မူးယစ်ဆေးဝါးများ၊ လက်နက်များ တွေ့ရှိမှုဖြင့် ပြည်ထောင်စုဝန်ကြီးဟောင်း ဦးတင့်ဆန်း၏သား ဖြိုးကိုကိုတင့်ဆန်းနှင့် ၎င်း၏ဇနီး အပါအဝင် ၁၂ ဦးအား ဖမ်းဆီးထားပြီး သာကေတ၊ ဗဟန်းနှင့် နေပြည်တော်ကောင်စီနယ်မြေတို့တွင် အမှုများဖွင့်

မူးယစ်ဆေးဝါးများ၊ လက်နက်များ တွေ့ရှိမှုဖြင့် ပြည်ထောင်စုဝန်ကြီးဟောင်း ဦးတင့်ဆန်း၏သား ဖြိုးကိုကိုတင့်ဆန်းနှင့် ၎င်း၏ဇနီး အပါအဝင် ၁၂ ဦးအား ဖမ်းဆီးထားပြီး သာကေတ၊ ဗဟန်းနှင့် နေပြည်တော်ကောင်စီနယ်မြေတို့တွင် အမှုများဖွင့်
Published 18 October 2017

ဗဟန်းမြို့နယ် ရွှေတောင်ကြား (၁) ရပ်ကွက် ငွေဝတ်မှုန်ရိပ်သာလမ်း အမှတ် (၇၀/တ) ရှိ ဖြိုးကိုကိုတင့်ဆန်း၏ နေအိမ်အား တွေ့ရစဉ် (ဓာတ်ပုံ-စည်သူ)

မူးယစ်ဆေးဝါးများ၊ လက်နက်များ တွေ့ရှိမှုဖြင့် ပြည်ထောင်စုဝန်ကြီးဟောင်း ဦးတင့်ဆန်း၏သား ဖြိုးကိုကိုတင့်ဆန်းနှင့် ၎င်း၏ဇနီး အပါအဝင် ၁၂ ဦးအား ဖမ်းဆီးထားပြီး သာကေတ၊ ဗဟန်းနှင့် နေပြည်တော် ကောင်စီနယ်မြေတို့တွင် အမှုများဖွင့်ထားကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

အောက်တိုဘာ ၁၅ ရက်က နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖြိုးကိုကိုတင့်ဆန်း အပါအဝင် သုံးဦးထံမှ သေနတ်နှစ်လက်နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ပြီး နောက်ပိုင်းတွင် အမှုမှ ကွင်းဆက် တရားခံများကို ထပ်မံဖမ်းဆီးရမိလျက်ရှိခြင်း ဖြစ်သည်။

အမှုမှ ကွင်းဆက်တရားခံများကို ဆက်လက်ဖမ်းမိရမိရေးကို ဦးစားပေးအနေဖြင့် ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် သေနတ် စုစုပေါင်း ၂၁ လက်အထိ သိမ်းဆည်းရမိထားကာ တရားခံစုစုပေါင်း ၁၂ ဦးအထိ ဖမ်းမိထားခြင်းဖြစ်ကြောင်း အောက်တိုဘာ ၁၇ ရက်က ပြည်ထောင်စုလွှတ်တော်သို့ တက်ရောက်လာသော ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက အစည်းအဝေး ခေတ္တရပ်နားစဉ် မီဒီယာများအား ပြောကြားသည်။

ထို့ပြင် ထပ်မံရရှိသည့် သတင်းအချက်အလက်များကို ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း၊ လက်ရှိတွင် စိစစ် စစ်ဆေးနေဆဲသာရှိကြောင်း ဒုတိယဝန်ကြီးက ဆက်လက် ပြောကြားသည်။

“ကျွန်တော်တို့ လုပ်ငန်းစဉ်တွေ မပြီးပြတ်သေးဘူး ဖြစ်ပါတယ်။ လုပ်ငန်းစဉ်တွေ ပြီးပြတ်တဲ့အချိန်မှာတော့ နိုင်ငံတော်အစိုးရရဲ့ ခွင့်ပြုချက်နဲ့ လိုအပ်တာတွေ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အခုကတော့ ကျွန်တော်တို့ စိစစ်ဆဲဖြစ်တဲ့အတွက် သုံးသပ်ချက်တွေလည်းပြောဖို့ နည်းနည်းအချိန်ယူရဦးမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ စိစစ်ဆဲပဲ ဖြစ်ပါသေးတယ်။ စိစစ်ပြီး ဖော်ထုတ်နေဆဲ ဖြစ်ပါတယ်။ ကျန်ရှိနေသေးတဲ့ လက်နက်တွေနဲ့ ကွင်းဆက်တရားခံတွေ ဖမ်းမိဖို့ဟာ နံပါတ် (၁) အရေးကြီးဆုံး ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒါတွေကို လွတ်ထွက်မသွားအောင် အလေးအနက်ထားပြီး ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနဲ့ ဆောင်ရွက်တာအားလုံးလည်း ပြည်ထောင်စု အစိုးရအဖွဲ့ကို အချိန်နဲ့ တစ်ပြေးညီ တင်ပြပြီး ဆောင်ရွက်နေပါတယ်” ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားသည်။

ဗဟန်းမြို့နယ် ရွှေတောင်ကြား (၁) ရပ်ကွက် ငွေဝတ်မှုန် ရိပ်သာလမ်း အမှတ် (၇၀/တ) ရှိ ဖြိုးကိုကိုတင့်ဆန်း၏ နေအိမ်မှ တွေ့ရှိသော ၅.၅၆ ကျည်ဆန်သုံးတောင့်၊ ကျည်ကာအင်္ကျီများနှင့် မူးယစ်ဆေးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ (ဓာတ်ပုံ- ပြည်ထဲရေးဝန်ကြီးဌာန)

အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် နေပြည်တော်မှ ရန်ကုန်သို့ လိုက်ပါမည့် ပြည်ထောင်စုဝန်ကြီးဟောင်း ဦးတင့်ဆန်း၏သား ဖြိုးကိုကိုတင့်ဆန်းနှင့် အဖော်လိုက်ပါလာသူ ရဲမင်းဆွေနှင့် ဇော်ဝင်းထိုက်တို့ထံမှ WY စာတန်းပါ လိမ္မော်ရောင်ဆေးပြား ၁၂ ပြားနှင့် ICE ဟုယူဆရသည့် အဖြူရောင်ပုံဆောင်ခဲ အလေးချိန် ၁ ဒသမ ၅ ဂရမ်၊ Austria နိုင်ငံလုပ် ကိုယ်ထည်နံပါတ် URS 352 ပါ Glock အမျိုးအစား 9mm ပစ္စတိုသေနတ်တစ်လက်နှင့် ကျည် ၁၂ တောင့်ထည့်ထားသည့် ကျည်အိမ်တစ်ခု၊ BLACK TECH တံဆိပ်ပါ ပစ္စတိုသေနတ်အိမ်နှစ်ခု၊ Royal တံဆိပ်ပါ 9mm LUGER ကျည် ၅၀ တောင့်ပါတစ်ဘူး၊ PHYO KO KO TINT SAN (LS-609) အမည်ပါ လေဆာတံဆိပ်တုံးတစ်ခု၊ National Security Council တံဆိပ်ပါ လည်ဆွဲအတွင်း PHYO KO KO TINT SAN အမည်ပါ ကတ်တစ်ခုနှင့် အထူးနိုင်ငံကူးလက်မှတ် OMO 49166 (8.5.2017) စာအုပ်တစ်အုပ်၊ အနက်ရောင်ဖော့ဘူးဖြင့် ထည့်ထားသည့် DJI တံဆိပ်ပါ Drone အဝေးထိန်းယာဉ်တစ်ခု၊ အနက်ရောင်မှန်ဘီလူးတစ်ခု၊ YAESU အမျိုးအစား လက်ကိုင်စကားပြောစက်တစ်လုံး၊ WIND TALKER အမျိုးအစား လက်ကိုင်စကားပြောစက်တစ်လုံး၊ KENWOOD အမျိုးအစား လက်ကိုင်ပြောစက်တစ်လုံး၊ PROLINK တံဆိပ်ပါ ဆင်းမ်ကတ်ထည့်သွင်းအသုံးပြုပြီး Wifi လွှတ်အသုံးပြုသည့် စက်တစ်ခု၊ Memory Stick မျိုးစုံ ၁၅ ခု၊ ALPKA တံဆိပ်ပါ အနက်ရောင် အနွေးထည်တစ်ထည်၊ 9mm LUGER ကျည်နှစ်တောင့်၊ PHYO KO KO TINT SAN အမည်နှင့် နိုင်ငံတော်အလံတံဆိပ် ကပ်ခွာတံဆိပ်များပါ ပြောက်ကျား ကျောပိုးအိတ်တစ်လုံးအတွင်းမှ အသုံးအဆောင်ပစ္စည်းများနှင့် ရောနှောထားသည့် Austria နိုင်ငံလုပ် ကိုယ်ထည်နံပါတ် RPE 204 ပါ Glock အမျိုးအစား 9mm ပစ္စတိုသေနတ်တစ်လက်နှင့် ကျည်ရှစ်တောင့် ထည့်ထားသည့် ကျည်အိမ်တစ်ခုအား လေဆိပ်၌ ဖမ်းဆီးရမိခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ထိုသို့ ဖမ်းဆီးရမိပြီးနောက် အောက်တိုဘာ ၁၆ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေရှိ ဟိုတယ် ACE သို့ ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေရာ ဖြိုးကိုကိုတင့်ဆန်း၏ အခန်းရှိ သံဗီရိုအတွင်းမှ P.22 Walther ပစ္စတိုတစ်လက် (ကျည်အိမ်တပ်)၊ နံပါတ် DAA 490066 Beretter.22 ပစ္စတိုတစ်လက် (ကျည်အိမ်တပ်)၊ နံပါတ် A270651 Luger Cz 75D ပစ္စတိုတစ်လက် (ကျည်အိမ်တပ်)၊ နံပါတ် PX 32726 Beretter 9MM ပစ္စတိုတစ်လက် (ကျည်အိမ်တပ်)၊ နံပါတ် 333-54070 Ruger 9MM Prescott Az ပစ္စတိုတစ်လက် (ကျည်အိမ်တပ်)၊ 9MM Luger ကျည် ၆၃၈ တောင့်၊ M16 ကျည် ၂၀ တောင့်၊ ၎င်းကျည်အိမ်နှစ်ခု၊ 7.65 MM(32 Auto) ကျည် ၁၃၆ တောင့်၊ .22 ကျည် ၁၀ တောင့်၊ ကျည်အိမ်အလွတ်ခုနစ်ခု (ရောရာ)၊ M16 လက်ကိုင်ကွင်းတစ်ခု၊ ပစ္စတိုအိတ်အနက်ရောင်ငါးလုံး၊ ကျည်ကာအင်္ကျီတစ်ထည်၊ စနိုက်ပါမှန်ပြောင်းတစ်လက် တွေ့ရှိခဲ့သည်။

ထို့အတူ ရဲမင်းဆွေနှင့် ဇော်ဝင်းထိုက်တို့နေသော အခန်းအား ဆက်လက်ရှာဖွေရာ LLB-170 9MM Glock ပစ္စတိုတစ်လက် (ကျည်အိမ်တပ်လျက်)၊ ၎င်းကျည် ၁၂ တောင့်၊ GlockGes. M.b.H ပစ္စတိုတစ်လက် (ကျည် အိမ်တပ်လျက်)၊ ၎င်းကျည်လေးတောင့်တို့အား သိမ်းဆည်းရမိခဲ့ပြီး စုစုပေါင်း ပစ္စတိုကိုးလက်၊ ကျည် ၈၉၂ တောင့်၊ ကျည်အိမ် ၁၆ ခု သိမ်းဆည်းရမိခဲ့သည်။

ထို့ပြင် အဆိုပါ ဟိုတယ်ရှိ အခန်းအမှတ် (JS 004) အား ဝင်ရောက်ရှာဖွေရာ အိပ်ရာခေါင်းအုံးအောက်မှ Linn တံဆိပ်ပါ ဖြူပြာရောင်လက်ဆွဲအိတ်တစ်လုံး၊ ပစ္စတိုထည့်သည့် အနက်ရောင်ဇစ်ဆွဲအိတ်နှစ်လုံး၊ LLB-170 9mm G Lock ပစ္စတိုအမျိုးအစားကျည်အိမ်တပ်လျက် 9mm ကျည် ၁၂ တောင့်ပါ သေနတ်တစ်လက်၊ G Lock Ges m-b-H ပစ္စတိုအမျိုးအစား ကျည်အိမ်တပ်လျက် ကျည်လေးတောင့်ပါ သေနတ်တစ်လက်အား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ ဆက်စပ်တရားခံများအဖြစ် ဖြိုးကိုကိုတင့်ဆန်း၏ဇနီး၊ ကုမ္ပဏီဝန်ထမ်း သုံးဦးနှင့် ACE ဟိုတယ်မန်နေဂျာတို့အား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖမ်းဆီးရမိမှုဖြင့် ဖြိုးကိုကိုတင့်ဆန်း အပါအဝင် သုံးဦးအား အေလာနယ်မြေရဲစခန်းက မယ(ပ)၃/၂၀၁၇ မူး/စိတ်ပုဒ်မ ၁၅/၁၆ (ဂ)/၂၂(ခ)/၂၁ ဖြင့် အမှုဖွင့်ထားပြီး ဟိုတယ် ACE တွင် လက်နက်များဖမ်းဆီးရမိမှုဖြင့် ဒက္ခိဏသီရိမြို့နယ် ရဲစခန်းတွင် မမစ (ပ) ၃၉၆/၂၀၁၇ လက်နက် ၁၉ (စ) ဖြင့် အမှုဖွင့် အရေးယူထားသည်။

သာကေတမြို့နယ် ၁၀/တောင် (၁၃) ရပ်ကွက်ရှိ ACE ရုံးချုပ်၌ သိမ်းဆည်းရမိသော M-16 သေနတ်နှစ်လက်၊ စကားပြောစက်ငါးလုံး၊ Drone နှစ်စင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲရာ၌ အသုံးပြုသည့်ပစ္စည်းများ (ဓာတ်ပုံ- ပြည်ထဲရေးဝန်ကြီးဌာန)

ထိုသို့ နေပြည်တော်တွင် ဖမ်းဆီးစစ်ဆေးနေသည့် အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ ACE ရုံးချုပ်နှင့် ဖြိုးကိုကိုတင့်ဆန်းပိုင် ရန်ကုန်မြို့ရှိ နေအိမ်များကို အောက်တိုဘာ ၁၆ ရက် နံနက်မှစ၍ ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေခဲ့သည်။

ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ ACE ရုံးချုပ်အား ဝင်ရောက်ရှာဖွေရာ သေနတ်သုံးလက်၊ ကျည်ကာအင်္ကျီများ၊ ဒရုန်းများ၊ National Security Council Special Forces တံဆိပ်ပါယာဉ်များနှင့် မူးယစ်ဆေးအချို့ကို တွေ့ရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် သာကေတမြို့နယ် ACE ကုမ္ပဏီရုံးချုပ်အတွင်းသို့ ရဲတပ်ဖွဲ့က ဝင်ရောက် ရှာဖွေစဉ် ကုမ္ပဏီ အဆောက်အအုံအတွင်း တွေ့ရှိခဲ့သည့် နေပြည်တော် FC ဘောလုံးအသင်းမန်နေဂျာ ဖြိုးဘိုဘို (၂၄ နှစ်) နှင့် နေပြည်တော် ဟိုတယ် ACE လက်ထောက်မန်နေဂျာ စိုးမြင့်ကျော် တို့ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အလားတူ အောက်တိုဘာ ၁၆ ရက် ည ၉ နာရီခွဲခန့်တွင် ရဲတာဝန်ရှိသူများက ဗဟန်းမြို့နယ် ရွှေတောင်ကြား (၁) ရပ်ကွက် ငွေဝတ်မှုန်ရိပ်သာလမ်းရှိ ဖြိုးကိုကိုတင့်ဆန်း၏ နေအိမ်အား ဝင်ရောက်ရှာဖွေမှုများ ဆက်လက် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ရှာဖွေရာ နေအိမ်အတွင်းမှ ၅ ဒသမ ၅၆ ကျည်သုံးတောင့်၊ ဖြိုးကိုကိုတင့်ဆန်း အမည်ဖြင့် နိုင်ငံတော်တံဆိပ်ပါ ပြောက်ကျားဝတ်စုံ တစ်စုံ၊ နိုင်ငံတော်တံဆိပ်နှင့် အရိုးခေါင်း လက်မောင်းတံဆိပ်ပါ အမည်းရောင် လက်ရှည်အင်္ကျီတစ်ထည်၊ စနိုက်ပါမှန်ပြောင်းနှစ်လက်၊ သံလိုက်အိမ်မြှောင်တစ်ခု၊ လက်ကိုင်စကားပြောစက် တစ်လုံး၊ သေနတ်ချိန်သီးတစ်ခု၊ ကျည်ကာအင်္ကျီနှစ်ထည်၊ ကျည်အိမ်ထည့် အိတ်လေးခုတွဲတစ်ခု၊ စိတ်ကြွဆေးပြား နှစ်ပြားနှင့် ICE ဟုယူဆရသည့် အမှုန့်များ ကပ်နေသည့် ကပ်ခွာအိတ်တစ်ခုနှင့် မူးယစ်ဆေးဝါး သုံးစွဲရာတွင်သုံးသော ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း၊ အဆိုပါပစ္စည်းများ သိမ်းဆည်းရမိမှုအတွက် ဖြိုးကိုကိုတင့်ဆန်းအား ဗဟန်းမြို့မရဲစခန်းက မယ (ပ) ၄၉/ ၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၆ (ဂ) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ထို့ပြင် ဖြိုးကိုကိုတင့်ဆန်း နေထိုင်သည့် နေပြည်တော်ရှိ ဟိုတယ် ACE သို့ ရဲတပ်ဖွဲ့က အောက်တိုဘာ ၁၇ ရက်နံနက်တွင် ထပ်မံရှာဖွေရာ သေနတ်များ ထပ်မံတွေ့ရှိခဲ့ကြောင်း နေပြည်တော်ရဲတပ်ဖွဲ့မှ ရဲမှူးကြီး ဇော်ခင်အောင်က အတည်ပြုပြောကြားသည်။

နေပြည်တော်တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင်က “သေနတ်တွေ ထပ်မိတယ်ဆိုတာ ဟုတ်တယ်။ ဟိုတယ်တစ်နေရာမှာ ဝှက်ထားတာကို ဖော်ထုတ်လို့ရတာပေါ့။ ဘယ်နှလက်လဲဆိုတာ မသိသေးဘူး။ အခုမှစစ်ပြီး ရှာနေတုန်းပဲ” ဟု The Daily Eleven သတင်းစာ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

နေပြည်တော်ရှိ ဟိုတယ် ACE တွင် ထပ်မံဖမ်းဆီးရမိခဲ့သည့် သေနတ်များမှာ အရှည်ငါးလက်နှင့် အတို လေးလက်ဖြစ်ကြောင်း လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖမ်းဆီးရမိသည့် ဖြိုးကိုကိုတင့်ဆန်းပါ သုံးဦးအား အောက်တိုဘာ ၁၆ ရက်က ချုပ်ရက်ရမန်ယူပြီး နေပြည်တော် ခုတင် ၁၀၀၀ တွင် ဆီးစစ်ဆေးကာ အောက်တိုဘာ ၃၀ ရက်တွင် လယ်ဝေးမြို့နယ် တရားရုံး၌ ရုံးထုတ်မည် ဖြစ်ကြောင်း လယ်ဝေးမြို့နယ် ရဲစခန်းက သိရသည်။