ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများက သတ်ဖြတ်ကာ မြှုပ်နှံထားသော ဟိန္ဒူဘာသာဝင်များ၏ အလောင်းများ မောင်တောမြောက်ပိုင်း ရဲဘော်ကျကျေးရွာအနီး တောစပ်တွင် ထပ်မံတွေ့ရှိ

ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများက သတ်ဖြတ်ကာ မြှုပ်နှံထားသော ဟိန္ဒူဘာသာဝင်များ၏ အလောင်းများ မောင်တောမြောက်ပိုင်း ရဲဘော်ကျကျေးရွာအနီး တောစပ်တွင် ထပ်မံတွေ့ရှိ
Published 26 September 2017

စက်တင်ဘာ ၂၅ ရက်က ထပ်မံတွေ့ရှိခဲ့သည့် ဟိန္ဒူဘာသာဝင်များ၏ အလောင်းများကို မြှုပ်နှံထားသည့်နေရာအား တူးဖော်နေသည်ကို ကြည့်ရှုနေသည့် အစိုးရအဖွဲ့ဝင်များကို တွေ့ရစဉ် Photo: prof win myat aye

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ခမောင်းဆိပ်အနီး ရဲဘော်ကျကျေးရွာ အနီးရှိ တောစပ်အတွင်း ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများက သတ်ဖြတ်ကာ မြှုပ်နှံထားသော ဟိန္ဒူဘာသာဝင်များ၏ အလောင်းများ ထပ်မံတွေ့ရှိရကြောင်း အမှတ် (၁) နယ်ခြားစောင့်ကွပ်ကဲမှု ရဲတပ်ဖွဲ့၊ ကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရစန်းလွင်က အတည်ပြုပြောကြားသည်။

အမှတ် (၁) နယ်ခြားစောင့်ကွပ်ကဲမှု ရဲတပ်ဖွဲ့၊ ကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရစန်းလွင်က “အပုပ်နံ့ထွက်နေတဲ့ မြေကျင်းနှစ်ခုကိုတော့ ရှာတွေ့ထားတယ်။ အခု လောလောဆယ်တော့ ဆောင်ရွက်နေဆဲ ဖြစ်တဲ့အတွက် အလောင်း ဘယ်လောက်ရှိတယ် ဆိုတာ မသိရသေးဘူး” ဟု စက်တင်ဘာ ၂၅ ရက် မွန်းလွဲ ၂ နာရီခန့်က ပြောကြားသည်။

ARSA ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရပြီးနောက် ပျောက်ဆုံးနေသော ဟိန္ဒူဘာသာဝင် ၁၀၀ ခန့်အနက်မှ အလောင်း ၂၈ လောင်းအား မြေကျင်းနှစ်ခုအတွင်း မြှုပ်နှံထားသည်ကို စက်တင်ဘာ ၂၄ ရက်ကလည်း တွေ့ရှိရပြီး စက်တင်ဘာ ၂၅ ရက်တွင် အလောင်းများအား ထပ်မံရှာဖွေမှုများ ပြုလုပ်ခဲ့ပြီးနောက် ကျင်းနှစ် ခုထပ်မံတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

Photo: တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

အလောင်းတူးဖော်ရာ နေရာသို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ အမျိုးသား လူ့အခွင့်အရေးကော်မတီဝင်များ၊ တိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး စသူတို့ ရောက်ရှိခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

ခမောင်းဆိပ်သို့ ရောက်ရှိပြီး အလောင်းတူးဖော်ရာတွင် ပါဝင်ခဲ့သူ ဦးနီမောလ်က “ဒီနေ့တွေ့တာကတော့ မနေ့ကတွေ့တဲ့ တွင်းတွေနဲ့ ပေတစ်ထောင်လောက် အဝေးမှာတွေ့တာပါ။ နေ့လည် ၁ နာရီလောက်က တွေ့တယ်။ စုစုပေါင်း အမျိုးသားအလောင်း ၁၇ လောင်း တွေ့ပါတယ်။ ၄ နာရီလောက်မှ အလောင်းတွေ အားလုံးကို ဖော်လို့ပြီးတယ်။ လက်တွေကို ကြိုးနဲ့ချည်ထားတယ်။ တစ်ယောက်လက်နဲ့ တစ်ယောက်တွဲပြီး ချည်ထားတာတွေကို တွေ့ရတယ်။ အလောင်းတွေဟာ ခမောင်းဆိပ် တောင်ရွာက လူတွေဖြစ်တာကိုလည်း တွေ့ရှိရတယ်” ဟု ပြောကြားသည်။

ထိုသို့ လုပ်ရပ်များသည် ဟိန္ဒူဘာသာဝင်များကို လူမျိုးပြုန်းတီးအောင် သတ်ဖြတ်ခြင်းသာ ဖြစ်ကြောင်းနှင့် ဟိန္ဒူဘာသာဝင်များ အနေဖြင့် မြန်မာနိုင်ငံတွင် မွေးဖွားကြီးပြင်းလာခဲ့ခြင်း ဖြစ်သည့်အပြင် မည်သူ တစ်ဦးတစ်ယောက်ကိုမျှ သတ်ဖြတ်ခြင်း၊ ရန်ရှာခြင်းများ မရှိခဲ့ကြောင်း၊ ယခုကဲ့သို့ အစုလိုက်အပြုံလိုက် ဖမ်းဆီးသတ်ဖြတ်သွားခြင်းမှာ လွန်စွာ စိတ်မကောင်းစရာ ဖြစ်ကြောင်း၊ ထိုသို့ သတ်ဖြတ်ခြင်းသည် လွန်စွာ ရက်စက်သော လုပ်ရပ်သာ ဖြစ်ကြောင်း ဟိန္ဒူဘာသာဝင် ဦးနီမောလ်က ပြောကြားသည်။

စက်တင်ဘာ ၂၄ ရက်တွင် အလောင်း ၂၈ လောင်း တွေ့ရှိခဲ့ပြီး ၂၅ ရက်တွင် အလောင်း ၁၇ လောင်း ထပ်မံတွေရှိသဖြင့် ဟိန္ဒူဘာသာဝင် စုစုပေါင်းအလောင်း ၄၅ ဦးအထိ တွေ့ရှိထားခြင်း ဖြစ်ကြောင်း သိရသည်။

Photo: prof win myat aye

တူးဖော်ရရှိထားသည့် အလောင်း ၁၇ လောင်းအား မျိုးရိုးဗီဇ စစ်ဆေးနိုင်ရေးအတွက် ဆေးစစ်ချက်များ ရယူခြင်း၊ သေမှုသေခင်း စစ်ဆေးချက်များကို ရယူခြင်း၊ ရုပ်အလောင်းများကို စစ်ဆေးခြင်းများကို ဆောင်ရွက်ထားကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

မောင်တောမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ပြည်သူ့ဆေးရုံဆေးရုံအုပ်ကြီး ဒေါက်တာကျော်မောင်မောင်သိန်းနှင့်အဖွဲ့၊ မှုခင်းသတင်းတပ်ဖွဲ့မှ ရဲမှူးရဲအောင်နှင့် အဖွဲ့တို့က ရုပ်အလောင်းများအား ရင်ခွဲစစ်ဆေးချက် ရယူခြင်း၊ သေမှုသေခင်း စစ်ဆေးချက်ရယူခြင်း၊ မျိုးရိုးဗီဇ စစ်ဆေးနိုင်ရေးအတွက် ဆောင်ရွက်ခြင်းတို့ကို ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြောင်း အဆိုပါ စာမျက်နှာတွင် ရေးသားထားသည်။

ပဏာမ စစ်ဆေးတွေ့ရှိချက်များအရ သေဆုံးသွားသူများမှာ မျက်နှာအား အဝတ်စည်း၍ လက်ပြန်ကြိုးတုပ်ကာ လည်ပင်းလှီး၍ အသတ်ခံထားရခြင်း ဖြစ်ပြီး အချို့မှာ ခြေလက်များ ဖြတ်တောက်ခြင်း ခံထားရကြောင်း၊ ရုပ်အလောင်းများ တူးဖော်ရာသို့ ရောက်ရှိနေသည့် မိသားစုဝင်များ၏ အတည်ပြုချက်များအရ ခမောင်းဆိပ်ကျေးရွာမှ ဟိန္ဒူဘာသာဝင်များ ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၏ လူမှုကွန်ရက် စာမျက်နှာ၌ ဖော်ပြထားချက်များတွင် မောင်တောမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မောင်မောင်သိန်း နှင့် တွေ့ဆုံမေးမြန်းထားသည်ကို တွေ့ရသည်။

“တူးဖော်ထားတဲ့ အလောင်းတွေကို စစ်ဆေးကြည့်တဲ့အခါ လည်ပင်းလှီးပြီး သတ်ထားတာကို တွေ့ရတယ်။ အချို့အလောင်းတွေ က လက်တွေ၊ ခြေတွေကို ဓားနဲ့ ခုတ်ထားတယ်။ ခြေထောက်ဖြတ်ပြီးမှ လည်ပင်းကို လှီးတာ တွေ့ရတယ်။ ပထမ တွေ့တဲ့နေရာက အမျိုးသမီးအလောင်း ၁၂ လောင်း နဲ့ နောက်တစ်နေရာမှာ ကလေးနဲ့ လူငယ်အလောင်း ၁၆ လောင်း တွေ့ရတယ်။ ဒီနေ့ နောက်ထပ်တွေ့ရတဲ့ နေရာက အလောင်းတွေက အမျိုးသားအလောင်းတွေပါ” ဟု ဒေါက်တာ ကျော်မောင်သိန်းက ပြောကြားကြောင်း ဖော်ပြထားသည်။

သားနှစ်ဦး အသတ်ခံရသဖြင့် ငိုကြွေးနေသည့် ဟိန္ဒူဘာသာဝင် အမျိုးသမီးတစ်ဦးကို တွေ့ရစဉ်

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရဲဘော်ကျ ကျေးရွာအနီး၌ စက်တင်ဘာ ၂၄ ရက်က တူးဖော်ရရှိသည့် ဟိန္ဒူဘာသာဝင်များ၏ ရုပ်အလောင်းများ တွေ့ရှိသည့်နေရာနှင့် ကိုက် ၂၀၀ အကွာတွင် ထပ်မံတွေ့ရှိရသည့် ရုပ်အလောင်း ၁၇ လောင်းအား တူးဖော်နေမှုကို ကြည့်ရှုပြီး ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန်နှင့် ဟိန္ဒူဘာသာ ဓလေ့ထုံးစံနှင့်အညီ သြင်္ဂိုဟ်နိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဟု တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း ဆက်လက်ဖော်ပြထားသည်။

ထို့ပြင် ကျန်ရှိနေသည့် ဟိန္ဒူဘာသာဝင်များကိုလည်း ဆက်လက်ရှာဖွေမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Photo: prof win myat aye

ARSA အစွန်းရောက် အကြမ်းဖက်သမားများကြောင့် စစ်တွေမြို့သို့ ရောက်ရှိနေသော မောင်တောလေးမိုင်မှ ဟိန္ဒူဘာသာဝင် ဦးနီမောလ် (ဟိန္ဒူဘာသာဝင် ကူညီရေး ခေါင်းဆောင်) ထံ တစ်ဖက်နိုင်ငံသို့ ရောက်ရှိနေသည့် ရဲဘော်ကျ ကျေးရွာနေသူတစ်ဦးက ဖုန်းဆက်သွယ် ပြောကြားချက်အရ သြဂုတ် ၂၅ ရက်က ARSA အစွန်းရောက် အကြမ်းဖက်သမား ၃၀၀ ခန့်သည် ရဲဘော်ကျကျေးရွာရှိ အမျိုးသား၊ အမျိုးသမီး ၁၀၀ ခန့်အား ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း၊ ရွာ၏ အနောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာသို့ ရောက်ရှိစဉ် အမျိုးသား၊ အမျိုးသမီးများအား သတ်ဖြတ်ကာ အမျိုးသမီး ရှစ်ဦးအား အစ္စလာမ်ဘာသာသို့ ဝင်ခိုင်းခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခေါ်ဆောင်သွားခဲ့ကြောင်း၊ လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကူတူပါလောင် ဒုက္ခသည်စခန်းရှိ ဟိန္ဒူဘာသာဝင်တစ်ဦး၏ နေအိမ်တွင် နေထိုင်လျက်ရှိကြောင်း ဆက်သွယ်ပြောကြားခဲ့သည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ မြေပြင် သတင်းဖော်ထုတ်ရန်အတွက် ဦးနီမောလ်၊ ဦးရွှေနီတို့နှင့်အတူ သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များသည် စက်တင်ဘာ ၂၄ ရက် နံနက် ၇ နာရီတွင် ခမောင်းဆိပ်ကျေးရွာမှ အမျိုးသား၊ အမျိုးသမီး သုံးဦး၊ တမန်းသားကျေးရွာမှ လေးဦးတို့နှင့်အတူ ရဲဘော်ကျကျေးရွာသို့ ထွက်ခွာခဲ့ကြောင်း၊ ၎င်းပူးပေါင်းအဖွဲ့များက ဖြန့်ခွဲရှာဖွေစဉ် ရဲဘော်ကျကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၁၂၀၀ ခန့်အကွာ၌ မသင်္ကာဖွယ် မြေအနေအထား တွေ့ရှိရပြီး အပုပ်နံ့ရရှိသဖြင့် တူးဖော်ရှာဖွေရာ အကျယ် ၁၃ ပေပတ်လည် မြေကျင်း နှစ်ကျင်းအား ၁၀ ပေ အကွာအဝေးခြား တွေ့ရှိခဲ့ပြီး အဆိုပါ မြေကျင်းများအတွင်းမှ ဟိန္ဒူဘာသာဝင် ကလေးငယ်၊ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၂၈ ဦး၏ အလောင်း များကို တွေ့ရှိခဲ့သည်။