နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့အား တွေ့ဆုံပြီးနောက် NCA စာချုပ်တွင် မကြာမီလက်မှတ်ရေးထိုးမည်ဟု မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ကြေညာ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့အား တွေ့ဆုံပြီးနောက် NCA စာချုပ်တွင် မကြာမီလက်မှတ်ရေးထိုးမည်ဟု မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ကြေညာ
Published 24 January 2018

NMSP အထွေထွေအတွင်းရေးမှူး နိုင်အောင်မင်းက မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့၏ သတင်းထုတ်ပြန်ချက်ကို ဖတ်ကြားအပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဝမ်းမြောက်ကြောင်း ပြောကြားစဉ် (Photo:MSCO)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အား သီးခြားစီတွေ့ဆုံပြီးနောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် မကြာမီလက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့က ဇန်နဝါရီ ၂၃ ရက်တွင် ပူးတွဲကြေညာသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် NMSP (မွန်ပြည်သစ်ပါတီ) ဥက္ကဋ္ဌ နိုင်ထောမွန်ဦးဆောင်သည့်အဖွဲ့သည် ဇန်နဝါရီ ၂၃ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်တွင်တွေ့ဆုံ၍ NMSP အဖွဲ့က NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးမည့် ကိစ္စရပ်များနှင့် ဆက်လက်လုပ်ဆောင်ရမည့်ကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေးအတွက် ဆွေးနွေးခဲ့ကြောင်းသာ ဖော်ပြထားပြီး လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) နှင့်တွေ့ဆုံခြင်း ရှိ မရှိ မပါဝင်ပေ။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဋ္ဌ နိုင်ထောမွန်ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ဥက္ကဋ္ဌ ကြာခွန်ဆာ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ ဇန်နဝါရီ ၂၃ ရက်က နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးပြီးနောက် သတင်းမီဒီယာများနှင့် တွေ့ဆုံရှင်းလင်းရာတွင် မွန်ပြည်သစ်ပါတီ (NMSP) အထွေထွေအတွင်းရေးမှူး နိုင်အောင်မင်းက မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ မကြာမီကာလအတွင်း NCA တွင် ပါဝင်လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ကို ဖတ်ကြားသည်။

အဆိုပါသတင်းထုတ်ပြန်ချက် ဖတ်ကြားပြီးနောက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ဟာ ငြိမ်းချမ်းရေးရဖို့အတွက်ဆိုလို့ရှိရင် အတူသွားရမှာဖြစ်ပါတယ်။ တစ်ဆင့်ပြီးတစ်ဆင့် သွားရမယ်။ အဆင့်တိုင်းအဆင့်တိုင်းဟာလည်း ကျွန်မတို့အတွက် အင်မတန်မှတန်ဖိုးရှိပါတယ်။ ကျွန်မတို့ရဲ့ပြည်ထောင်စု တည်တံ့ခိုင်မြဲရေးအတွက် ပြည်ထောင်စုတစ်ခုမှာ ငြိမ်းချမ်းရေးကိုအခြေခံတဲ့ ဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက် ကူညီပေးတဲ့ ကျွန်မတို့တိုင်းရင်းသားညီအစ်ကိုမောင်နှမများ မွန်တိုင်းရင်းသားများ၊ လားဟူတိုင်းရင်းသားများကို အင်မတန်မှ ကျေးဇူးတင်ပါတယ်။ ဒါဟာ ကျွန်မတို့အတွက် မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ နောင်လာနောက်သားအားလုံး ကောင်းဖို့အတွက် ခြေလှမ်းနေတဲ့ ခြေလှမ်းအတွက် အခြေခံတယ်လို့ ကျွန်မတို့ယုံကြည်ပါတယ်။ ဒါကြောင့်မို့လို့ အခုကျွန်မတို့နဲ့အတူ ပြည်ထောင်စုသားအားလုံးကလည်း ဝမ်းမြောက်နေမယ်။ ဂုဏ်ယူလိမ့်မယ်။ ကျွန်မတို့ရဲ့နိုင်ငံအတွက် ကူညီမစမှုကိုကျေးဇူးတင်လိမ့်မယ် ယုံကြည်ပါတယ်” ဟုပြောကြားသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး မွန်ပြည်သစ်ပါတီမှ ဥက္ကဋ္ဌ နိုင်ထောမွန်နှင့်အတူ အထွေထွေအတွင်းရေးမှူး နိုင်အောင်မင်း၊ စစ်ဦးစီးချုပ် နိုင်လယီကကောင်း၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ဝင်းလှနှင့် နိုင်ဗညားလယ်၊ ဗဟိုကော်မတီအဖွဲ့ဝင် နိုင်အောင်မငေး၊ လားဟူဒီမိုကရက်တစ်အစည်းအရုံးမှဥက္ကဋ္ဌ ကြာခွန်ဆာနှင့်အတူ ဒုတိယဥက္ကဋ္ဌ ကြာဆော်လမွန်နှင့် အဖွဲ့ဝင်ကြာရှဲဘိုတို့ တက်ရောက်ကြသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “တခြားအဖွဲ့များနဲ့လည်း ကျွန်တော်တို့ဆက်ပြီးဆွေးနွေးမှာပဲ။ လက်မှတ်မထိုးတဲ့အဖွဲ့တွေအကုန်လုံး အခုကျန်ခဲ့တယ်ဆို KNPP ကျန်ခဲ့တယ်။ KNPP နဲ့လည်း ကျွန်တော်တို့တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းထားတယ်။ ကမ်းလှမ်းထားတဲ့အပေါ်မှာ ကျွန်တော်တို့တွေ့ဆုံဆွေးနွေးမှုတွေ လုပ်သွားမယ်။ KNPP နဲ့ကျန်ခဲ့တာ ANC ရှိတယ်။ မြောက်ပိုင်းမှာရှိတဲ့ အဖွဲ့တွေနဲ့လည်း တွေ့ဆုံဆွေးနွေးမှုတွေ ဆက်လုပ်သွားမယ်” ဟုပြောကြားသည်။

လက်ရှိတွင် NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်ရှစ်ဖွဲ့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ DKBA၊ KNU/KNLA(PC)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ဖြစ်သည်။

မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ပါဝင်သည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) သည် အဖွဲ့ဝင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ NCA တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးအတွက် နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) ဖွဲ့စည်းကာ အဆိုပြုချက်ရှစ်ချက်အား အစိုးရ၏ငြိမ်းချမ်းရေးကော်မရှင်နှင့် ဆွေးနွေးနေသည်မှာ တစ်နှစ်ကျော်ကြာပြီဖြစ်ပြီး ထိုသို့ဆွေးနွေးမှုများပြုလုပ်ရာတွင် တစ်ဆို့မှုများဖြစ်ပေါ်နေချိန်၌ ယခုကဲ့သို့နှစ်ဖွဲ့တည်းခွဲကာ NCA ရေးထိုးရန် ထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်သည်။

“အမြန်ဆုံးထိုးမှာပါ။ အမြန်ဆုံးထိုးမှာဆိုတော့ ကျွန်တော်တို့က DPN နဲ့ PC နဲ့ ညှိနေတဲ့ကိုးချက်ရှိတယ်။ ရှစ်ချက်ပေါ့နော်။ NCA ထိုးရမယ်လို့ပြောတာ။ နံပါတ် ၉ အချက်အားလုံးပေါင်းရင် ကိုးချက်ရှိတယ်။ ဒီကိုးချက်ကိုလည်း ထိုးမယ့်ဟာအသေးစိတ် ကျွန်တော်တို့ဆက်ညှိမယ်။ ဆိုလိုတာက PC (ငြိမ်းချမ်းရေးကော်မရှင်) နဲ့ DPN မဟုတ်တော့ဘူး။ PC နဲ့ မွန်ပြည်သစ်၊ PC နဲ့ LDU အဲ့ဒါထိုးရမှာဖြစ်တယ်။ ဘာလို့လဲဆိုတော့ DPN အကုန်လုံးမပါဘူးပေါ့။ အဲဒါထိုးမယ်။ ပြီးရင် ကျွန်တော်တို့က NCA ဆက်ထိုးမယ်။ NCA ဆက်ထိုးပြီးရင် ကျွန်တော်တို့မွန်ပေါ့နော်။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမယ့်ကိစ္စတွေ အဲ့ဒါတွေလည်း ကျွန်တော်တို့ဆွေးနွေးပါတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

UNFC တွင် NCA မရေးထိုးဘဲ ကျန်ခဲ့သည့်အဖွဲ့နှစ်ဖွဲ့မှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) တို့ဖြစ်သည်။

ငြိမ်းချမ်းရေးကော်မရှင်အနေဖြင့် UNFC ၏ DPN အဖွဲ့ဖြင့် ဆက်လက်ဆွေးနွေးရန် လိုမလိုအား ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

“DPN ဆိုတာ UNFC ရဲ့ နိုင်ငံရေးဆွေးနွေးမှု ကိုယ်စားလှယ်အဖွဲ့ဖြစ်တဲ့အတွက် အဲဒီ UNFC ထဲမှာမှ မွန်ပြည်သစ်၊ LDU ဒီဘက်မှာပါလာပြီဆိုတော့ ကျန်တာက KNPP နဲ့ ANC ပဲကျန်တော့တယ်။ အဲ့ဒီတော့ DPN အနေအထားကလည်း ဒါကတော့ သူတို့ဘာသာသူတို့ ဆုံးဖြတ်ရမယ့်သဘောပါ။ ကျွန်တော်တို့ကတော့ သွားပြောလို့မရဘူး” ဟု ဦးဇော်ဌေးက ပြောကြားသည်။

ထို့အတူ မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်သည့် “ဝ” သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA)၊ မိုင်းလားအဖွဲ့ (NDAA)၊ ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ တအန်းလက်နက်ကိုင်အဖွဲ့ (PSLF/TNLA)၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) တို့မှာလည်း NCA တွင် ပါဝင်လက်မှတ်ရေးထိုးရန် အစိုးရအနေဖြင့် ကြိုးပမ်းနေဆဲဖြစ်သည်။

သို့ရာတွင် တပ်မတော်အနေဖြင့် မြောက်ပိုင်းတိုင်းရင်းသားခုနစ်ဖွဲ့အနက် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)၊ တအန်းလက်နက်ကိုင်အဖွဲ့ (PSLF/TNLA) တို့နှင့်ဆွေးနွေးရန် အစီအစဉ်မရှိကြောင်း မကြာခဏ ထုတ်ဖော်ပြောကြားလေ့ရှိသည်။

ငြိမ်းချမ်းရေးကော်မရှင်မှ ကိုယ်စားလှယ်အချို့သည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်း တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA) နှင့် “ဝ” သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) တာဝန်ရှိသူများအား သီးခြားစီတွေ့ဆုံခဲ့သည်။

ယင်းသို့တွေ့ဆုံမှုအပြီး NCA ကိုလက်မခံသော မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် NCA အားလက်ခံစဉ်းစားမည်ဖြစ်သော်လည်း ၎င်းတို့ဖွဲ့စည်းထားသော ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ကိုလက်ခံဆွေးနွေးရမည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များတွင် NCA စာချုပ်အား အဓိကလက်မခံသည့်အဖွဲ့မှာ “ဝ” သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) ဖြစ်ကြောင်း တိုင်းရင်းသားလေ့လာသုံးသပ်သူများ၏ ပြောကြားချက်အရ သိရသည်။

အစိုးရအနေဖြင့် မြောက်ပိုင်းတိုင်းရင်းသား ခုနစ်ဖွဲ့အား FPNCC ကော်မတီအနေဖြင့်မဟုတ်ဘဲ အခြားပုံစံတစ်ခုဖြင့် အဖွဲ့များခွဲတွေ့ရန်သာ လိုလားလျက်ရှိသည်။

Most Read

Most Recent