Forbes ၏ ဝင်ငွေအများဆုံးရ အမျိုးသမီးသရုပ်ဆောင်များစာရင်းတွင် စကားလက်ဂျိုဟန်ဆန် ဦးဆောင်

Forbes ၏ ဝင်ငွေအများဆုံးရ အမျိုးသမီးသရုပ်ဆောင်များစာရင်းတွင် စကားလက်ဂျိုဟန်ဆန် ဦးဆောင်
Published 18 August 2018

(Photo - AFP)

ဟောလိဝုဒ်သရုပ်ဆောင် စကားလက် ဂျိုဟန်ဆန်သည် ၂၀၁၈ ခုနှစ်ဝင်ငွေ အများဆုံးရ အမျိုးသမီးသရုပ်ဆောင်များစာရင်း၏ နံပါတ် (၁) နေရာတွင် ဦးဆောင်ခဲ့သည်ဟု  Forbes မဂ္ဂဇင်းက သြဂုတ် ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အသက် ၃၃ နှစ်အရွယ်ရှိ ဂျိုဟန်ဆန်သည် ၂၀၁၇ ခုနှစ် ဇွန် ၁ ရက်မှ ၂၀၁၈ ခုနှစ် ဇွန် ၁ ရက်အတွင်း ဝင်ငွေ ဒေါ်လာ ၄၀ ဒသမ ၅ သန်းရရှိခဲ့ပြီး ၎င်း၏ ဝင်ငွေသည် ယခင်နှစ်ကထက် လေးဆမြင့်တက်လာခဲ့သည်ဟု Forbes ၏ တွက်ချက်မှုအရ သိရသည်။

စူပါဟီးရိုးဇာတ်ကောင် Black Widow ကြောင့် ဂျိုဟန်ဆန်၏ ဝင်ငွေ မြင့်တက်လာခြင်းဖြစ်သည်ဟု Forbes က ဆိုသည်။ ဂျိုဟန်ဆန်သည် Avengers း Infinity  ၏ နောက်ဆက်တွဲ ဇာတ်ကားတွင်လည်း Black Widow အဖြစ် ပြန်လည်ပါဝင်မည် ဖြစ်သည်။

Forbes ၏ ဝင်ငွေအများဆုံးရ အမျိုးသမီး သရုပ်ဆောင်များစာရင်းတွင် အသက် ၄၃ နှစ်အရွယ်ရှိ အင်ဂျလီနာဂျိုလီက ဒေါ်လာ ၂၈ သန်းဖြင့် ဒုတိယနေရာတွင် ဖော်ပြခံခဲ့ရသည်။ ၂၀၂၀ ပြည့်နှစ်တွင် ဖြန့်ချိမည့် Maleficent 2  ဇာတ်ကားအတွက် သရုပ်ဆောင်ကြေးရရှိမှုကြောင့် ဂျိုလီ၏ဝင်ငွေ မြင့်တက်လာခြင်းဖြစ်သည်ဟု Forbes က ဖော်ပြခဲ့သည်။

ဂျနီဖာအနစ္စတန်က ဒေါ်လာ ၁၉ ဒသမ ၅ သန်းဖြင့် အဆိုပါစာရင်း၏ တတိယနေရာတွင် ဖော်ပြခံခဲ့ရသည်။ အသက် ၄၉ နှစ်အရွယ်ရှိ အနစ္စတန်သည် ၁၉၉၀ ပြည့်လွန်နှစ်များက ဖြန့်ချိခဲ့သည့် Friends ဇာတ်လမ်းတွဲမှ ဝင်ငွေကို ဆက်လက်ရရှိနေဆဲ ဖြစ်သည်။ အနစ္စတန်သည် Coca –Cola ကုမ္ပဏီ၏ Smartwater နှင့်  Johnson & Johnson ၏ Aveeno အမှတ်တံဆိပ်တို့အတွက် ကြော်ငြာရိုက်ကူးမှုများမှလည်း ဝင်ငွေရရှိခဲ့သည်။

အသက် ၂၈ နှစ်အရွယ်ရှိ ဂျနီဖာလောရင့်သည် ဝင်ငွေဒေါ်လာ ၁၈ သန်းဖြင့် အဆိုပါစာရင်း၏ စတုတ္ထနေရာတွင် ဖော်ပြခံခဲ့ရသည်။ လောရင့်သည် X – Men ဇာတ်ကား နှင့် Christian Dior ဖက်ရှင်အမှတ်တံဆိပ်နှင့် ကြော်ငြာစာချုပ်ချုပ်ဆိုမှုမှ ဝင်ငွေရရှိခဲ့သော်လည်း ၎င်း၏ဝင်ငွေသည် ယမန်နှစ်ကထက် ဒေါ်လာခြောက်သန်း လျော့ကျသွားသည်ဟု Forbes  က ထုတ်ပြန်ခဲ့သည်။

ဝင်ငွေအများဆုံးရ ထိပ်တန်းအမျိုးသမီးသရုပ်ဆောင် ၁၀ ဦးတွင် ရီးစ်ဝှစ်သာ စပွန်း၊ မီလာကူးနစ်၊ ကိတ်ဘလန်ချက်၊ မီလစ်ဆာမက္ကာသီနှင့် ဂဲလ်ဂါဒေါ့တို့လည်း ပါဝင်သည်ဟု Forbes  က ဆိုသည်။