နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် စွဲချက်တင်ခံထားရသည့် ဆရာတော်ဦးပါမောက္ခအား လာမည့်ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမည်

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် စွဲချက်တင်ခံထားရသည့် ဆရာတော်ဦးပါမောက္ခအား လာမည့်ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမည်
Published 15 February 2018

ဆရာတော်ဦးပါမောက္ခအား ဖေဖော်ဝါရီ ၁၄ ရက်က ကမာရွတ်မြို့နယ်တရားရုံးတွင် ရုံးထုတ်လာသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-မင်းသု)

အမေရိကန်သံရုံးရှေ့ ဆန္ဒပြမှုကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) ဖြင့် စွဲချက်တင်ခံထားရသော ဆရာတော်ဦးပါမောက္ခအား ဖေဖော်ဝါရီ ၁၄ ရက်နံနက်တွင် ကမာရွတ်မြို့နယ်တရားရုံး၌ (၁၃) ကြိမ်မြောက် ရုံးထုတ်ခဲ့သည်။

ယင်းနေ့ရုံးချိန်းတွင် ဆရာတော်ဦးပါမောက္ခအား ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍ ဆရာတော်ဘက်မှ သက်သေငါးဦးကို စစ်ဆေးခြင်းနှင့် နှစ်ဖက်အပြီးသတ်လျှောက်လဲချက်ပေးခဲ့ပြီး ရုံးချိန်းကို ဖေဖော်ဝါရီ ၂၁ ရက်သို့ ချိန်းဆိုခဲ့ကြောင်း သိရသည်။

“ဒီနေ့ရုံးချိန်းမှာတော့ ဆရာတော်ဘက်က သက်သေငါးဦးစလုံးကို အပြီးစစ်လိုက်ပါတယ်။ အားလုံးပြီးဆုံးပြီဖြစ်တဲ့အတွက် တစ်ခါတည်းလျှောက်လဲချက်ပေးပြီးတော့ လာမယ့်ရုံးချိန်းမှာ အမိန့်ချမှာဖြစ်ပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးအောင်သူရိန်ထွန်းက မီဒီယာများ၏မေးမြန်းမှုကို ဖြေကြားသည်။

ဆရာတော်ဘက်မှတင်ပြသော သက်သေများကိုစစ်ဆေးရာတွင် အမေရိကန်သံရုံးရှေ့တွင် ဆန္ဒပြစဉ်က ဗီဒီယိုဖိုင်ကိုသက်သေခံအဖြစ်တင်ပြပြီး သက်သေများကို စစ်ဆေးခဲ့ကြောင်း၊ လျှောက်လဲချက်ပေးရာတွင် အဓိကအနေဖြင့် အမေရိကန်သံရုံးရှေ့ ဟောပြောမှုနှင့်ပတ်သက်၍ ငြိမ်းစုစီပုဒ်မဖြင့် ထောင်ဒဏ်တစ်လ ချမှတ်ထားသည့်အတွက် ၁၉၇၃ ခုနှစ် စကားရပ်များအနက် အဓိပ္ပာယ်ဥပဒေပုဒ်မ ၂၂ အရ ဖြစ်ရပ်တူတစ်ခုတည်းကို ပြစ်ဒဏ်နှစ်ကြိမ်မထိုက်စေရ၊ နှစ်ခါတရားမစွဲဆိုရ ပြဋ္ဌာန်းထားသောကြောင့် အဆိုပါဟောပြောချက်ကို ပုဒ်မ ၅၀၅ (ခ) ဖြင့် ထပ်မံတရားစွဲဆိုခြင်းမှာ ဥပဒေအရလွဲနေကြောင်း တင်ပြလျှောက်လဲကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားတိုင်း၏အခွင့်အရေးဖြစ်သည့် လွတ်လပ်စွာထုတ်ဖော် စုဝေးဆန္ဒပြခြင်းအချက်တို့ကို ဆရာတော်ကကျင့်သုံးခဲ့ခြင်းဖြစ်ကြောင်း၊ အမေရိကန်သံရုံးက ရိုဟင်ဂျာဟုသုံးနှုန်းခြင်းမှာ တိုင်းပြည်အချင်းချင်း အချုပ်အခြာအာဏာကို ထိပါးရာရောက်သည့်အတွက်ကြောင့် ဆရာတော်က ရိုဟင်ဂျာဟူသည့် အသုံးအနှုန်းမသုံးရန် ဟောပြောခြင်းမှာ ရာဇဝတ်ပြစ်မှုမမြောက်သဖြင့် ဆရာတော်ကိုလွှတ်ပေးသင့်ကြောင်း လျှောက်လဲတင်ပြခဲ့သည်။

ဆရာတော်ဦးပါမောက္ခအား ပထမအကြိမ်ရုံးထုတ်ပြီး တရားလိုဦးသန်းထွန်းအောင်ကို စစ်ဆေးစဉ်က တရားလိုဦးသန်းထွန်းအောင်က ဦးတိုက်လျှောက်ထားလွှာပေါ်ရှိ လက်မှတ်မှာ ၎င်းလက်မှတ်မဟုတ်ကြောင်း ထွက်ဆိုခဲ့ကြောင်း၊ ထို့သို့လက်မှတ် မမှန်မကန်ကိုသုံး၍ တရားရုံးမှစီစဉ်ပါက မှန်ကန်မှုမရှိသည့်အတွက် ဦးတိုက်လျှောက်ထားလွှာကို ပိတ်ပေးပြီး ဆရာတော်အားလွှတ်ပေးရန် ဆရာတော်၏ရှေ့နေဘက်မှ လျှောက်လဲတင်ပြခဲ့ကြောင်း သိရသည်။

ယင်းလျှောက်လဲချက်ကို တရားရုံးမှ ကြားဖြတ်အမိန့်ချမှတ်ရာတွင် တရားရုံးဦးတိုက်လျှောက်ထားလွှာမှ တရားလိုလက်မှတ်မမှန်သော်လည်း ဦးတိုက်လျှောက်ထားလွှာ၏နောက်တွင်ပါသည့် နောက်ဆက်တွဲ (က) တွင် ဖော်ပြသည့်လက်မှတ်မှာ တရားလိုလက်မှတ် မှန်ကန်နေခြင်းအပါအဝင် အချက်သုံးချက်ဖြင့် ဆရာတော်ဘက်မှ အမှုရုပ်သိမ်းပေးရန် လျှောက်ထားမှုကိုပယ်ချခဲ့ပြီး အမှုကို ဆက်လက်စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ် ဧပြီ ၂၈ ရက်က ကမာရွတ်မြို့နယ် တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ အမေရိကန်သံရုံးရှေ့၌ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမရှိကြောင်း ဆန္ဒပြမှုနှင့်ပတ်သက်၍ မကွေးကျောင်းဆရာတော်ဦးပါမောက္ခအား ပုဒ်မ ၁၉၊ ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး နိုဝင်ဘာ ၂၁ ရက်၊ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးမှုတွင် ပုဒ်မ ၁၉ အပေါ်ဝန်ခံသဖြင့် ထောင်ဒဏ်တစ်လချမှတ်ခဲ့ကြောင်း၊ ဒီဇင်ဘာ ၁၉ ရက်တွင် ပြစ်ဒဏ်ရက်ပြည့်ခဲ့သောကြောင့် လက်ရှိတွင် ဆရာတော်အား အချုပ်ဖြင့် ရုံးထုတ်စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။