သရုပ်ဆောင်မက်ဂန်မာကယ်က ဟာရီမင်းသားနှင့် မေတ္တာမျှနေဟု အတည်ပြု

အမေရိကန်သရုပ်ဆောင် မက်ဂန်မာကယ်က ဗြိတိန်တော်ဝင်မင်းသား ဟာရီနှင့် မေတ္တာမျှနေသည်ဟု စက်တင်ဘာ ၅ ရက်က  ဖြန့်ချိခဲ့သည့် Vanity Fair မဂ္ဂဇင်း၏ အင်တာဗျူးတွင် ပွင့်ပွင့်လင်းလင်းပြောကြားခဲ့သည်။

မိတ်ဆွေများ၏ မိတ်ဆက်ပေးမှုမှတစ်ဆင့် ဟာရီမင်းသားနှင့် သိကျွမ်းခဲ့ပြီး၂၀၁၆ ခုနှစ် ဇူလိုင်တွင် တွဲခဲ့သည်ဟု Suits နှင့် Fringe ဇာတ်လမ်းတွဲများတွင် ပါဝင်ခဲ့သည့် မာကယ်က ၎င်း နှင့် ဟာရီတို့၏ အချစ်ရေးအကြောင်းကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြောကြားခဲ့သည်။

“ကျွန်မတို့ တွဲနေတယ်ဆိုတဲ့သတင်းတွေ မထွက်ခင် ခြောက်လလောက်ကတည်းက ကျွန်မတို့တွဲခဲ့တာပါ။ ကျွန်မအတွက် ဘာမှမပြောင်းလဲသွားပါဘူး။ ကျွန်မက ကျွန်မပါပဲ။ ကျွန်မရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး ဘယ်တုန်းကမှ အဓိပ္ပာယ် မဖွဲ့ဆိုခဲ့ပါဘူး” ဟု အသက် ၃၆ နှစ်အရွယ်ရှိ မာကယ်က ပြောကြားခဲ့သည်။ အခြေအနေသည် တစ်ခါတစ်ရံခက်ခဲကြောင်း၊ အချို့နေ့များသည် အခြားသူများထက် ပိုမိုခက်ခဲသည်ဟု ခံစားရကြောင်း မာကယ်က ၀န်ခံခဲ့သည်။

ဗြိတိန်မင်းသားဟာရီက အမေရိကန်သရုပ်ဆောင် မက်ဂန်မာကယ်နှင့် တွဲနေကြောင်းကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၈ ရက်က အတည်ပြုခဲ့သည်။ အလိဇဘက် ဘုရင်မကြီး၏မြေး၊ ချားစ်မင်းသားနှင့် ကွယ်လွန်သူ ဒိုင်ယာနာမင်းသမီး တို့၏ဒုတိယသားဖြစ်သည့် ဟာရီသည် ဗြိတိန်ထီးနန်းကိုဆက်ခံမည့် ပဉ္ဇမနေရာတွင် ရှိနေသူဖြစ်သည်။ ဟာရီသည် ဗြိတိန်စစ်တပ်တွင် ဆယ်စုနှစ်တစ်ခုကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး အာဖဂန်နစ္စတန်တွင် နှစ်ကြိမ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

မာကယ်သည် အမေရိကန် မှုခင်းဇာတ်လမ်းတွဲ Suits တွင် Rachel Zane ဇာတ်ကောင်ဖြင့် ထင်ရှားခဲ့သည်။ ၎င်း၏မိခင်သည် လူမည်းတစ်ဦးဖြစ်ပြီး ဖခင်သည် လူဖြူတစ်ဦးဖြစ်သည်။ သွေးနှောနေသည့် မာကယ်ကို တိုက်ရိုက်ဦးတည်သည့် လူမျိုးရေးခွဲခြားသည့်စော်ကားမှုနှင့် အနှောင့်အယှက်ပေးမှုကြောင့် ဟာရီက မာကယ်၏ ကိုယ်ရေးကိုယ်တာအကြောင်းကို ၀င်ရောက်စွက်ဖက်သည့် မီဒီယာများကို ဝေဖန်ခဲ့ပြီး မာကယ်အား နောက်ထပ် ထိခိုက်နစ်နာစေမှုများကို ရှောင်ကြဉ်ရန် တောင်းဆိုခဲ့သည်။

ဟာရီထက် အသက်သုံးနှစ်ကြီးသည့် မာကယ်သည် အမေရိကန်လုပ်ငန်းရှင် တစ်ဦးနှင့် ကွာရှင်းထားသူဖြစ်သည်ဟု တက်ဘလွိုက်သတင်းစာများက ထောက်ပြခဲ့ပြီး ၎င်းမင်္ဂလာဆောင်သည့် ဓာတ်ပုံများကို  ဖော်ထုတ်ခဲ့သည်။