<

ဖားကန့်တွင် ပေ ၃၀၀ ခန့်အမြင့်ရှိ စွန့်ပစ်မြေစာပုံ ပြိုကျမှုဖြစ်ပွားပြီး သုံးဦး၏ ရုပ်အလောင်းများ ရှာဖွေတွေ့ရှိထားကာ နစ်မြုပ်ပျောက်ဆုံးနေသူများအား ဆက်လက် ရှာဖွေလျက်ရှိ

စွန့်ပစ်မြေစာပုံ ပြိုကျရာမှ သေဆုံးသွားသည့် ရုပ်အလောင်းတစ်လောင်းကို ကူညီကယ်ဆယ်ရေးအဖွဲ့များက သယ်ဆောင်လာစဉ်

ဖားကန့်တွင် ပေ ၃၀၀ ခန့် အမြင့်ရှိ စွန့်ပစ်မြေစာပုံပြိုကျမှုဖြစ်ပွားပြီး ရေမဆေးကျောက် ရှာဖွေသူများ နစ်မြုပ်ပျောက်ဆုံးလျက်ရှိကြောင်း ရှာဖွေကယ်ဆယ်ရေး ပြုလုပ်နေသူများထံမှ သိရသည်။ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီးတွင် ဇန်န၀ါရီ ၁၀ ရက် နံနက် ၉ နာရီခွဲက ရတနာစန်းရွှင်ကုမ္ပဏီ၏ စွန့်ပစ်မြေစာပုံ ပြိုကျမှုဖြစ်ပွားပြီး ရေမဆေးကျောက် ရှာဖွေသူများ နစ်မြုပ်ပျောက်ဆုံးနေကြောင်း၊ ဇန်န၀ါရီ ၁၀ ရက် ညနေပိုင်းအထိ လူပျောက်စာရင်း ပေးလာသူ လေးဦးသာရှိသေးပြီး စာရင်းအတွင်း ပါဝင်သူ သုံးဦး၏ ရုပ်အလောင်းများကို တွေ့ရှိထားပြီ ဖြစ်ကြောင်း နမ့်မော်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။ ပျောက်ဆုံးနေသည့် ရုပ်အလောင်းများအား ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီမှ ဘက်ဟိုးယာဉ် ငါးစီးဖြင့် ရှာဖွေမှုပြုလုပ်နေပြီး ပျောက်ဆုံးစာရင်း ပေးထားသူများအား တစ်ရက်တည်းဖြင့် ရှာဖွေတွေ့ရှိခြင်း မရှိပါက မြေစာပုံ အခြေအနေပေါ် မူတည်၍ နောက်ရက်များတွင်လည်း ဆက်လက်ရှာဖွေမည်ဖြစ်ကြောင်း သိရသည်။

“ပုံမှန် ဒီမြေစာပုံမှာ ရှာတဲ့ ရေမဆေးသမားဦးရေက ထောင်ပိုင်း ရှိပါတယ်။ နံနက်က အခင်းဖြစ်တဲ့အချိန်မှာတော့ ဆယ်လေးငါးယောက်တော့ ပါမယ်လို့ပြောကြတာပဲ။ ကောလာဟလလည်း ဖြစ်ချင်ဖြစ်မှာပေါ့လေ။ သတင်းရတာကတော့ လေးယောက်ပဲ စာရင်းလာပေးပါတယ်။ သုံးယောက်တော့ ရှာလို့ရပြီ။ တော်တော်များများ ပါရင်တော့ ခုချိန်ဆို သတင်းတွေ ရမယ်လေ။ အခင်းဖြစ်တာ သုံးလေးနာရီ ရှိနေပြီ။ စာရင်းလာပေးတာက လေးယောက်ပဲ ရှိသေးတာ။ အလောင်းတွေကို ရှာလို့ရမယ်ဆိုရင်တော့ နောက်ရက် ပြန်ဆက်ရှာပါမယ်။ မြေစာပြန်ပြိုတယ်ဆိုရင်တော့ ရှာလို့မရတော့ဘူးလေ¨ဟု နမ့်မော်ကျေးရွာ ရာအိမ်မှူး ဦးကြည်စိုးကပြောကြားသည်။

ပြိုကျသည့် မြေစာပုံနေရာအား ကြည့်ရှုနေကြစဉ်

ပျောက်ဆုံးစာရင်းပေးထားသူ လေးဦး မှ ရုပ်အလောင်း တွေ့ရှိခဲ့သူ သုံးဦးမှာ နမ့်မော်ကျေးရွာရပ်ကွက် ၆ တွင် နေထိုင်သူ နေလှိုင် (အသက် ၁၇ နှစ်) (ဘ) ဦးစိန်ကြည်အောင်၊ ခိုင်ဇော်ဦး (အသက် ၃၀ နှစ်) (ဘ) ဦးပေါ်အေး နှင့်မျိုးနိုင် (အသက် ၂၇ နှစ်) (ဘ) ဦးအေးဖေ တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ စွန့်ပစ်မြေစာပုံ ပြိုကျမှုဖြစ်ပွားရသည့် အကြောင်းရင်းမှာ ယင်းစွန့်ပစ်မြေစာပုံ၏ အောက်ခြေရင်းတွင် ချောင်းငယ်ရှိပြီး ခါးလယ်ပိုင်းတွင် စိမ့်ထွက်နေသည့် ရေကြောရှိသည့်အတွက် ဖြစ်ကြောင်း သိရသည်။

“ပြိုကျတဲ့အချိန်မှာ အောက်မှာ ရှိနေတဲ့သူက လေးငါးခြောက်ဆယ်လောက်တော့ ရှိမယ်။ ဘယ်နှယောက် ပါသွားမှန်းတော့ မသိလိုက်ဘူး။ နှစ်ယောက် ပါသွားတာပဲ မြင်လိုက်တယ်။ ကျွန်တော်အနေနဲ့ ခန့်မှန်းခြေကတော့ ၁၀ ယောက်လောက်ပဲ ပါသွားမယ်လို့ ထင်တယ်”ဟု မျက်မြင်ကြုံတွေ့ခဲ့သူ ကိုဇော်မင်းထွန်းက ပြောကြားသည်။

ယခုဖြစ်စဉ် အပါအ၀င်၂၀၁၈ ခုနှစ် ဇန်န၀ါရီအတွင်း မြေပြိုကျမှု ဖြစ်စဉ် သုံးခုဖြစ်ပွားခဲ့ပြီး ဇန်န၀ါရီ ၄ ရက်က မော်မောင်းဘွမ်ကျေးရွာအနီးတွင် မြေစာပြိုကျ၍ ရေမဆေးကျောက် ရှာဖွေသူ ခြောက်ဦး သေဆုံးခဲ့ကြောင်း၊ ဇန်န၀ါရီ ၆ ရက်က ဝှေခါကျေးရွာအနီးရှိ အဂ္ဂ ရတနာကုမ္ပဏီလုပ်ကွက်အတွင်း ကျောက်ကမ်းပါးပြိုကျ၍ ရေမဆေးကျောက် ရှာဖွေသူ ငါးဦး သေဆုံးကြောင်း သိရသည်။














Copy Protected by Chetan's WP-Copyprotect.