ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးအနေဖြင့် အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းပြီး အလုပ်သမားများအား အကာအကွယ်ပေးရန် သံရုံးရှေ့တွင် အလုပ်သမား ၈၀၀ ကျော် ဆန္ဒပြတောင်းဆို

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးအနေဖြင့် အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းပြီး အလုပ်သမားများအား အကာအကွယ်ပေးရန် သံရုံးရှေ့တွင် အလုပ်သမား ၈၀၀ ကျော် ဆန္ဒပြတောင်းဆို
Published 20 December 2017

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှေ့တွင် အလုပ်သမားများ ဆန္ဒပြတောင်းဆိုနေသည်ကို ဒီဇင်ဘာ ၁၉ ရက်က တွေ့ရစဉ်

ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှေ့တွင် ဒီဇင်ဘာ ၁၉ ရက်နံနက်က ထိုင်းရောက် မြန်မာအလုပ်သမား ၈၀၀ ကျော်က အလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့အား သံအမတ်ကြီးက ဦးဆောင်ဖွဲ့စည်းကာ ရွှေ့ပြောင်းမြန်မာလုပ်သားများအား အကာအကွယ်ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။

ယင်းနေ့နံနက် ၁၁ နာရီခွဲမှစတင်ပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှေ့တွင် အလုပ်သမား ၈၀၀ ကျော်က တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်ပြီး သံအမတ်ကြီး ဦးမျိုးမြင့်သန်းနှင့် တွေ့ဆုံခွင့်ရခဲ့ကြောင်း ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား မဖြိုးက ပြောကြားသည်။

“ဒီနေ့အလုပ်သမားအားလုံး ၁၀၀၀ နီးပါးက သံရုံးရှေ့မှာစုဝေးပြီး တောင်းဆိုရတဲ့အကြောင်းရင်းကတော့ ကျွန်မတို့လို ထိုင်းရောက်မြန်မာအလုပ်သမားတွေကို ထိုင်းလုပ်ငန်းရှင်တွေ၊ အာဏာပိုင်တွေက မတရားဥပဒေမဲ့ နှိပ်ကွပ်လာပြီဆိုရင် ဥပဒေအရ အကာအကွယ်ပေးဖို့အတွက် အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ကို သံအမတ်ကြီးက ဦးဆောင်ဖွဲ့စည်းပေးဖို့အတွက် သွားရောက်တောင်းဆိုရတာဖြစ်ပါတယ်။ သံအမတ်ကြီးနဲ့ ကျွန်မတို့တွေ့ခွင့်ရခဲ့ပါတယ်။ သံအမတ်ကြီးကလည်း အလုပ်သမားတွေတောင်းဆိုတာကို ကူညီမယ်ဆိုပြီး ပြောခဲ့ပါတယ်။ အားလုံးအဆင်ပြေပါတယ်ရှင့်” ဟု ဘန်ကောက်မြို့ပေါ်ရှိ ချိတ်စက်ရုံတွင် အလုပ်လုပ်နေသည့် မဖြိုးက ပြောကြားသည်။

ရွှေ့ပြောင်းမြန်မာလုပ်သား သန်းနှင့်ချီရှိသည့် ထိုင်းနိုင်ငံတွင် မြန်မာလုပ်သားများမှာ လုပ်အားခခေါင်းပုံဖြတ်ခံရခြင်း၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရခြင်း၊ လိင်ပိုင်းဆိုင်ရာစော်ကားခံရခြင်း အပါအဝင် ဥပဒေမဲ့အလုပ်ထုတ်ခံရခြင်းများကို ထိုင်းရောက် မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့များက ကူညီဆောင်ရွက်ပေးလေ့ရှိပြီး ယင်းကဲ့သို့ကူညီဆောင်ရွက်ပေးနေသည့်အဖွဲ့များအနက် AAC မဟာမိတ်အဖွဲ့မှာ ယာယီဖျက်သိမ်းထားသည်။

ထို့ကြောင့် ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများက သံရုံးမှဦးဆောင်ကာ အဖွဲ့ပေါင်းစုံပါဝင်သည့် အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့အား ပြန်လည်ဖွဲ့စည်းကာ ထိုင်းရောက် ရွှေ့ပြောင်းမြန်မာလုပ်သားများအား ဥပဒေအရ အကာအကွယ်ပေးရန်အတွက် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ယာယီဖျက်သိမ်းထားသည့် AAC မဟာမိတ်အဖွဲ့မှ ထိုင်းရောက် မြန်မာလုပ်သားများအရေးအား နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းနှင့် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေတို့ထံ အလုပ်သမားများကတစ်ဆင့် စာပေးပို့ခဲ့ကြောင်း သိရသည်။

Most Read

Most Recent