ပုပ်ရဟန်းမင်းကြီး၏ ပထမဆုံးမြန်မာခရီးစဉ်တွင် သံဃမဟာနာယကအဖွဲ့နှင့် တွေ့ဆုံမိန့်ခွန်းပြောကြားမည်

ပုပ်ရဟန်းမင်းကြီး၏ ပထမဆုံးမြန်မာခရီးစဉ်တွင် သံဃမဟာနာယကအဖွဲ့နှင့် တွေ့ဆုံမိန့်ခွန်းပြောကြားမည်
Published 12 October 2017

Photo: AFP

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်သည့် ခရီးစဉ်တွင် မြန်မာ၏ထိပ်တန်း သံဃာအဖွဲ့အစည်းဖြစ်သော သံဃမဟာနာယကအဖွဲ့နှင့် တွေ့ဆုံမည်ဖြစ်ပြီး မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း ဗာတီကန်က အောက်တိုဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

နိုဝင်ဘာ ၂၆ ရက်မှ ဒီဇင်ဘာ ၂ ရက် အတွင်း မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ခရီးစဉ်အကြောင်း အသေးစိတ်ကို ဗာတီကန်က ထုတ်ပြန်ခဲ့ရာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် မြန်မာနိုင်ငံတွင် လူထုစုဝေးပွဲကြီးနှစ်ခု၌ စကားပြောကြားမည်ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်တွင် တစ်ကြိမ်စကားပြောမည်ဖြစ်ကြောင်း ပါဝင်ခဲ့သည်။

ပုပ်ရဟန်းမင်းကြီးသည် မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်သည့် ပုပ်ရဟန်းမင်းကြီးဖြစ်မည် ဖြစ်သည်။ ဖရန်စစ်ပုပ်ရဟန်းမင်းကြီးသည် နိုဝင်ဘာ ၂၇ ရက်တွင် ရန်ကုန်သို့ ရောက်ရှိမည်ဖြစ်ပြီး ရန်ကုန်မြို့၌ ၂၄ နာရီကြာအနားယူပြီးနောက် နေပြည်တော်သို့ တစ်ရက်ကြာ သွားရောက်မည် ဖြစ်သည်။ နိုဝင်ဘာ ၂၈ ရက်တွင် နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် နိုင်ငံတော်သမ္မတက ပုပ်ရဟန်းမင်းကြီးအား အခမ်အနားဖြင့် ကြိုဆိုမည်ဖြစ်ကြောင်း ဗာတီကန်ရေဒီယို၏ ထုတ်ပြန်မှုအရ သိရသည်။

ထို့အတူ ပုပ်ရဟန်းမင်းကြီးသည် နိုဝင်ဘာ ၂၈ ရက်၌ပင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (MICC) ၌ အစိုးရတာဝန်ရှိသူများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ သံတမန် များနှင့် တွေ့ဆုံ၍ မိန့်ခွန်းပြောကြားကာ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

ပုပ်ရဟန်းမင်းကြီးက နိုင်ငံရေးသမားများနှင့် သံတမန်များအား မိန့်ခွန်းပြောကြားမည့် လူထုစုဝေးပွဲတစ်ခုသို့ မြန်မာ့တပ်မတော် ခေါင်းဆောင်များ တက်ရောက်မည်ဟု ဝါရင့်ဗာတီကန် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ယင်းလူထုစည်းဝေးပွဲတွင် ပုပ်ရဟန်းမင်းက ခရီးစဉ်အကြောင်း ရှင်းလင်းမှု မိန့်ခွန်းကို ပြောကြားမည် ဖြစ်သည်။

ယင်းနောက် နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် ပုပ်ရဟန်းမင်းသည် ရန်ကုန်မြို့ရှိ ကျိုက္ကဆံကွင်း၌ ကက်သလစ်ဘာသာဝင်များ နှင့်တွေ့ဆုံ၍ ဆုတောင်းပွဲပြုလုပ်မည်ဖြစ်ပြီး ညနေပိုင်းတွင် ကမ္ဘာအေး၌ သံဃာ့မဟာနာယကအဖွဲ့နှင့် တွေ့ဆုံ ပြောကြားမည်ဖြစ်ကြောင်း သိရသည်။  “ကျွန်တော်တို့ကတော့ တွေ့ဆုံပွဲ မှာ ကက်သလစ်ရယ်လို့ မကန့်သတ်ပါဘူး။ အဲဒါမျိုးလာရင်လည်း ရပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့အထင်ကတော့ ကက်သလစ်ဘာသာဝင် မဟုတ်ရင် တော်တော် ပျင်းစရာကောင်းမယ်။ ဘာကြောင့်လဲဆိုတော့ ဆုတောင်းပွဲဖြစ်နေတာကိုး။ ပွဲထဲဝင်မယ် ဆိုရင်ဘာလုပ်လဲသိမှ ဝင်စေချင်တယ်။ ဝင်လာ ပြီးမှ ပျင်းစရာကြီးဆိုပြီး ပြန်ထွက်ချင်ရင် လုံခြုံရေးကြောင့် ပေးမထွက်တာတွေ၊ မသွားခိုင်းတာတွေဆိုရင် သူတို့ဝင်တာနဲ့ အခက်အခဲဖြစ်မှာကြောင့်ပါ။ တွေ့ဆုံပွဲထက် ဆုတောင်းပွဲပါပဲ” ဟု ပုပ်ရဟန်းမင်းကြီးခရီးစဉ်၏ ပြောရေးဆိုခွင့်ရှိသူ  မြန်မာနိုင်ငံ ကက်သလစ်ဆရာ တော်ကြီးများအဖွဲ့ချုပ် လူထုဆက်သွယ်ရေး ဒါရိုက်တာ ဖာသာစိုးနိုင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ကက်သလစ်ဘာသာဝင် ၇၀၀,၀၀၀ ခန့်ရှိကြောင်း သိရသည်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် နိုဝင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာသို့ လေကြောင်းခရီးဖြင့် ဆက်လက်သွားရောက်မည် ဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၇ ခုနှစ် မေလတွင်းက သွားရောက်ခဲ့သော ဥပရောပ ခရီးစဉ်တွင် ဗာတီကန်နန်းတော်၌ ပုပ်ရဟန်းမင်းကြီးဖရန်စစ်နှင့် တွေ့ဆုံခဲ့ပြီး တွေ့ဆုံမှု အပြီးတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် ဗာတီကန်မြို့ပြနိုင်ငံတို့အကြား သံတမန်အဆက်အသွယ် စတင်ထူထောင်သည့် ကြေညာချက်အား ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ ဗာတီကန်မြို့ပြနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာပေါလ်ချန် အင်-နမ်သည် ၎င်း၏ သံအမတ်ခန့်အပ်လွှာအား အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းက နိုင်ငံတော် သမ္မတအိမ်တော်တွင် သမ္မတ ဦးထင်ကျော်ထံ ပေးအပ်ခဲ့သည်။

Most Read

Most Recent