I am Paul Walker မှတ်တမ်းရုပ်ရှင်တွင် ပေါလ်ဝေါ်ကာ၏ ဘဝအကြောင်းထက် တသသ လွမ်းဆွတ်စေမည့်အကြောင်းများ ပါဝင်

I am Paul Walker မှတ်တမ်းရုပ်ရှင်တွင် ပေါလ်ဝေါ်ကာ၏ ဘဝအကြောင်းထက် တသသ လွမ်းဆွတ်စေမည့်အကြောင်းများ ပါဝင်
Published 12 August 2018

အောက်တိုဘာ ၁၁ ရက်တွင် ပွဲဦးထွက်ပြသမည့် I Am Paul Walker  မှတ်တမ်းရုပ်ရှင်တွင် ပေါလ်ဝေါ်ကာ၏ ဘဝအကြောင်းထက် အတိတ်ကို တသသလွမ်းဆွတ်စေမည့် အကြောင်းအရာများ ပါဝင်မည်ဟု Paramount Network က ထုတ်ပြန်ခဲ့သည်။

ပေါလ်ဝေါ်ကာ၏ အသက် ၁၅ နှစ်ပြည့် မွေးနေ့ကျင်းပသည့် စိတ်လှုပ်ရှားဖွယ် ဗီဒီယိုဖြင့် စတင်ထားသည့် ယင်းမှတ်တမ်းရုပ်ရှင်တွင် လော့စ်အိန်ဂျလိစ်ဆင်ခြေဖုံး၌ ကြီးပြင်းလာသည့် ဝေါ်ကာ၏ ငယ်ဘဝ၊ ကလေးသရုပ်ဆောင်တစ်ဦးမှသည် အက်ရှင်သရုပ်ဆောင်တစ်ဦး ဖြစ်လာသည့်အကြောင်းများ ပါဝင်မည်ဖြစ်သည်။

ဝေါ်ကာသည် စိတ်လှုပ်ရှားပြီး စွန့်စားရသည်များကို စိတ်ဝင်စားသူတစ်ဦးဟု ၎င်း၏ သူငယ်ချင်းများက ပြောကြားခဲ့သည်။ ယင်းဝါသနာကြောင့် ဝေါ်ကာသည် ကားပြိုင်ခြင်းကို စွဲမက်ခဲ့ခြင်းဖြစ်သည်။ ဒါရိုက်တာ Adrian Buitenhuis ရိုက်ကူးသည့် ယင်းမှတ်တမ်းရုပ်ရှင်တွင် ဝေါ်ကာ၏ မိဘနှစ်ဦးနှင့် မိသားစုဝင်များ၊ Fast and Furious ဇာတ်ကားတွင် တွဲဖက်သရုပ်ဆောင်ခဲ့သည့် Tyrese Gibson အပါအဝင် ၎င်း၏ မိတ်ဆွေများနှင့် တွေ့ဆုံမေးမြန်းထားမှုများ ပါဝင်မည်ဖြစ်သည်။

Fast and Furious ဇာတ်ကားများဖြင့် အောင်မြင်မှုရရှိခဲ့သည့် အသက် ၄၀ အရွယ်ရှိ ဝေါ်ကာသည် ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် ၎င်း၏ ပရဟိတအဖွဲ့ Reach Out Worldwide Haiyan ၏ ရန်ပုံငွေပွဲတစ်ခုသို့ သွားရောက်စဉ် ကယ်လီဖိုးနီးယား၌ ယာဉ်မတော်တဆဖြစ်ပြီး သေဆုံးခဲ့သည်။ ယာဉ်တိုက်မှုဖြစ်ပွားသည့် 2005 Porsche Carrera GT ကားကို ဝေါ်ကာ၏မိတ်ဆွေ Roger Roads က တစ်နာရီလျှင် ၇၂ ကီလိုမီတာနှုန်းဖြင့် မောင်းနှင်ခဲ့သည်ဟု  လော့စ်အိန်ဂျလိစ်ကောင်တီအရာရှိရုံးက ထုတ်ပြန်ခဲ့သည်။

Furious 7 ဇာတ်ကားရိုက်ကူးရေးမပြီးမီ ဝေါ်ကာသေဆုံးခဲ့မှုကြောင့် ကျန်ရှိသည့် ဇာတ်ဝင်ခန်းများကို ဝေါ်ကာ၏ညီနှစ်ဦးဖြင့် အစားထိုးရိုက်ကူးခဲ့ရသည်။ ၂၀၁၅ ခုနှစ် ဧပြီက ဖြန့်ချိခဲ့သည့် Furious 7 ဇာတ်ကားသည် ကမ္ဘာတစ်ဝန်း လက်မှတ်ရောင်းချမှုဝင်ငွေ ဒေါ်လာ ၁ ဒသမ ၅ ဘီလျံရရှိခဲ့ပြီး တစ်သက်တာဝင်ငွေ အကောင်းဆုံးဇာတ်ကားစာရင်းတွင် နံပါတ်ခြောက်နေရာ၌ ဖော်ပြခံခဲ့ရသည်။

ဝေါ်ကာ အဓိကဇာတ်ကောင်အဖြစ် ပါဝင်ထားသည့် Hours နှင့် Brick Mansions ဇာတ်ကားတို့သည်လည်း ၎င်း သေဆုံးပြီးမှသာ ဖြန့်ချိနိုင်ခဲ့သည်။

Most Read

Most Recent