ကယ်ရီအန်ဒါဝုဒ်၏ အယ်လ်ဘမ်သစ် Billboard တွင် နံပါတ် ၁ အဖြစ် ဖော်ပြခံရ

ကယ်ရီအန်ဒါဝုဒ်၏ အယ်လ်ဘမ်သစ် Billboard တွင် နံပါတ် ၁ အဖြစ် ဖော်ပြခံရ
Published 27 September 2018

ကန်းထရီးအဆိုတော် ကယ်ရီအန်ဒါဝုဒ်က စက်တင်ဘာ ၁၄ ရက်တွင် ဖြန့်ချိခဲ့သည့်  Cry Pretty သည် Billboard အယ်လ်ဘမ် ရောင်းချမှုစာရင်း၏ နံပါတ် တစ် နေရာတွင် ဖော်ပြခံခဲ့ရသည်။

ဝုဒ်သည် ဖိန့်သ်ဟေး၊   Linda Ronstadt  နှင့် တေလာဆွစ်တို့ကို ကျော်တက်ပြီး အဆိုပါစာရင်း ၏ နံပါတ် ၁ နေရာတွင် လေးကြိမ်မြောက် ဖော်ပြခံခဲ့ရသည့် ပထမဆုံး အမျိုးသမီး ကန်းထရီး အဆို တော်ဖြစ်လာခဲ့သည်ဟု Billboard မဂ္ဂဇင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

American Idol ဆုရှင် အန်ဒါဝုဒ်၏ ၂၀၀၇ ခုနှစ်က ထွက်ရှိခဲ့သည့် Carnival Ride ၊၂၀၀၉ ခုနှစ်က ထွက်ရှိခဲ့သည့် Play On နှင့် ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့သည့်  Blown Away အယ်လ်ဘမ်တို့သည်လည်း Billboard အယ်လ်ဘမ် ၂၀၀ စာရင်း၏ နံပါတ် ၁ နေရာတွင် ဖော်ပြခံခဲ့ရသည်။

ကယ်ရီအန်ဒါဝုဒ်၏ ဆဋ္ဌမမြောက်အယ်လ်ဘမ် Cry Pretty သည်  ချပ်ရေ ၂၅၁,၀၀၀ ရောင်းချနိုင်ခဲ့ပြီး သုံးနှစ်ကျော်အတွင်း ရောင်းအားအကောင်းဆုံး ကန်းထရီးအယ်လ်ဘမ်လည်း ဖြစ်သည်ဟု Nielsen Music ၏ ထုတ်ပြန်ချက်အရ သိရသည်။ ယင်းအယ်လ်ဘမ်သည် ဂီတဝေဖန်သူများ၏ အပြုသဘောဆောင်သည့် ဝေဖန်မှုလည်း ရရှိခဲ့သည်။

အသက် ၃၅ နှစ်အရွယ်ရှိ အန်ဒါဝုဒ်က ဒုတိယမြောက် ကိုယ်ဝန်မတိုင်မီ  ကိုယ်ဝန်သုံးကြိမ် ပျက်ကျခဲ့ဖူးကြောင်း၊ ကိုယ်ဝန်ပျက်ကျချိန်တိုင်း ခံစားရသည့် ဝမ်းနည်းပူဆွေးမှုများကို သီချင်းရေးစပ်ခဲ့ကြောင်း Instagram တွင် ဖော်ပြခဲ့သည်။

ကလေးမီးဖွားပြီးပါက ၂၀၁၉ ခုနှစ်တွင် အမေရိကန်နှင့် ကနေဒါတို့၌ ဖျော်ဖြေပွဲများပြုလုပ်ရန် စီစဉ်ထားသည်ဟုလည်း အန်ဒါဝုဒ်က ပြောကြားခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ဂီတလောကသို့ ဝင်ရောက်ခဲ့သည့် အန်ဒါဝုဒ်သည်  ဂီတသက်တမ်း ၁၃ နှစ်အတွင်း ဂရမ်မီဆုခုနစ်ဆု၊  Billboard ဂီတဆု ၁၀ ဆု၊ ကန်းထရီးဂီတဆု ၁၄ ဆု နှင့် အမေရိကန် ဂီတဆု ၁၂ ဆု ရရှိခဲ့သည်။