အိုင်ယာလန်နိုင်ငံမှ တေးသံရှင်၊ ဂီတပညာရှင်နှင့် တေးသံရှင် ချစ်ကောင်းတို့ ပါဝင်တင်ဆက်မည့် Music For Myanmar ရန်ပုံငွေဂီတဖျော်ဖြေပွဲ ပြုလုပ်မည်

အိုင်ယာလန်နိုင်ငံမှ တေးသံရှင်၊ ဂီတပညာရှင်နှင့် တေးသံရှင် ချစ်ကောင်းတို့ ပါဝင်တင်ဆက်မည့် Music For Myanmar ရန်ပုံငွေဂီတဖျော်ဖြေပွဲ ပြုလုပ်မည်
Published 21 August 2018

အိုင်ယာလန်နိုင်ငံမှ တေးသံရှင်တစ်ဦး၊ Trumpet Player တစ်ဦးနှင့် တေးသံရှင်ချစ်ကောင်းတို့ ပါဝင်တင်ဆက်မည့် Music For Myanmar ရန်ပုံငွေဂီတဖျော်ဖြေပွဲအား ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါဂီတ ဖျော်ဖြေပွဲကို စက်တင်ဘာ ၁၄ ရက်တွင် ရန်ကုန်မြို့ Chatrium Hotel ၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ယင်းဂီတဖျော်ဖြေပွဲတွင် အိုင်ယာလန်တေးသံရှင် Shona Henneberry နှင့် Trumpet Player Niall O’ Sullivian တို့ပါဝင်တင်ဆက်မည်ဖြစ်ပြီး ဧည့်သည်တေးသံရှင်အဖြစ် တေးသံရှင် ချစ်ကောင်းက ပါဝင်ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။ Music For Myanmar ဂီတဖျော်ဖြေပွဲမှ ရရှိလာသည့် ရန်ပုံငွေများအား မေရီချက်ပ်မင်းကျောင်း၊ ချို့တဲ့သည့် ကလေးငယ်များနှင့် မိဘမဲ့ကလေးငယ်များအတွက် လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

“Chatrium Hotel  နဲ့ Link for Aid တို့ ပူးပေါင်းတင်ဆက်တဲ့ပွဲပါ။ ဒီပွဲလေးက နှစ်စဉ်ကျင်းပခဲ့တာဖြစ်ပြီး ရန်ပုံငွေအဖြစ် တင်ဆက်ခဲ့တဲ့ဂီတပွဲလည်း ဖြစ်ပါတယ်။ ဒီပွဲမှာ အိုင်ယာလန်ကတေးသံရှင်တစ်ဦးနဲ့ Trumpet Player တစ်ဦးတို့ ပါဝင်တင်ဆက်ကြပါမယ်။ မြန်မာတေးသံရှင် ချစ်ကောင်းကလည်း ပါဝင်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဂီတဖျော်ဖြေမှုအပြင် ဖက်ရှင်ရှိုးတွေအပါအဝင် စိတ်ဝင်စားဖွယ်အစီအစဉ်များစွာလည်း ပါဝင်ပါမယ်။ ဒီပွဲလေးက ဖျော်ဖြေရေးအစီအစဉ်တွေအပြင် ပရဟိတလှူဒါန်းမှုတွေလည်း ပါဝင်ပါမယ်။ ရရှိလာတဲ့ အလှူငွေတွေကို မေရီချပ်မင်း၊ ဆင်းရဲချို့တဲ့တဲ့ ကလေးတွေ၊ မိဘမဲ့ကလေးတွေအတွက် လှူဒါန်းသွားပါမယ်။ ဒီလိုလှူဒါန်းရာမှာ ကိုယ့်ရဲ့တနိုင်တပိုင် ကုသိုလ်လည်း ဒီပွဲကို လာရောက်ခြင်းဖြင့် ပါဝင်နိုင်မှာပါ။ ဒါကြောင့် လာရောက်အားပေးဖို့လည်း ဖိတ်ခေါ်ချင်ပါတယ်” ဟု အဆိုပါဖျော်ဖြေပွဲနှင့် ပတ်သက်၍ တာဝန်ရှိသူတစ်ဦးက ဆိုသည်။