတွေ မကျေနပ်ရင် ဆန္ဒပြတာတွေ ရှိလာမှာပေါ့။ အလုပ်ရှင်၊ အလုပ်သမား နှစ်ဖက်စလုံးက ဒါကို ဘယ်လိုတုံ့ပြန်သင့်သလဲဆိုတာ စဉ်းစဉ်းစားစားနဲ့ တုံ့ပြန်သင့်တယ်။ အလုပ်ရှင်တွေအနေနဲ့  အစိုးရက ကတိပြုသွားတာတွေ အများကြီးရှိ ပါတယ်။ ဥပမာ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်၊ ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ဖြစ်အောင် အစိုးရအနေနဲ့ တစ်စိုက်မတ်မတ် လုပ်နေပါတယ်ဆိုတဲ့အကြောင်း၊ ယှဉ်ပြိုင်နိုင်မှု စွမ်းအားရှိအောင်လုပ်ပေးမယ်ဆိုတဲ့ အကြောင်းတွေ အစိုးရအနေနဲ့ ကတိပြုထားတာတွေရှိတယ်။ အလုပ်ရှင်တွေအနေနဲ့ ဒီအစိုးရရဲ့ ကတိကို စောင့်ကြည့်သင့်တယ်”ဟု ပြောကြားသည်။

ယခုကဲ့သို့ ပြင်ဆင်သတ်မှတ်မည့် အနည်းဆုံးအခကြေးငွေနှုန်းထားသည် ပုဂ္ဂလိကဝန်ထမ်းများနှင့်သာ သက်ဆိုင်ပြီး အစိုးရဝန်ထမ်းများနှင့် သက်ဆိုင်ခြင်းမရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။