ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများအား အွန်လိုင်းတွင် ဖြန့်ဝေခြင်း၊ ရုံအတွင်းပြသစဉ် ရိုက်ကူးဖြန့်ချိခြင်းများ အတွက် ဥပဒေပြင်ဆင်ထားကာ ထောင်ဒဏ်ငွေဒဏ် နှစ်မျိုးစလုံး ချမှတ်နိုင်

ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများအား အွန်လိုင်းတွင် ဖြန့်ဝေခြင်း၊ ရုံအတွင်းပြသစဉ် ရိုက်ကူးဖြန့်ချိခြင်းများ အတွက် ဥပဒေပြင်ဆင်ထားကာ ထောင်ဒဏ်ငွေဒဏ် နှစ်မျိုးစလုံး ချမှတ်နိုင်
Published 22 August 2018

ရုံတင်ပြသလျက်ရှိသော ရုပ်ရှင်ဇာတ်ကားများ၊ ထုတ်လုပ်သူ၏ ခွင့်ပြုချက်မရှိဘဲ ရုပ်ရှင်နှင့် ဗီဒီယို ဇာတ်ကားများအား အွန်လိုင်းတွင်ဖြန့်ဝေခြင်း၊ ရုံအတွင်းပြသစဉ် ရိုက်ကူးဖြန့်ချိခြင်းများအတွက် ဥပဒေပြင်ဆင် တိုးမြှင့်ထားကာ ထောင်ဒဏ်ငွေဒဏ် နှစ်မျိုးစလုံး ချမှတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကြေညာချက်နှင့် ပတ်သက်၍ ဇွန် ၂၆ ရက် ရက်စွဲဖြင့် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေကို ပြစ်မှုပြစ်ဒဏ်များ ပြင်ဆင်တိုးမြှင့်ပြီး နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်ထားကြောင်း၊ ယင်းထုတ်ပြန်ချက်အရ ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေပုဒ်မ ၃၂ (က)(ခ) အရ လုပ်ငန်းလိုင်စင်မဲ့ ဆောင်ရွက်ခြင်း၊ ဗီဒီယိုဆင်ဆာလက်မှတ် အသေးမပါရှိသည့် ဗီဒီယိုတိပ်ခွေ (သို့မဟုတ်) လေဆာဓာတ်ပြားကို ကူးယူခြင်း၊ ဖြန့်ချိခြင်း၊ ငှားရမ်းခြင်း၊ ရောင်းချခြင်း၊ ပြသခြင်းတို့ ပြုလုပ်ပါက အနည်းဆုံး ခြောက်လမှ အများဆုံး သုံးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် ကျပ် ၁၀ သိန်းထက်မပိုသည့် ငွေဒဏ်လည်း ချမှတ်နိုင်မည် ဖြစ်သည်။

ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေပုဒ်မ ၃၁(ခ)အရ ထုတ်လုပ်ဖြန့်ချိသူ၏ ခွင့်ပြုချက်မရှိဘဲ စီးပွားရေး အလို့ငှာ ကူးယူခြင်း၊ ဖြန့်ချိခြင်း၊ ငှားရမ်းခြင်း (သို့) ပြသခြင်းတို့ လုပ်ကိုင်ပါက သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ်သိန်း ၃၀ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

သို့ပါ၍ မြန်မာရုပ်ရှင်ဇာတ်ကားများ၊ ဗီဒီယိုဇာတ်ကားများကို တရားမဝင်လိုင်စင်မဲ့ ဗီစီဒီ၊ ဒီဗီဒီ၊ စတစ်ကာ၊ Harddisk စသည်ဖြင့် ကူးယူခြင်း၊ ဖြန့်ချိခြင်း၊ ငှားရမ်းခြင်း၊ ရောင်းချခြင်း (သို့မဟုတ်) ပြသခြင်းများ မပြုလုပ်ရန် ရုပ်ရှင်အစည်းအရုံးက အသိပေး နှိုးဆော်ခြင်းဖြစ်သည်။ မြန်မာရုပ်ရှင်ဇာတ်ကားများကို လည်းကောင်း၊ ထုတ်လုပ်ဖြန့်ချိသူ၏ ခွင့်ပြုချက်မရှိဘဲ မြန်မာရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများအား အွန်လိုင်းပေါ်တွင် တင်ခြင်း၊ မျှဝေခြင်း၊ ရုံအတွင်း ပြသနေစဉ် ဖုန်း၊ ကင်မရာဖြင့် ရိုက်ကူးဖြန့်ဝေခြင်းများ ပြုလုပ်ပါက တည်ဆဲဆက်သွယ်ရေး ဥပဒေအရလည်း အရေးယူ ခံရနိုင်သဖြင့် ယင်းသို့ မပြုလုပ်ကြရန် အသိပေး နှိုးဆော်ထားခြင်း ဖြစ်သည်။