Emmy ဆုပေးပွဲတွင် Game of Thrones နှင့် Mrs Maisel တို့က အောင်ပွဲခံ

Emmy ဆုပေးပွဲတွင် Game of Thrones နှင့် Mrs Maisel တို့က အောင်ပွဲခံ
Published 19 September 2018

Game of Thrones ဇာတ်လမ်းတွဲ၏ သရုပ်ဆောင်များကို Emmy ဆုပေးပွဲတွင် တွေ့ရစဉ် (Photo: AFP)

ရုပ်သံလောက၏ ဂုဏ်သတင်းကြီးသော ဆုပေးပွဲတစ်ခုဖြစ်သည့် Emmy ဆု၏ အကြိမ် (၇၀)မြောက် ဆုပေးပွဲကို အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် စက်တင်ဘာ ၁၇ ရက်က ပြုလုပ်ခဲ့ရာတွင် Game of Thrones နှင့် The Marvelous Mrs Maisel ဇာတ်လမ်းတွဲတို့က အဓိကဆုများကို ဆွတ်ခူးခဲ့သည်။

ခုနစ်ပြည်ထောင်မှ တော်ဝင်မိသားစုဝင်များက Iron Throne အတွက် သွေးထွက်သံယို အာဏာယှဉ်ပြိုင်မှုအကြောင်း ရိုက်ကူးထားသည့် Game of Thrones ဇာတ်လမ်းတွဲသည် ဆန်ခါတင်စာရင်းတွင် လျာထားခံခဲ့ရသည့် ဆု ၂၂ ဆုအနက် အကောင်းဆုံးဒရာမာ ဇာတ်လမ်းတွဲဆုနှင့် ယင်းဇာတ်လမ်းတွင် Tyrion Lannister ဇာတ်ကောင်အဖြစ် ပါဝင်ခဲ့သည့် ပီတာဒင့်ကလက်ချ်အတွက် အကောင်းဆုံးအမျိုးသား ဇာတ်ပို့သရုပ်ဆောင်ဆု အပါအဝင် စုစုပေါင်းဆုကိုးဆု ဆွတ်ခူးခဲ့သည်။

Game of Thrones ဇာတ်လမ်းတွဲသည် အာဏာယှဉ်ပြိုင်မှု၊ အကြမ်းဖက်မှုနှင့် အဖော်အချွတ် ဇာတ်ဝင်ခန်းများအတွက် ဝေဖန်ခံခဲ့ရသော်လည်း HBO ရုပ်သံအတွက် ပရိသတ်ကြည့်ရှုမှုနှုန်း စံချိန်တင်ရရှိခဲ့သည့် ဇာတ်လမ်းတွဲဖြစ်သည်။

၁၉၅၀ ပြည့်လွန်နှစ်များတွင် အိမ်ထောင်သည်အဖြစ်မှ ဟာသသရုပ်ဆောင်ဖြစ်လာသည့် အမျိုးသမီးတစ်ဦးကို ဇာတ်အိမ်ပြု ရိုက်ကူးထားသည့် The Marvelous Mrs Maisel ဇာတ်လမ်းတွဲက အကောင်းဆုံးဇာတ်မြူး ဇာတ်လမ်းတွဲဆု အပါအဝင် ဆုရှစ်ဆု ရရှိခဲ့သည်။ Amazon အွန်လိုင်းရုပ်သံက ထုတ်လွှင့်ခဲ့သည့် ယင်းဇာတ်လမ်းတွဲသည် ဝေဖန်သူများ၏ ချီးမွမ်းမှုရရှိခဲ့သည့် ဇာတ်လမ်းတွဲလည်း ဖြစ်သည်။

Emmy ဆု ဆန်ခါတင်စာရင်းတွင်ဆု ၂၀ အတွက် လျာထားခံခဲ့ရသည့် The Handmaid's Tale ဇာတ်လမ်းတွဲသည် ဆုများနှင့် လွဲချော်ခဲ့သည်။

FX ရုပ်သံက ထုတ်လွှင့်သည့်ဖြစ်ရပ်မှန် မှုခင်းဇာတ်လမ်းတွှဲ The Assassination of Gianni Versace က Outstanding Limited ဇာတ်လမ်းတွဲဆု အပါအဝင် ဆုသုံးဆု ရရှိခဲ့သည်။

FX ရုပ်သံက ထုတ်လွှင့်သည့် သည်းထိတ်ရင်ဖို ဇာတ်လမ်းတွဲ The Americans တွင် ဖိလစ်ဂျန်းကင်းဇာတ်ကောင်အဖြစ် ပါဝင်ခဲ့သည့် Matthew Rhys က အကောင်းဆုံး အမျိုးသားဇာတ်ပို့ သရုပ်ဆောင်ဆု (ဒရာမာ ဇာတ်လမ်းတွဲ) ကို ဆွတ်ခူးခဲ့သည်။

Netflix အွန်လိုင်းရုပ်သံက ထုတ်လွှင့်သည့် The Crown ဇာတ်လမ်းတွဲတွင် အလိဇဘတ်ဘုရင်မဇာတ်ကောင်အဖြစ် ပါဝင်ခဲ့သည့် Claire Foy က အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင်ဆု (ဒရာမာဇာတ်လမ်းတွဲ) ကို ရရှိခဲ့သည်။