မောင်တောဒေသအတွင်း ဘင်္ဂါလီများအား ပြန်လည်နေရာချထားရေးနှင့် စိစစ်ရေး လုပ်ဆောင်ရာတွင် ဒေသခံများ၏ခံစားချက်ကို အလေးထားရန်လိုအပ်ကြောင်း သုံးသပ်မှုများရှိနေ

မောင်တောဒေသအတွင်း ဘင်္ဂါလီများအား ပြန်လည်နေရာချထားရေးနှင့် စိစစ်ရေး လုပ်ဆောင်ရာတွင် ဒေသခံများ၏ခံစားချက်ကို အလေးထားရန်လိုအပ်ကြောင်း သုံးသပ်မှုများရှိနေ
Published 1 October 2017

 

ဘူးသီးတောင်နှင့် မောင်တောမြို့နယ်အတွင်းမှ ထွက်ပြေးလာသော ဘင်္ဂါလီများအား မောင်တောမြို့နယ်စပ်ခြံစည်းရိုးအနီးတွင် တွေ့ရစဉ် (ဓာတ်ပုံ-သတင်းထုတ်ပြန်ရေးကော်မတီ)

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော ဒေသအတွင်း ဘင်္ဂါလီများအား ပြန်လည်နေရာချထားရေးနှင့် စိစစ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ဒေသခံများ၏ ခံစားချက်ပြောစကားများကို အလေးထားရန်လိုအပ်ကြောင်း ဒေသခံများက ပြောဆိုမှုများရှိလာကြောင်း သိရသည်။

ARSA ဘင်္ဂါလီအကြမ်းဖက်သမားများကြောင့် ရခိုင်ပြည်နယ်အတွင်း ရဲတပ်ဖွဲ့အပါအဝင် ဒေသခံအရပ်သားများစွာ သတ်ဖြတ်ခံရသည့်အတွက် တိုင်းရင်းသားများ ထွက်ပြေး တိမ်းရှောင်မှုများ ရှိသည့်အပြင် ဘင်္ဂါလီကျေးရွာများမှလည်း ဘင်္ဂါလီများ ထွက်ပြေးတိမ်း ရှောင်ခြင်းများရှိခဲ့ကြောင်း သိရသည်။

ထိုသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သော ဘင်္ဂါလီများအား ပြန်လည် စိစစ်လက်ခံခြင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းများအရ သိရသည်။ ယင်းသတင်းများမှာလည်း ပွင့်လင်းမြင်သာစွာ မရှိသေးသဖြင့် ပွင့်လင်းမြင်သာစွာ ပြည်သူသို့ ချပြရန်လိုအပ်ကြောင်း ဒေသခံတိုင်းရင်းသားများက ပြောကြားသည်။

ထို့ပြင် စိစစ်လက်ခံပြီးနောက် ပြန်လည် နေချထားရေး ဆောင်ရွက်မှုများကိုလည်း မလွဲမသွေ လုပ်ဆောင်ရမည်ဖြစ်သကဲ့သို့ တိုင်းရင်းသားကျေးရွာများကိုလည်း ပြန်လည်နေရာချထား ဆောင်ရွက်ရန်ရှိကြောင်း သတင်းထုတ်ပြန်ရေးကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

ယင်းနှင့်ပတ်သက်၍ ရခိုင်တိုင်းရင်းသား ဦးသန်းထွန်းက “ပြန်လည်နေရာချထားရေးမှာ အပိုင်းနှစ်ပိုင်း ရှိတယ်။ ဒေသခံတိုင်း ရင်းသားတွေကလည်း လုံခြုံမယ်လို့ထင်တဲ့ မြို့တွေကို ထွက်ပြေးခဲ့ကြတာရှိတယ်။ ဘင်္ဂါလီတွေကလည်း သူတို့လူမျိုးတွေရှိတဲ့ ဘင်္ဂလား ဒေ့ရှ်ကို ထွက်ပြေးခဲ့ကြတာ ရှိတယ်။ အစိုးရ ပြန်လည်နေရာချထားရေး ဆောင်ရွက်တဲ့နေရာမှာ ဘယ်သူ့ကို ဦးစားပေးရမလဲဆိုတဲ့ အချက်က အရေးကြီးတယ်။ ကိုယ့်နိုင်ငံ၊ ကိုယ့်တိုင်းရင်းသားဖြစ်တဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ လုံခြုံရေးကို အရင်ဆုံး ဦးစားပေးရမယ်။ ဆိုလိုတာက ဒီအတိုင်း သွားနေကြပါဆိုလို့တော့ ဒီတစ်ခါ မနေကြတော့ဘူး။ ကိုယ့်ဟာကိုယ် လုံခြုံပြီ၊ ကာကွယ်နိုင်ပြီလို့ စိတ်ချရတဲ့အနေအထားကို မရောက်သရွေ့ ကိုယ့်နေရပ်ကိုယ် ပြန်ဖို့ဆိုတာမလွယ်ဘူး။ ဒီအချက်ကို အစိုးရ က ထည့်တွက်စဉ်းစားရမယ်။ ဒါကြောင့် အိမ်ခြေအနည်းငယ်ရှိတဲ့ ရွာသေးတွေကို ရွာကြီးတွေအဖြစ် ပေါင်းပြီးချထားပေးရမယ်။ တောင်ပေါ်မှာနေမှ အဆင်ပြေမယ်ဆိုတဲ့ မြိုလူမျိုးတွေအတွက်လည်း သီးသန့်စဉ်းစားပေးရမယ်။ ဘင်္ဂါလီတွေဘက် စဉ်းစားရင်တော့ သူတို့ပြေးရင် ဘင်္ဂလားဒေ့ရှ်ကို ပြေးတယ်။ သူတို့ရဲ့မူရင်းဒေသမှာ လုံခြုံတယ်ထင်လို့ ပြေးတယ်။ အဲဒီတော့ ပြန်လည်လက်ခံတဲ့နေရာမှာ သေသေချာချာ စိစစ်လက်ခံပြီးတော့မှ လက်ခံသင့်တဲ့လူလောက်ကိုသာ လက်ခံသင့်ပြီးတော့ သူတို့ကို ရခိုင်တွေနဲ့ သီး သန့်ခြားနားထားတဲ့ နေရာ၊ မြန်မာနိုင်ငံရဲ့ ရဲတပ်ဖွဲ့တွေ၊ လုံခြုံရေးတပ်ဖွဲ့တွေကို အန္တရာယ် မပေးနိုင်တဲ့နေရာ၊ ဘင်္ဂလားဒေ့ရှ်ကို အဝင်အထွက် မလွယ်တဲ့နေရာတွေမှာ ချထားဖို့လိုတယ်။ ဒါကြောင့် စိစစ်ပြီး လက်ခံသင့်တဲ့လူကိုသာ လက်ခံနေရာချထားပေးဖို့ လိုပါတယ်။ သူတို့ကိုလက်ခံတယ်ဆိုရင်လည်း နိုင်ငံသား စိစစ်ရေးဥပဒေနဲ့ စိစစ်ပြီးတော့မှ နိုင်ငံသား ဖြစ်တဲ့လူနဲ့ နိုင်ငံသားမဖြစ်တဲ့လူနဲ့ သီးသန့်  ခွဲထားဖို့လိုတယ်လို့ သုံးသပ်မိပါတယ်”ဟု ပြောကြားသည်။

အလားတူ ဘူးသီးတောင်မြို့မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက လက်ရှိအစိုးရအနေဖြင့် ပြည်သူတို့၏ အသံနှင့် လွှတ်တော်၏အသံကို နားထောင်မှု နည်းပါးခဲ့ကြောင်း၊ ယင်းအတွက် မောင်တော ပြဿနာဖြစ်လာသည်ဟု ပြောနိုင်ကြောင်း၊ လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသူများမှာ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများသာ ဖြစ်ပြီး ယင်းအနက် အများစုမှာ အမျိုးသမီး၊ သက်ကြီးရွယ်အိုနှင့် ကလေးငယ်များသာဖြစ်နေကြောင်း၊ အိမ်ထောင်ဦးစီးများနှင့် လူရွယ် များပျောက်ဆုံးနေကြောင်း၊ ယင်းကို စိစစ်ရန် လိုအပ်ကြောင်း၊ လုံခြုံသည့်နေရာတွင် စခန်း ဖွင့်လှစ်စိစစ်ရန် လိုကြောင်း၊ ပျောက်နေသူများကို စိစစ်သင့်ကြောင်း၊ အကြမ်းဖက်မှုများတွင် အမျိုးသမီးများနှင့် ကလေးသူငယ်များလည်း ပါဝင်ခဲ့သည့်အတွက် အကြမ်းဖက်သူများအနေဖြင့် ပြန်လည်ဝင်ရောက်လာမည်ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း၊ အကြမ်းဖက်သမားများ စခန်းအတွင်းသို့ မရောက်ရန်အတွက် အထူးအလေးထား စိစစ်ရန် လိုအပ်ကြောင်း၊ ပြန်လည်စိစစ်ရေးနှင့် နေရာချထားရေး အပိုင်းတွင် ရခိုင်တိုင်းရင်းသားများထဲမှ တတ်သိနားလည်သူများကို ထည့်သွင်းပြီး ထိုသူတို့၏အသံကို အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြားသည်။

ထို့ပြင် စိစစ်ခြင်းနှင့် ပြန်လည်နေရာချထားခြင်းများနှင့်ပတ်သက်၍ မောင်တောမြို့မှ ကိုဝင်းသိန်းက “လက်ရှိအနေအထားမှာ မောင်တောမှာ တည်ငြိမ်အေးချမ်းမှုအနေအထားကို မရောက်သေးပါဘူး။ နေ့တိုင်း သေနတ်သံတွေ ကြားနေရဆဲဖြစ်တယ်။ တစ်ခု မပြီးခင်တစ်ခု လုပ်မယ်ဆိုရင် ပြည်သူတွေအနေနဲ့ အခက်အခဲကို ရင်ဆိုင်ရနိုင်ပါတယ်။ နောက်ပြီး တိုင်းရင်းသားတွေအနေနဲ့ ဘင်္ဂါလီတွေကို ယုံကြည်မှု ပျက်ပြားခဲ့တဲ့အတွက် ဘယ်နည်းနဲ့မှ အတူဈေးရောင်းတာ၊ ကျောင်းတက်တာ၊ သွားတာလာတာက အစ ပြောဆိုဆက်ဆံဖို့ဆိုတာလည်း မဖြစ်နိုင်တော့ပါဘူး။ ကျောင်းဆရာ၊ ဆရာမတွေကလည်း သူတို့ကို စာပြဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလို့ ပြည်သူတစ် ဦးအနေနဲ မြင်ပါတယ်။ သြဂုတ် ၂၅ ရက် တစ်ညတည်းမှာ စခန်းပေါင်း ၃၀ ကျော်ကို တစ်ပြိုင်တည်း တိုက်ခိုက်သိမ်းပိုက်ဖို့ကြိုးစားတာဟာ နယ်သိမ်းတိုက်ပွဲဖြစ်တယ်။ သူတို့နဲ့ ဘယ်လိုမှ ဆက်ဆံဖို့မဖြစ်နိုင်ဘူး။ သီးခြားထားဖို့သာ ပြောလိုပါတယ်။ သီးခြားမထားဘဲ ပြည်သူတွေရဲ့ဆန္ဒကို နားမထောင်ဘူးဆိုရင် အားလုံးအခက်အခဲနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ တည်ငြိမ်အေးချမ်းမှုဆိုတာ ရလာမှာမဟုတ်ပါဘူး။ နောက်ပြီး သူတို့ကို သီးခြားထားပြီးမှ ၈၂ နိုင်ငံသားဥပဒေနဲ့လည်း စိစစ်ဖို့လိုပါသေးတယ်”ဟု ပြောကြားသည်။

ထို့ပြင် တည်ငြိမ်အေးချမ်းမှုဆိုသည်မှာ  သေချာစွာစိစစ်ပြီးမှသာ ရလာမည်ဖြစ်ကြောင်း၊ သြဂုတ်လဖြစ်စဉ် မဖြစ်မီကတည်း က ဘင်္ဂါလီကျောင်းသားများသည် ကျောင်း ဆရာ၊ ဆရာမများကို ရိုသေလေးစားမှု မရှိခဲ့ကြောင်း၊ ယင်းအတွက် အနေအထားအတိုင်း မဖြစ်နိုင်တော့ကြောင်း၊ ပညာရေးဝန်ထမ်းများအနေဖြင့်လည်း ဘင်္ဂါလီများကို ပညာသင်ကြားပေးတော့မည် မဟုတ်ဟု နားလည်ကြောင်း ကိုဝင်းသိန်းက ဆက်လက် ပြောကြားသည်။

ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဘင်္ဂါလီများ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ခွာရန် နယ်စပ်အနီးရောက်ရှိစဉ် တာဝန်ရှိသူများ သွားရောက်တွေ့ဆုံညှိနှိုင်းမှုအပေါ် ဒေသခံ များအနေဖြင့် ဝေဖန်မှုများစွာ ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရန် ပြင်ဆင်နေသော ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဂူတာပြင်ကျေးရွာမှ ဘင်္ဂါလီ ၁၆၈ ဦးသည် စက်တင်ဘာ ၂၆ ရက်တွင် ရွာသစ်ကေကျေးရွာ အနီး၌လည်းကောင်း၊ ရွှေထားကျေးရွာနှင့် ဇင်ခါးမကျေးရွာတို့မှ ဘင်္ဂါလီ ၂၅၅ ဦး၊ တောင် ချောင်းကျေးရွာနှင့် ပေါက်တောကျေးရွာမှ ဘင်္ဂါလီ ၂၈၁ ဦး၊ သိမ်တောင်ပြင်ကျေးရွာနှင့် ကာလီကျေးရွာတို့မှ ဘင်္ဂါလီ ၂၀၀ နှင့် ဒုအိုးသည်မကျေးရွာတို့မှ ဘင်္ဂါလီ ၃၅ ဦးတို့သည် စက်တင်ဘာ ၂၇ ရက်တွင် လေယာဉ်ကွင်း ကျေးရွာအနီး ကမ်းစပ်၌လည်းကောင်း၊ တောင်ချောင်းကျေးရွာ၊ ဇင်ခါးမကျေးရွာ၊ ဘိုလီကျေးရွာနှင့် ငွေတောင်ကျေးရွာတို့မှ ဘင်္ဂါလီ ၈၉၅ ဦးသည် စက်တင်ဘာ ၂၈ ရက် တွင် လေယာဉ်ကွင်းကျေးရွာအနီး ကမ်းစပ်၌လည်းကောင်း၊ ဂူတာပြင်ကျေးရွာမှ ဘင်္ဂါလီ ၅၃၀ သည် စက်တင်ဘာ ၂၉ ရက် တွင် ပညောင်ပင်ကြီးနှင့် နယ်စပ်ခြံစည်းရိုး ကြားတွင်လည်းကောင်း တွေ့ရှိခဲ့ရသည်။

“အခုလောလောဆယ်မှာ ဘယ်လိုနေရာ ချထားမလဲ၊ ဘယ်လိုပုံံစံနဲ့ လက်ခံမလဲဆိုတာကို ပွင့်လင်းမြင်သာစွာချပြလိုတယ်။ အခုက ပွင့်လင်းမှု မရှိဘူး။ ဘာပဲလုပ်လုပ် ရခိုင်တိုင်းရင်းသားတွေရဲ့စကားသံကို ဦးစားပေး ဆောင်ရွက်ဖို့လိုမယ်။ အကြမ်းဖက်သမားတွေဟာ ဘယ်သူတွေလဲ၊ ဘယ်လိုပုံစံမျိုးနဲ့အကြမ်းဖက်သမားတွေကို ဖမ်းဆီးရှင်းလင်းမလဲဆိုတာကလည်း အရေးကြီးတယ်။ ပြည်သူအနေနဲ့ကတော့ အရင်လိုပြန်လည်နေရာချထားပေးမယ် ဆိုရင် လုံး၀ လက်ခံမှာမဟုတ်ဘူး။ သီးခြား ထားမှဖြစ်မယ်။ အဲဒီအကြမ်းဖက်အုပ်စုမှာ ပါဝင်တဲ့သူတွေနဲ့ ဘယ်လိုမှ အတူနေလို့ဖြစ်မှာ မဟုတ်ဘူး။ တကယ်လို့ အတင်းအကျပ်လုပ်မယ်ဆိုရင်တော့ ဒေသခံတွေနဲ့ အစိုးရကြား အခက်တွေ့လာနိုင်ပါတယ်”ဟု မောင်တော မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက ပြောကြားသည်။

သြဂုတ် ၂၅ ရက်က အကြမ်းဖက် တိုက်ခိုက်ခံရသော ဖြစ်စဉ်တွင် ဘင်္ဂါလီများအနေဖြင့် ရွာလုံးကျွတ် ကလေးသူငယ်များပါမကျန် ပူးပေါင်း ပါဝင်ခဲ့သည့်အတွက် အပြည့်အ၀ အပြစ်ပေးအရေးယူရန်လိုအပ်ကြောင်း၊ ယင်း သို့ အရေးမယူနိုင်ပါက နယ်မြေဆုံးရှုံးမှုများ ဖြစ်လာနိုင်ကြောင်း ပြောဆိုမှုများရှိခဲ့သည်။

Most Read

Most Recent