တရုတ် ကွန်မြူနစ်ပါတီနှင့် ပြည်ပနိုင်ငံရေးပါတီများ၏ အဆင့်မြင့်ခေါင်းဆောင်များ ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အထူးဧည့်သည်တော်အဖြစ် တက်ရောက် မိန့်ခွန်းပြောကြားမည်

တရုတ် ကွန်မြူနစ်ပါတီနှင့် ပြည်ပနိုင်ငံရေးပါတီများ၏ အဆင့်မြင့်ခေါင်းဆောင်များ ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အထူးဧည့်သည်တော်အဖြစ် တက်ရောက် မိန့်ခွန်းပြောကြားမည်
Published 1 December 2017

နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များအား တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်စဉ် (Photo:MSCO)

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရ၏ ဖိတ်ကြားချက်အရ အလုပ်သဘော ချစ်ကြည်ရေးခရီး သွားရောက်ရန် နိုဝင်ဘာ ၃၀ ရက် နံနက် ၈ နာရီတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာသွားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များအား နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် ရန်ကုန်မြို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အလုပ်သဘော ချစ်ကြည်ရေးခရီးစဉ်အတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင်ပင်းနှင့် နှစ်နိုင်ငံတွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက်ရန်နှင့် ပေကျင်းမြို့၌ ပြုလုပ်မည့် တရုတ်ကွန်မြူနစ်ပါတီနှင့် ပြည်ပနိုင်ငံရေးပါတီများ၏ အဆင့်မြင့်ခေါင်းဆောင်များ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရ၏ အထူးဧည့်သည်တော်အဖြစ် တက်ရောက် မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင်များအဖြစ် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူနှင့် တာဝန်ရှိသူများ လိုက်ပါသွားကြကြောင်း သိရသည်။

ယင်းအဆင့်မြင့် ခေါင်းဆောင်များ ဆွေးနွေးပွဲကို နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၃ ရက်အထိ ကျင်းပရန် စီစဉ်ထားပြီး နိုင်ငံပေါင်း ၁၂၀ မှ ပါတီနှင့် နိုင်ငံရေးအဖွဲ့အစည်း ၂၀၀ ကျော်မှ ခေါင်းဆောင်များ တက်ရောက်ရန် စာရင်းပေးသွင်းထားကြောင်း ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။

ထို့ပြင် ယင်းအဆင့်မြင့် ခေါင်းဆောင်များ ဆွေးနွေးပွဲသို့ တက်ရောက်ရန် မြန်မာနိုင်ငံမှ အတိုက်အခံပါတီ ခေါင်းဆောင်ဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဦးဆောင်သော ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်အဖွဲ့သည်လည်း တရုတ်နိုင်ငံသို့ ရောက်ရှိနေသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် NLD ပါတီတွင် ဥက္ကဋ္ဌအဖြစ် ဆက်လက် ရပ်တည်လျက်ရှိသော်လည်း ပြည်ထောင်စုဝန်ကြီးတာဝန်များအား ထမ်းဆောင်နေသောကြောင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း၊ ပါတီမှ ကျင်းပသည့် အခမ်းအနားများသို့ တက်ရောက်ခြင်း မရှိသည်ကို တွေ့ရသည်။

သို့ရာတွင် ယခုဆွေးနွေးပွဲတွင် အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားခံရခြင်း ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး၏ သတင်းထုတ်ပြန်မှုတွင် ပါရှိပြီး ခရီးစဉ်အတွင်း လိုက်ပါသွားသည့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်မှာ NLD ပါတီ ခေါင်းဆောင် တစ်ဦးဖြစ်သည့်အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခွင့် ရှိသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၆ ခုနှစ်တွင် တရားဝင် အစိုးရတာဝန်များ ထမ်းဆောင်ချိန်မှစ၍ တရုတ်နိုင်ငံသို့ ယခုတစ်ကြိမ် သွားရောက်ခြင်းသည် သုံးကြိမ်မြောက် ခရီးစဉ်လည်း ဖြစ်သည်။

အစိုးရတာဝန် ထမ်းဆောင်ပြီးနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံသို့ ပထမအကြိမ်အဖြစ် ၂၀၁၆ ခုနှစ် သြဂုတ်လအတွင်း ငါးရက်ကြာ သွားရောက်ခဲ့ပြီး အဆိုပါခရီးစဉ်အတွင်း တရုတ်နိုင်ငံသမ္မတ ရှီကျင်ပင်း၊ တရုတ်ဝန်ကြီးချုပ် လီခယ်ကျင်း၊ တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီဥက္ကဋ္ဌ မစ္စတာ ကျန်းတယ်ကျန်းတို့နှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။

ထို့နောက် ၂၀၁၇ ခုနှစ် မေလအတွင်းက တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပသော Belt and Road Forum For International Cooperation သို့ တက်ရောက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒုတိယအကြိမ် သွားရောက်ခဲ့ပြီး ခရီးစဉ်အတွင်း တရုတ်နိုင်ငံသမ္မတ ရှီကျင်ပင်း၊ တရုတ်နိုင်ငံဝန်ကြီးချုပ် လီခယ်ကျင်းတို့ နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံ ဒုတိယအကြိမ် ခရီးစဉ်တွင် မြန်မာနှင့် တရုတ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ် ငါးခုဖြစ်သည့် “စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက် စာချုပ်”၊ “မြန်မာ-တရုတ်နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရေး သဘောတူစာချုပ်”၊ “စီးပွားရေး ပိုးလမ်းမရပ်ဝန်းတစ်ခုနှင့် (၂၁) ရာစု ရေကြောင်းဆိုင်ရာ ပိုးလမ်းမရပ်ဝန်းတစ်ခု စတင်ခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်”၊ “ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်” နှင့် “ငလျင်အလွန် ပုဂံရှိ သမိုင်းဝင်အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်” များကို သက်ဆိုင်ရာနှစ် နိုင်ငံတာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ် Gen . Li Zuocheng ၏ ဖိတ်ကြားချက်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုဝင်ဘာ ၂၁ ရက်မှ ၂၆ ရက်အထိ တရုတ်နိုင်ငံသို့ သွားရောက်ပြီးနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံသို့ သွားရောက်ခြင်းလည်း ဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တရုတ်နိုင်ငံ ခရီးစဉ်အတွင်း တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်တာဝန်ရှိသူများအပြင် တရုတ်နိုင်ငံသမ္မတ ရှီကျင်ပင်းကိုယ်တိုင် လက်ခံတွေ့ဆုံခဲ့သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ရေး အပါအဝင် မြန်မာအစိုးရနှင့် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ညှိနှိုင်းဆွေးနွေးမှုများအတွက် ကြားဝင်ဆောင်ရွက်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာဆွန်းကော့ရှန်အား တာဝန်ပေးထားသည်။

ထို့ပြင် ရခိုင်ပြည်နယ်တွင် ARSA ဘင်္ဂါလီ အစွန်းရောက်အကြမ်းဖက်သမားများ၏ တိုက်ခိုက်ဖျက်ဆီးမှုကို တုံ့ပြန်သည့် မြန်မာတပ်မတော်၏ နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုများနှင့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ရောက်ရှိသွားသူများ ပြန်လည်လက်ခံရေး ကိစ္စရပ်များအပေါ် နိုင်ငံတကာ အသိုင်းအဝန်းက မြန်မာအစိုးရနှင့် တပ်မတော်အား စွပ်စွဲပြစ်တင်မှုများအပေါ် တရုတ်နိုင်ငံသည် ကုလသမဂ္ဂတွင် လည်းကောင်း၊ အခြားသီးခြားပုံစံဖြင့် လည်းကောင်း ကာကွယ်ပြောကြားမှုများ ပြုလုပ်ပေးလျက် ရှိသည်။

ARSA ဘင်္ဂါလီ အစွန်းရောက်အကြမ်းဖက်သမားများ၏ တိုက်ခိုက်ဖျက်ဆီးမှုကို တုံ့ပြန်သည့် မြန်မာတပ်မတော်၏ နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုကြောင့် သြဂုတ် ၂၅ ရက်နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားသည့် ဘင်္ဂါလီဒုက္ခသည် ဦးရေသည် ခြောက်သိန်းကျော် ရှိသွားပြီဖြစ်ကြောင်း ကုလသမဂ္ဂက ပြောကြားထားသည်။

ယင်းအတွက် အမေရိကန်၊ အနောက်ဘက်ဥရောပနိုင်ငံများနှင့် အစ္စလာမ်နိုင်ငံအချို့က မြန်မာတပ်မတော်ကို ပြစ်တင်ဝေဖန်မှုများ ရှိခဲ့ပြီး ရုရှား၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့က နိုင်ငံတကာအသိုင်းအဝိုင်း အနေဖြင့် မြန်မာအာဏာပိုင်များကို အလွန်အကျူး ဖိအားပေးမှုများ မပြုလုပ်ရန် တိုက်တွန်းထားသည်။

ထွက်ပြေးသွားသည့် ဘင်္ဂါလီများသည် ဘင်္ဂလားဒေ့ရှ်နယ်စပ် ကော့ဘဇားမြို့တစ်ဝိုက်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြသည်။

ထိုသို့ထွက်ပြေးသွားသည့် ဘင်္ဂါလီဒုက္ခသည်များထဲတွင် ARSA ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမားများလည်း ပါဝင်နေကြောင်း www.benarnews.org ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် သတင်းဗီဒီယိုတစ်ခုအရ သိရသည်။

Most Read

Most Recent