တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်နှင့် သံစုံတီးဝိုင်း ပူးပေါင်းတင်ဆက်မည့် ဂီတဖျော်ဖြေပွဲအတွက် လက်မှတ်များ မကြာမီ ရောင်းချမည်

တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်နှင့် သံစုံတီးဝိုင်း ပူးပေါင်းတင်ဆက်မည့် ဂီတဖျော်ဖြေပွဲအတွက် လက်မှတ်များ မကြာမီ ရောင်းချမည်
Published 10 September 2018

တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်နှင့် သံစုံတီးဝိုင်း ပူးပေါင်းတင်ဆက်မည့် ဂီတဖျော်ဖြေပွဲအား ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ၌ အောက်တိုဘာ ၁၄ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ယင်းဖျော်ဖြေပွဲအတွက် လက်မှတ်များ မကြာမီရောင်းချလျက်ရှိကာ ထိုင်ခုံအရေအတွက် တစ်ထောင်ကျော်သာရှိသည့်အတွက် လက်မှတ် အရေအတွက်မှာလည်း အကန့်အသတ်ရှိမည်ဖြစ်ကြောင်း သိရသည်။

ယင်းဂီတဖျော်ဖြေပွဲတွင် Dream Lover တီးဝိုင်း၊ ဂီတကဗျာ သံစုံတီးဝိုင်းတို့က ပါဝင်ပံ့ပိုး တီးခတ်ပေးမည်ဖြစ်ကာ ပြီးခဲ့သောဇာတ်လမ်းအကျဉ်းဟု ဖျော်ဖြေပွဲ အမည်ပေးထားကြောင်း သိရသည်။

“တစ်ကိုယ်တော်ပွဲကို ထူးထူးခြားခြား အနေနဲ့ Orchestra ရယ်၊ Dream Lover Band ရယ် ပေါင်းပြီးတင်ဆက်ဖို့ ရှိပါတယ်။ ဒီပွဲကို အချိန်ယူစီစဉ်သွားမှာဖြစ်သလို ထူးခြားတဲ့ တင်ဆက်မှုတွေ၊ ဂီတအရသာတွေ ပေးစွမ်းနိုင်ဖို့ ကြိုးစားသွားမှာပါ။ ပွဲနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်တွေ မျှဝေသွားမှာပါ” ဟု တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်က ဆိုသည်။

တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်သည် သံစုံတီးဝိုင်းနှင့်တွဲဖက်၍ ဖျော်ဖြေပွဲပြုလုပ်မည့်အကြောင်း လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ပြန်လည်မျှဝေပေးထားသည်။ စိုင်းစိုင်းခမ်းလှိုင်သည် နှစ်စဉ်တိုင်းတွင် မွေးနေ့ဖြစ်သည့် ဧပြီ ၁၀ ရက်တွင် မွေးနေ့ ဖျော်ဖြေပွဲ ကျင်းပလေ့ရှိကာ ယခုနှစ်တွင် ရန်ကုန်မြို့ Thuwunna Bhumi Event Park ၌ အစဉ်အလာ မပျက်ကျင်းပခဲ့ပြီး ဖြစ်သည်။ ယခုနှစ်တွင် ထူးထူးခြားခြား နောက်ထပ်တစ်ကိုယ်တော် ဖျော်ဖြေပွဲတစ်ပွဲအဖြစ် Dream Lover တီးဝိုင်း၊ ဂီတကဗျာ သံစုံတီးဝိုင်းတို့နှင့် တွဲဖက်တင်ဆက်ရန် စီစဉ်ထားခြင်းဖြစ်သည်။

ယခုနှစ်ပိုင်းအတွင်း တေးသံရှင်များအနေဖြင့် တစ်ကိုယ်တော် ဖျော်ဖြေပွဲများတွင် မိမိတို့သီဆိုခဲ့သည့် တေးသီချင်းများအား သံစုံတီးဝိုင်းဖြင့် ပုံစံပြောင်းလဲတီးခတ်ကာ တင်ဆက်လာခဲ့သည်။ စိုင်းစိုင်း၏ ထူးခြားသည့် တစ်ကိုယ်တော်ပွဲအတွက် ပရိသတ် စိတ်ဝင်စားမှုလည်း မြင့်တက်လျက်ရှိသည်။

Most Read

Most Recent